Sunday, January 22, 2017

မုံရွာတက္ကသိုလ် ခြေလျင်တောင်တက်အသင်းမှ ကျောင်းသား/ကျောင်းသူ (၆ဝဝ)ကျော် စစ်ကိုင်းတောင်သို့ တက်ရောက်လေ့လာ

မုံရွာ၊ ဇန်နဝါရီ (၂၂)
မုံရွာတက္ကသိုလ် ခြေလျင်တောင်တက်အသင်းသည် ၂ဝ၁၆-၂ဝ၁၇ ပညာသင်နှစ်၊ ပထမနှစ်ဝက် ပညာသင် ကာလဖြစ်သည့် ဇန်နဝါရီလ(၂၁)ရက်နေ့ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ စစ်ကိုင်းတောင်သို့    ခရီးလတ် တက်ရောက်လေ့လာခဲ့ကြောင်း မုံရွာတက္ကသိုလ် ခြေလျင်တောင်တက်အသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။



''မုံရွာတက္ကသိုလ် ဘာသာရပ်ပေါင်းစုံက ဆရာ/ဆရာမတွေကလည်း စိတ်ဝင်တစား စည်းရုံးပေးတဲ့အတွက် ကျောင်းသား/ကျောင်းသူတွေ ခြေလျင်တောင်တက်ခြင်းကို စာသင်နှစ်တစ်ခုထက် တစ်ခုပိုပြီး စိတ်ဝင်စားလာတာ ကို တွေ့ရတယ်၊ ဒီနှစ်မှာခြေလျင်တောင်တက် အသင်းဝင် ကျောင်းသား/ကျောင်းသူများသာမက ဘာသာရပ် ပေါင်းစုံက ကျောင်းသား/ကျောင်းသူတွေ ပါဝင်တက်ရောက်တာကိုတွေ့ရတယ်၊ ကျောင်းသား/ကျောင်းသူတွေ အနေနဲ့လည်း ခြေလျင် တောင်တက်ခြင်းကြောင့် ကျန်းမာရေးကျောင်းမွန်ပြီး ကျောင်းသား/ကျောင်းသူအချင်းချင်း ပူးပေါင်းဆောင်ရွက်တတ်တဲ့ အတွေ့အကြုံကောင်းတွေ ရရှိစေတယ်၊ နောက်ပြီး ဘာသာရပ်အလိုက် စာတွေ့ သင်ကြားပေးမှုကို လက်တွေနဲ့ ပေါင်းစပ်ပြီးလေ့လာခွင့်လည်း ရရှိစေတဲ့အတွက် အများကြီးအကျိုးရှိစေပါတယ်''ဟု မုံရွာတက္ကသိုလ် ခြေလျင်တောင်တက်အသင်း ဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်နီ (ဘူမိဗေဒဌာန၊ ပါမောက္ခဌာနမှူး)က ပြောသည်။
မုံရွာတက္ကသိုလ် ခြေလျင်တောင်တက်အသင်းဝင်များနှင့် ဘာသာရပ်ပေါင်းစုံမှ ကျောင်းသား/သူများသည် မုံရွာတက္ကသိုလ်စုရပ်မှ ဇန်နဝါရီလ(၂၁)ရက်နေ့ နံနက်(၆)နာရီတွင် မှန်လုံယာဉ်(၁၈)စီးဖြင့် စတင်ထွက်ခွာခဲ့ပြီး စစ်ကိုင်းတောင်သို့ တက်ရောက်လေ့လာခဲ့ပြီး ညနေပိုင်းတွင် မုံရွာတက္ကသိုလ်သို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရသည်။
''ခြေလျင်တောင်တက်တဲ့ အရသာကို ခံစားခွင့်ရပါတယ်၊ နောက်ပြီး ဘာသာရပ်နဲ့ သက်ဆိုင်တဲ့ဟာတွေကိုလည်း လေ့လာခွင့်ရတယ်၊ သဘာဝ တောတောင်တွေရဲ့ ရှုခင်းတွေ၊ ခရီးစဉ်လမ်းတစ်လျောက်မှာ ရှိတဲ့ ဒေသတွေရဲ့ လူနေမှုစရိုက်တွေ၊ စီးပွားရေးလုပ်ငန်းတွေ၊ စိုက်ပျိုးရေးလုပ်ငန်းတွေကိုလည်း တွေ့မြင်ခွင့်ရတယ်၊ မိတ်ဆွေ သူငယ်ချင်းတွေလည်း အများကြီးရတဲ့အတွက် ဒီခရီးစဉ်က ကျွန်တော့အတွက် အများကြီးအတွေ့ အကြုံကောင်း တွေ ရခဲ့ပါတယ်'' ဟု အဆိုပါ တောင်တက်ခရီးစဉ်သို့ လိုက်ပါခဲ့သူ ဘူမိဗေဒဘာသာရပ် အထူးပြု ကျောင်းသား တစ်ဦးက ပြောသည်။
အဆိုပါ ခရီးလတ် တောင်တက်ခရီးစဉ်ကို မုံရွာတက္ကသိုလ် ခြေလျင်တောင်တက်အသင်းဝင်များနှင့် ဘာသာရပ်ပေါင်းစုံမှ ကျောင်းသား/ကျောင်းသူ (၆၉ဝ)ဦးနှင့် အတူ အုပ်ချုပ်သူအဖြစ် မုံရွာတက္ကသိုလ် ခြေလျင် တောင်တက် အသင်းဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်နီ (ဘူမိဗေဒဌာန၊ ပါမောက္ခ ဌာနမှူး)နှင့် ဘာသာရပ်ပေါင်းစုံမှ ဆရာ/ဆရာမ (၃၅)ဦး တို့ ပါဝင်ခဲ့ကြောင်း၊ ဖေဖော်ဝါရီလ (၁၁)ရက်နေ့နှင့် (၁၂)ရက်နေ့တို့တွင် ခရီးရှည် တောင်တက်ခရီးစဉ်အဖြစ် ပုပ္ပါးတောင်သို့ တက်ရောက်ရန် စီစဉ်လျက်ရှိကြောင်း သတင်းရရှိသည်။

မင်းဝေ(မုံရွာ-ပြန်/ဆက်)

No comments:

Post a Comment