Sunday, January 8, 2017

ရခိုင်ပြည်နယ် စုံစမ်းစစ်ဆေးရေး ကော်မရှင် ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့် အဖွဲ့ဝင်များ မောင်တောဒေသသို့ ဒုတိယအကြိမ် မြေပြင်ကွင်းဆင်း စစ်ဆေးမှုများ ဆက်လက် ဆောင်ရွက်



မောင်တော ဇန်န၀ါရီ ၇
မောင်တောဒေသသို့ ဒုတိယအကြိမ် မြေပြင် ကွင်းဆင်း စစ်ဆေးမှုများ ဆောင်ရွက်ရန် ရောက်ရှိနေသည့် ရခိုင်ပြည်နယ် စုံစမ်း စစ်ဆေးရေး ကော်မရှင် ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေ ဦးဆောင်သော စုံစမ်း စစ်ဆေးရေး ကော်မရှင် အဖွဲ့ဝင်များသည် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မောင်မောင်စိုးနှင့် တာဝန် ရှိသူများ လိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် နိုရူလာ ကျေးရွာနှင့် အလယ်သံကျော် ကျေးရွာများသို့ မြေပြင် ကွင်းဆင်း စစ်ဆေးမှုများ ဆက်လက် ဆောင်ရွက်ကြသည်။



