Friday, January 27, 2017

မူးယစ်ဆေးဝါးသုံးစွဲမှုပပျောက်ရေး၊ ထိရောက်သောပြန်လည် ထူထောင်ရေးလုပ်ငန်းများ အကောင်အထည်ဖော်ရေး အတွက် ပူးပေါင်းဆောင်ရွက်ရေးဆွေးနွေး


နေပြည်တော် ဇန်နဝါရီ ၂၇
ပြည်သူ့အစိုးရအနေဖြင့်‌ ပြည်သူ့အကျိုးကို ထိရောက်စွာ ဆောင်ရွက်ရမည်ဖြစ်ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်‌ ပြန် လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် မူးယစ်ဆေးဖြတ်သူများ ပြန်လည်
ထူထောင်ရေးလုပ်ငန်း ဆောင်ရွက်နေကြသည့်‌ အဖွဲ့အစည်းများနှင့်‌ ယမန်နေ့ညနေ ၅ နာရီတွင် တွေ့ဆုံဆွေးနွေး ခဲ့ရာတွင် မူးယစ်ဆေးသုံးစွဲသူများ ပြန်လည်ထူထောင်ရေးနှင့်‌ ပတ်သက်၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်‌ ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့်‌ အားကစားဝန်ကြီးဌာန၊ ပညာရေးဝန်ကြီး ဌာန၊ ပြန်ကြားရေးဝန်ကြီးဌာနနှင့် ပြည်ထဲရေး ဝန်ကြီးဌာနတို့ အားလုံးပူးပေါင်း ဆောင်ရွက်ရမည့် အပြင် ပြည်သူလူထုကြားတွင် လက်တွေ့ဆောင်ရွက်လျက်ရှိပြီး အတွေ့ကြုံ ကောင်းများ ရရှိနေကြပြီဖြစ်သော စေတနာ့ဝန်ထမ်း မူးယစ်ကြီးကြပ်ရေးမှူးအသင်းများ၊ စေတနာ့ ဝန်ထမ်းအသင်း အဖွဲ့များ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ အားလုံးနှင့်‌ပူးပေါင်းဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ အောင်မြင်မှု ရရှိစေရန် လက်တွေ့ ဆောင်ရွက်နေသူများ၏ ခံစားချက်များ၊ အတွေ့အကြုံကောင်းများကို သိရှိရယူရန်လိုအပ်ကြောင်း ပြောကြားသည်။
တက်ရောက်သူများ၏ ဆွေးနွေးချက်များအရ မူးယစ်ဆေးဝါး သုံးစွဲသူများအတွက် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရေးနှင့်‌ ပတ်သက်၍ ငွေကြေးအင်အား၊ လူအင်အားနှင့်‌ အစိုးရဌာနဆိုင်ရာများ အတွင်း ပူးပေါင်းဆောင်ရွက်မှု အားနည်းနေသည် ကြောင်း သိရှိရသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက မူးယစ်ဆေးဝါးသုံးစွဲခြင်းသည် စိတ်ပိုင်းဆိုင်ရာ ပြဿနာတစ်ခုဖြစ်၍ ကိုယ်ချင်းစာစိတ် အပြည့်အဝဖြင့် အားလုံးညီညီညွတ်ညွတ် ပူးပေါင်းလျက် လူမှုဝန်ထမ်းနည်းလမ်းများကို အသုံးပြုပြီး စနစ်တကျဆောင်ရွက်ရန် လိုအပ်ပါကြောင်း ပြောကြားသွားသည်။
ထိုဆွေးနွေးပွဲသို့ မြန်မာနိုင်ငံမူးယစ်ဆေးဝါး ဆန့်ကျင်ရေး အသင်း(MANA)၊ မူးယစ် ဆေးစွဲရောဂါ သုတေသန အသင်း(SARA)၊ လူငယ့်အားမာန်အသင်း(ရန်ကုန်)၊ မူးယစ်ဆေးစွဲသူများ ပြန်လည် ထူထောင်ရေးအသင်း (မြန်မာ)၊ စေတနာ့ ဝန်ထမ်းမူးယစ်ကြီးကြပ်ရေးမှူးအသင်း (ဗဟို) တို့မှ တာဝန်ခံ ကိုယ်စားလှယ်များ တက်ရောက် ခဲ့ကြကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment