Thursday, January 5, 2017

မြောက်ဦးမြို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက်ပြည်နယ်အစိုးရ ၀န်ကြီးများနှင့် ဒေသခံများတွေ့ဆုံပွဲ ကျင်းပ

မြောက်ဦး ဇန်န၀ါရီ ၅
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အတွက် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံးမှ ပြည်နယ်ဝန်ကြီးများနှင့် မြောက်ဦးဒေသခံများ တွေ့ဆုံပွဲကို ၂၀၁၇ ခုနှစ် ၊ ဇန်န၀ါရီ ၄ ရက်နေ့ နေ့လည် ၂ နာရီအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေး ခန်းမ၌ ကျင်းပပြု လုပ်ခဲ့သည်။


အဆိုပါ အခမ်းအနားသို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးမှ ပြည်နယ်ဝန်ကြီးများဖြစ်သော ပြည်နယ် ဘဏ္ဍာရေး၊ အခွန် ၊ စီမံကိန်းဘဏ္ဍာရေးနှင့် စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်း၊ ပြည်နယ်လျှပ်စစ် ၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံ ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၊ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ခရိုင် / မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ နိုင်ငံရေးပါတီ အသီးသီးမှ ဖိတ်ကြားထားသည့် ပုဂ္ဂိုလ်များ ၊ NGO အဖွဲ့ဝင်များနှင့် ဒေသခံမြို့မိ/မြို့ဖက်များ စုစုပေါင်း ၂၀၀ ဦးခန့် တက်ရောက်ကြသည်။
ထို့နောက် ပြည်နယ် ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းဘဏ္ဍာရေးနှင့် စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်း နှင့် ပြည်နယ်လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးတို့က ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သော လေယာဉ်ကွင်း တည်ဆောက်ရေးလုပ်ငန်း၊ အားကစားရုံ တည်ဆောက်ရေးလုပ်ငန်း ၊ မြို့သစ် တည်ဆောက်ရေး လုပ်ငန်းများနှင့် စပ်လျဉ်း၍ ရှေးဟောင်းမြို့တော်ဖြစ်သည့်အတွက် မြို့တော်အင်္ဂါရပ်နှင့် အညီ မြို့သစ်တည်ဆောက်ရေး၊ ဟိုတယ်ဇုန် သတ်မှတ်တည်ဆောက်ရေး၊ အသေးစား စက်မှုဇုန်များ စသောဒေသဖွံ့ဖြိုးရေး လုပ်ငန်းများနှင့် ပတ်သက်သည့် အကြောင်းအရာများကို ရှင်းလင်းဆွေးနွေးရာ တက်ရောက်လာကြသော အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ ပြည်နယ်လွှတ် တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီ အသီးသီးမှ ပုဂ္ဂိုလ်များ၊ အခြားလူမှုရေး အသင်းအဖွဲ့အစည်းများနှင့် ဒေသခံပြည်သူများက သိရှိလိုသည်များကို မေးမြန်းခဲ့ကြပြီး တာဝန်ရှိသူများက လုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်မှု ကိစ္စရပ်များနှင့်ပတ်သက်၍ အကျယ်တစ်ဝင့် ပြန်လည် ရှင်းလင်းဖြေကြားခဲ့ကြောင်း သတင်းရရှိသည်။

မြောက်ဦးခရိုင် (ပြန်/ဆက်)

No comments:

Post a Comment