ရှေးဦးစွာ ကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် နိုရူလာကျေးရွာ ရဲကင်းစခန်းသို့ ရောက် ရှိကြပြီး ၂၀၁၆ ခုနှစ် နိုဝင်ဘာ ၃ ရက်က အကြမ်းဖက်တိုက်ခိုက်သူ ၆ ဦးမှ ဆိုင်ကယ် ၃ စီးဖြင့် ရောက်ရှိပြီး ကင်းစခန်း ဝင်ပေါက်အား လက်နက်ငယ်ဖြင့် စတင်ပစ်ခတ် တိုက်ခိုက်မှုကြောင့် လုံခြုံရေး တပ်ဖွဲ့ဝင် တစ်ဦးကျဆုံး၍ တပ်ဖွဲ့ဝင် တစ်ဦး ဒဏ်ရာရရှိမှု၊ အကြမ်းဖက် တိုက်ခိုက်သူထံမှ ပစ္စတိုသေနတ် (၁)လက်၊ ဆိုင်ကယ် (၃)စီး သိမ်းဆည်းရရှိမှု ဖြစ်စဉ် ဖြစ်ပွားသည့် နေရာများကို လှည့်လည် ကြည့်ရှု စစ်ဆေးပြီး အခင်း ဖြစ်ပွားချိန်တွင် မျက်မြင် ကြုံတွေ့ရသူများအား တွေ့ဆုံ မေးမြန်းသည်။
ဆက်လက်၍ ကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် နိုရူလာ အခြေခံပညာ မူလတန်းလွန် ကျောင်း၌ ကျေးရွာ ရပ်မိရပ်ဖများနှင့် တွေ့ဆုံမေးမြန်းရာ ဒေသခံများက ကျေးရွာ၌ နိုင်ငံတော်နှင့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့တို့မှ ထောက်ပံ့သော အစားအစာများ လုံလောက်စွာ ရရှိပါကြောင်း၊ အကြမ်းဖက် သမားများက မိမိတို့ ရွာအနီးသို့ လာရောက်၍ အကြမ်းဖက် တိုက်ခိုက်ခြင်းများ ဆောင်ရွက်ခြင်းကြောင့် မိမိတို့ကိုယ်တိုင် ထွက်ပြေး တိမ်းရှောင်ခဲ့ရကြောင်း၊ နောင်တွင် မိမိတို့ ကျေးရွာ ပတ်ဝန်းကျင် လုံခြုံရေးအတွက် သတိထားပြီး လိုအပ်သည်များကို  ပူးပေါင်း ဆောင်ရွက် သွားမည် ဖြစ်ပါကြောင်း၊ လုံခြုံရေး တပ်ဖွဲ့ဝင်များက ဒေသခံ အမျိုးသမီးများအား ကာယအိနြေ္ဒ ပျက်ပြားစေခြင်း၊ အခြားမတရားပြုခြင်းများ လုံးဝ မရှိပါကြောင်း၊ နိုင်ငံတော်မှ စီစဉ်ပေးမည့် NVC ကတ်ကို လက်ခံ ရယူလိုပါကြောင်း၊ အခက်အခဲမှာ အပြင်သို့ သွားလာခွင့်ကို ခွင့်ပြုစေလို ပါကြောင်း တင်ပြကြသည်။
ဒေသခံများ၏ တင်ပြချက်များနှင့် စပ်လျဉ်း၍ ကော်မရှင် ဥက္ကဋ္ဌက စာသင်ကျောင်းများကို ဖွင့်လှစ်ထားပြီး ဆရာ ဆရာမများလည်း သင်ကြားပေးရန် အသင့်ရှိနေသဖြင့် ကလေးငယ်များကို ကျောင်းသို့စေလွှတ်ရန်၊ NVC ကတ်များ ဆောလျင်စွာ ထုတ်ပေးနိုင်ရေး ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း၊  မည်သည့်အဖွဲ့ အစည်း၊ မည်သည့် မီဒီယာများနှင့် ဖြစ်စေ တွေ့ဆုံ မေးမြန်းပါက ဖြစ်စဉ် ဖြစ်ရပ်များကို အမှန်တိုင်း ဖြေကြားပေးရန် လိုကြောင်း၊ စိုးရိမ်စိတ်ဖြင့် လိမ်ညာပြောရန် မလိုကြောင်း၊ သွားရေး လာရေး အတွက် အခက်အခဲများရှိပါက အုပ်ချုပ်ရေး တာဝန်ခံများနှင့် တွေ့ဆုံ၍ တင်ပြနိုင်ကြောင်း၊ ဈေးရောင်း ဈေးဝယ်ကိစ္စ၊ သာသနာရေး ကိစ္စတို့အတွက် သီးခြား အသွားအလာ ကန့်သတ်မှု မရှိကြောင်းကို တာဝန်ရှိသူ အသီးသီးကလည်း ရှင်းလင်းပြီး ဖြစ်ကြောင်းဖြင့် ရှင်းလင်း မှာကြားသည်။
အလားတူ ကော်မရှင်အဖွဲ့ဝင် ဒေါက်တာ ဒေါ်သက်သက်ဇင်နှင့် ဒေါ်ကျိန်ငိုက်မန်တို့သည် အဆိုပါ ကျောင်းဝင်း အတွင်း၌ ကျေးရွာသူများနှင့် သီးခြားစီတွေ့ဆုံ၍ ကျေးရွာအတွင်းရှိ အမျိုးသမီးများအား မေးမြန်းရာ ၎င်းတို့ ကျေးရွာ၌ မည်သည့် ရဲတပ်ဖွဲ့ဝင်ကမှ ထိကပါး၊ ရိကပါး လုပ်ခြင်း မရှိပါကြောင်း ကျေးရွာသူများက ရင်းနှီးစွာ ဖြေကြားကြသည်။
