လဟယ် ဇန်န၀ါရီ ၁၄
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့်ဇနီး ဒေါ်စုစုလွင်တို့သည် အဖွဲ့ဝင်များနှင့်အတူ ယနေ့
တွင် စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့နှင့် လဟယ်မြို့ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများကို
ကြည့်ရှုစစ်ဆေးသည်။
နိုင်ငံတော်သမ္မတနှင့်
ဇနီးတို့သည် အဖွဲ့ဝင်များဖြစ်ကြသော ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊
ဒေါက်တာ မျိုးသိမ်းကြီး၊ ဒေါက်တာမြင့်ထွေး၊ ဦးဝင်းခိုင်၊ ဒေါက်တာဝင်းမြတ်အေး၊ တပ်မတော်ကာကွယ်ရေး
ဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်တို့နှင့်အတူ ယနေ့နံနက်ပိုင်းတွင်
နေပြည်တော်မှ ခန္တီးမြို့သို့ လေကြောင်းခရီးဖြင့် ရောက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး
ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်သက်ပုံ၊
တိုင်းဒေသကြီးဝန်ကြီးများ၊ နာဂရိုးရာယဉ်ကျေးမှု အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ကြိုဆိုကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့်ဇနီးနှင့်
အဖွဲ့ဝင်များသည် ခန္တီးမြို့ ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိပြီး ဆေးရုံအတွင်း လှည့်လည်
ကြည့်ရှုစစ်ဆေးကာ ဆေးကုသမှု ခံယူနေကြသူများ အားထောက်ပံ့ငွေများပေးအပ်သည်။
ယင်းနောက် နိုင်ငံတော်သမ္မတနှင့်
ဇနီးနှင့်အဖွဲ့သည် ခန္တီးခရိုင်နှင့် နာဂဒေသသို့ ဆက်သွယ်တည်ဆောက်မည့် ချင်းတွင်း တံတား
(ခန္တီး) တည်ဆောက်ရေး စီမံကိန်းရှင်းလင်း ဆောင်သို့ရောက်ရှိရာ ဆောက်လုပ်ရေးဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ချင်းတွင်းမြစ်ဝှမ်းတစ်လျှောက်ရှိ လမ်းကွန်ရက်များနှင့်
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်းရှိ လမ်းကွန်ရက် များ အခြေအနေ၊ ချင်းတွင်းတံတား
(ခန္တီး၊ ဟုမ္မလင်း၊ ကလေးဝ) တည်ဆောက်ရေး စီမံကိန်းအခြေအနေများကို ရှင်းလင်းတင်ပြ သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က
ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်သည့် လမ်း၊ တံတား အခြေအနေများကို ဖြည့်စွက် ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြချက်များနှင့်
စပ်လျဉ်း၍ နိုင်ငံတော်သမ္မတက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးသည်။ ဆက်လက်၍ နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည်
ရဟတ်ယာဉ်များဖြင့် နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့သို့ ရောက်ရှိကြရာ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ
ဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးကေဆိုင်းနှင့်အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးဝန်ကြီးများ၊ နာဂရိုးရာယဉ်ကျေးမှု
အဖွဲဝင်များနှင့် တာဝန်ရှိသူများက ကြိုဆိုကြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတနှင့်
အဖွဲ့ဝင်များအား စာရာမေရိရိပ်သာ၌ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌနှင့်
အဖွဲ့ဝင်များက နာဂရိုးရာဝတ်စုံများကို ဂုဏ်ပြုဝတ်ဆင်ပေးသည်။
ထို့နောက် နိုင်ငံတော်သမ္မတသည်
မာလာတောင်အားကစားခန်းမ၌ လဟယ်မြို့ရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့
ဥက္ကဋ္ဌ ဦးကေဆိုင်းနှင့်အဖွဲ့ဝင်များ၊ နာဂရိုးရာ ယဉ်ကျေးမှုအဖွဲဝင်များ၊ မြို့မိမြို့ဖများ၊
ဒေသခံပြည်သူများ၊ လူမှုရေး အသင်း အဖွဲ့များ၊ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။
ရှေးဦးစွာ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့
ဥက္ကဋ္ဌ ဦးကေဆိုင်းက ဒေသဆိုင်ရာ အချက်အလက်များနှင့် ဒေသ၏ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေး၊
ကျန်းမာရေး ကဏ္ဍများ နှင့်စပ်လျဉ်း၍ လိုအပ်ချက်များကို ရှင်းလင်းတင်ပြသည်။
ထို့နောက် လဟယ်မြို့နယ်
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသက်နောင်နှင့် နာဂရိုးရာစာပေနှင့် ယဉ်ကျေးမှုဗဟို ကော်မတီနာယက
ဦးယားပေါတို့က ဒေသဖွံ့ဖြိုးရေးဆိုင်ရာ လိုအပ်ချက်များကို ရှင်းလင်းတင်ပြကြသည်။
ဆက်လက်၍ စစ်ကိုင်းဒေသကြီးဝန်ကြီးချုပ်
ဒေါက်တာမြင်နိုင်က နာဂဒေသ လမ်းပန်းဆက်သွယ်မှု ကောင်းမွန်ရေး၊ လျှပ်စစ်မီး ရရှိရေး၊ ပညာရေး၊
ကျန်းမာရေး၊ စိုက်ပျိုးရေးနှင့် ရိုးရာယဉ်ကျေးမှုဓလေ့ထုံးစံများ ထိန်းသိမ်းရေးတို့နှင့်
စပ်လျဉ်း၍ ဆောင်ရွက်ပေးမည့် အစီအမံများကို ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြချက်များနှင့်
စပ်လျဉ်း၍ နိုင်ငံတော်သမ္မတ ဦးထင်ကျော်က တိုင်းဒေသကြီးနှင့် ပြည်နယ်များ တစ်ပြေးညီ
ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်အစိုးရအနေဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊
နာဂဒေသ၏ လိုအပ်ချက်များကို အလေးအနက်ထား ဖြည့်ဆည်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊
ပြည်ထောင်စုဝန်ကြီးဌာနများ အနေဖြင့်လည်း သက်ဆိုင်ရာ ကဏ္ဍများအလိုက် ဖြည့်ဆည်းပေးနိုင်သည်များကို
ရေတိုရေရှည်စီမံကိန်းများ ချမှတ်ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ပညာရေးဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ကျောင်းအဆင့်တိုးမြှင့်ရေး၊ လိုအပ်သည့်
ဆရာဆရာမအင်အား ဖြည့်တင်းရေးနှင့် ၀န်ထမ်းအိမ်ရာ ဆောက်လုပ်ပေးမည့် အခြေအနေများနှင့်
စပ်လျဉ်း၍ ရှင်းလင်း ပြောကြားသည်။
နယ်စပ်ရေးရာဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်က နာဂဒေသအတွက် ဆန်အိတ် ၆၀၀၀ ၊ သွပ်အချပ်
၈၀၀၀ ၊ ခြုံစောင် ၁၂၀၀ နှင့် နေအိမ် ၁၅၀ အတွက် ဆိုလာမီးအိမ်များ ထောက်ပံ့ပေးသွား မည်ဖြစ်ကြောင်း
ရှင်းလင်းပြောကြားသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ချင်းတွင်းမြစ်ကူးတံတား(ခန္တီး) တည်ဆောက်မှုအခြေအနေ၊
ဆင်သေ-လဟယ်လမ်းကို ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ပေးမည့် အခြေအနေ၊ လဟယ် - နန်းယွန်းလမ်းနှင့်
လေရှီး- လဟယ် လမ်း ဆောင်ရွက်မည့်အစီအမံများကို ရှင်းလင်းပြောကြားသည်။
ကျန်းမာရေးဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက နာဂဒေသအတွင်း ဆရာဝန်/ ကျန်းမာရေးမှူး/ သားဖွား
ဆရာမ လိုအပ်ချက်များအပေါ် ဖြည့်ဆည်းပေးမည့်အခြေအနေ ၊ ဆေးရုံ၊ ဆေးခန်းသုံးပစ္စည်းများနှင့်
ဓာတ်ခွဲခန်းသုံး ပစ္စည်းများ ထောက်ပံ့ဖြည့်ဆည်း ပေးနိုင်မည့်အခြေအနေ၊ ကာကွယ်ဆေးများဖြန့်ဝေပေးနိုင်မည့်
ခြေအနေများကို ရှင်းလင်းပြောကြားသည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်
ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက နာဂဒေသအတွင်း
လူမှုဝန်ထမ်း နည်းလမ်းနှင့် လူမှုကာကွယ်စောင့် ရှောက်ရေးနည်းလမ်းများဖြင့် ကူညီစောင့်ရှောက်ပေးနေမှု
အခြေအနေများ ကိုရှင်းလင်းပြောကြားသည်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့်
ဇနီးနှင့်အဖွဲ့ဝင်များသည် နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန
နယ်စပ်ဒေသ တိုင်းရင်းလူငယ်များ ဖွံ့ဖြိုးရေးသင်တန်း ကျောင်းနှင့် အမျိုးသမီးအိမ်တွင်းမှု
သက်မွေးလုပ်ငန်း ပညာသင်တန်း ကျောင်းများကို ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ လဟယ်မြို့
ပြည်သူ့ဆေးရုံသို့ရောက်ရှိပြီး ဆေးကုသမှုခံယူနေကြသူများအား အားပေးစကားပြောကြားကာ စားသောက်ဖွယ်ရာများနှင့်
ထောက်ပံ့ငွေများ ပေးအပ်သည်။
(သတင်းစဉ်)
No comments:
Post a Comment