Tuesday, February 28, 2017

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းသို့ ဖြတ်သန်းစီးဆင်းလျက်ရှိသော မြစ်ကြီးများ၏ ကမ်းပြိုကာကွယ်ရေး လုပ်ငန်းများ (၅ဝ) ရာခိုင်နှုန်းပြီးစီး

မုံရွာ ဖေဖော်ဝါရီ ၂၈
ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်၊ မူးမြစ်နှင့် မြစ်သာမြစ်တို့ ဖြတ်သန်းစီးဆင်းရာ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် မိုးရာသီ မြစ်ရေကြီးမြင့်ချိန်များ၌ မြစ်ကြောင်းတစ်လျောက်ရှိ ကျေးရွာပိုင် မြေများ၊ စိုက်ပျိုးမြေများကို မြစ်ရေတိုက်စားပြီး ပျက်စီး ဆုံးရှုံးမှုများ နှစ်စဉ်ဖြစ်ပေါ်လျက်ရှိသဖြင့် ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ရန်ပုံငွေဖြင့် နေရာ (၂၉) ခုတွင် ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများ လုပ်ဆောင် ပေးလျက်ရှိကြောင်း တိုင်းဒေသကြီးရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှသိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်အတွင်း (၂) နေရာ၊ မြင်းမူမြို့နယ်အတွင်း (၁) နေရာ၊ မြောင်မြို့နယ်အတွင်း(၁)နေရာ၊ ဝက်လက်မြို့နယ်အတွင်း(၁)နေရာ၊ ရေဦးမြို့နယ်အတွင်း(၁)နေရာ၊ ထီးချိုင့် မြို့နယ်အတွင်း(၁)နေရာ၊ ဝန်းသိုမြို့နယ်အတွင်း (၁) နေရာ၊ ကသာမြို့နယ်အတွင်း(၁)နေရာ၊ မုံရွာမြို့နယ် အတွင်း(၁)နေရာ၊ ကနီမြို့နယ်အတွင်း(၄)နေရာ၊ မင်းကင်းမြို့နယ် အတွင်း(၁)နေရာ၊ ကလေးဝမြို့နယ်အတွင်း (၃)နေရာ၊ ကလေးမြို့နယ်အတွင်း(၃)နေရာ၊ ဖောင်းပြင်မြို့နယ်အတွင်း(၃)နေရာ၊ မော်လိုက်မြို့နယ်အတွင်း (၂)နေရာ၊ ဟုမ္မလင်းမြို့နယ်အတွင်း(၃)နေရာ စုစုပေါင်း (၂၉) နေရာကို ကမ်းပြိုကာကွယ်ရေး လုပ်ငန်းများ လုပ်ဆောင်ပေးခြင်းဖြစ်ကြောင်း သိရသည်။
'' ကမ်းပြိုကာကွယ်ရေးလုပ်ငန်းတွေကို ဇန်နဝါရီလ ပထမပတ်ထဲက စပြီးလုပ်ဆောင်တာပါ၊ နေရာ (၄)ခုကတော့ (၁ဝဝ) ရာခိုင်နှုန်းပြီးစီးပါပြီ၊ ကျန်တဲ့နေရာ(၂၅)ခုကတော့ လုပ်ငန်းတွေဆက်ပြီးလုပ်နေ ပါတယ်၊ ပြီးစီးမှု အနေနဲ့ကတော့ လုပ်ငန်း အားလုံး (၅ဝ)ရာခိုင်နှုန်းပြီးစီးပါပြီ၊ သတ်မှတ်ကာလအတွင်းမှာ လုပ်ငန်းအားလုံးပြီးစီးဖို့ အတွက်လည်း ကျွန်တော်တို့အနေနဲ့ လိုက်လံ ကြီးကြပ်လုပ်ဆောင်နေပါတယ်'' ဟု တိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးကပြောသည်။
အဆိုပါကမ်းပြိုကာကွယ်ရေး လုပ်ငန်း(၂၉)ခုကို ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရန်ပုံငွေ ကျပ် (၂ဝ၅၂.၇ဝ) သန်းဖြင့် ဇန်နဝါရီလပထမပတ်မှ စတင်လုပ်ဆောင်ခဲ့ရာ ယခုအခါတွင် ကလေးဝမြို့နယ် မထုကြီးကျေးရွာနှင့် ကျွဲကူးကျေးရွာတို့ရှိ ကမ်းပြိုကာကွယ်ရေးလုပ်ငန်း၊ မုံရွာမြို့ကမ်းနားလမ်း ရေထိန်းနံရံများတွင် ထပ်ပိုးမြေဖို့လုပ်ငန်းနှင့် ဝက်လက်မြို့နယ် စွယ်ကွေ့ကျေးရွာကမ်းပြိုကာကွယ်ရေး လုပ်ငန်းများ (၁ဝဝ)ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်းနှင့် လုပ်ငန်း အားလုံး (၅ဝ) ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း တိုင်းဒေသကြီးရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

မင်းဝေ(မုံရွာ)

No comments:

Post a Comment