ယင်းနောက် ကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် အလယ်သံကျော် ကျေးရွာ အခြေခံ ပညာ အထက်တန်းကျောင်းသို့ ရောက်ရှိကြပြီး ရပ်မိရပ်ဖများ နှင့်တွေ့ဆုံ၍  စားဝတ်နေရေး၊ ပညာ သင်ကြားရေးနှင့် ကျန်းမာရေး ဆိုင်ရာ အခက်အခဲများ ရှိပါက တင်ပြကြရန် ပြောကြားရာ အလယ်သံကျော် ကျေးရွာသားများက မိမိတို့ ကျေးရွာအတွင်း အကြမ်းဖက် တိုက်ခိုက်ခံရမှုများ လုံးဝမရှိပါကြောင်း၊ ပင်လယ်ပြင် ငါးဖမ်းလုပ်ငန်းများ ပြန်လည် လုပ်ကိုင် နိုင်ရေး အတွက် စီစဉ် ဆောင်ရွက် ပေးစေလိုပါကြောင်း၊ NVC ကတ်၏ ရရှိရေးနှင့် အကျိုး သက်ရောက်မှုကို တိတိကျကျ မသိရှိပါကြောင်း စသည်ဖြင့် တင်ပြရာ တာဝန်ရှိသူများက ရွာသားများ နားလည်အောင် NVC  ကိစ္စ၊ ငါးဖမ်းလှေ ထွက်ခွာရေး ကိစ္စတို့ကို အသေးစိတ် ရှင်းလင်း ပြောကြားကြသည်။
ကော်မရှင် ဥက္ကဋ္ဌကလည်း ရွာသားများ အနေဖြင့်လည်း ယခုလို ရှင်းလင်းပြမှုများကြောင့် မိမိတို့ လုပ်သင့် လုပ်ထိုက်သည်များကို မှန်ကန်စွာ မြင်ကြပြီး ထပ်ဆင့်၍ အခြား ရွာသားများ ကိုလည်း ရှင်းလင်း ပြောကြားရန် လိုကြောင်း၊ အခက်အခဲရှိပါက မိမိတို့အပိုင်းက ရှင်းလင်းပေးမှာ ဖြစ်ကြောင်း ထပ်မံမှာကြားသည်။
ရွာသူ ရွာသားများ အနေဖြင့် NVC ကတ် ရရှိရေး လုပ်ငန်းစဉ်များနှင့် အကျိုး သက်ရောက်မှု များကို စိတ်ဝင်စားစွာ မေးမြန်းကြကြောင်း တွေ့ရှိရသဖြင့် ထပ်ဆင့် ရှင်းလင်းမှုများ ပြုလုပ်ရန် စီစဉ်လျက် ရှိကြောင်း သိရသည်။ 
ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုက  ဒေသခံများ အနေဖြင့် ဖြစ်စဉ်များနှင့် မိမိတို့ လိုချင်သည်များကို ရှင်းရှင်းလင်းလင်း မှန်မှန်ကန်ကန် ပြောဆိုကြရန် လိုအပ်ကြောင်း၊ ထိုသို့ တင်ပြ ဆောင်ရွက်မှသာ ဒေသ တည်ငြိမ်မှုရရှိပြီး လိုအပ်ချက်များကို ဆောင်ရွက် ပေးနိုင်မည် ဖြစ်ကြောင်း၊ ငါးဖမ်းလုပ်ငန်းများ စနစ်တကျ ရှိစေရေးနှင့် ရေလုပ်သားများ လုံခြုံစိတ်ချစွာ လုပ်ငန်းများ ဆောင်ရွက်နိုင်ရေး အတွက် ငါးဖမ်းလှေများကို တရားဝင် မှတ်ပုံတင်များ ထုတ်ပေးနေပါကြောင်း  ပြောကြားသည်။
ထို့အတူ ကော်မရှင်အဖွဲ့ဝင် ဒေါက်တာ ဒေါ်သက်သက်ဇင်နှင့် ဒေါ်ကျိန်ငိုက်မန်တို့သည် ကျောင်းဝင်း အတွင်း၌ ကျေးရွာသူများနှင့် သီးခြားစီတွေ့ဆုံ၍  အကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ်ပွားနေစဉ် အတွင်း ကျေးရွာရှိ အမျိုးသမီးများနှင့် ကလေးငယ်များအား အကြမ်းဖက် တိုက်ခိုက်ခံရမှု ရှိ၊ မရှိ မေးမြန်းရာ ၎င်းတို့က လုံးဝ မရှိပါကြောင်း ဖြေကြားကြပြီး မိမိတို့သည် မိခင်များ ဖြစ်၍ မိသားစုဘဝ အေးချမ်း လုံခြုံရေးကိုသာ လိုလားပါကြောင်း ဖြေကြားကြသည်။
ဆက်လက်၍ ကော်မရှင် ဥက္ကဋ္ဌသည် အလယ်သံကျော် ကျေးရွာအနီးရှိ အမှတ်(၄) နယ်ခြားစောင့် ရဲတပ်ဖွဲ့စခန်း စုဝေးခန်းမ၌ တပ်ဖွဲ့ဝင်များနှင့် ၎င်းတို့၏ မိသားစုဝင်များအား တွေ့ဆုံ၍ အားပေးစကား ပြောကြားပြီး တပ်ဖွဲ့ဝင် မိသားစုများ အတွက် မီးဖိုချောင်သုံး စားသောက် ကုန်များကို ထောက်ပံ့ ပေးအပ်သည်။ ထို့အတူ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ် ဇော်ဝင်းကလည်း စားသုံးဆီများ ကို ပံ့ပိုးပေးခဲ့ကြောင်း သိရသည်။ (သတင်းစဉ်)

No comments:

Post a Comment