Friday, January 27, 2017

နိုင်ငံတော်သမ္မတ ဦးထင်ကျော် နှင့်ဇနီး ကလေးစာပေပွဲတော် ဖွင့်ပွဲအခမ်းအနားတက်ရောက်



မန္တလေး ဇန်န၀ါရီ ၂၇
ပြန်ကြားရေးဝန်ကြီးဌာနနှင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ပူပေါင်းစီစဉ်  ကျင်းပသည့် ကလေးစာပေပွဲတော် ကလေးစာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော် (မန္တလေး) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြ သာစည်မြို့နယ်ရှိ မြန်မာ့သတင်းအချက်အလက်နည်းပညာတက္ကသိုလ်(MIIT)၌ ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့်ဇနီး ဒေါ်စုစုလွင်တို့ တက်ရောက် ချီးမြှင့်သည်။






ရှေးဦးစွာ ဖွင့်ပွဲအခမ်းအနားကို နိုင်ငံတော်သမ္မတဦးထင်ကျော်၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ဒေါက်တာမြင့်ထွေး၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့် မောင် နှင့်ကျောင်းသား ကျောင်းသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့်ဇနီးတို့သည် အခမ်းအနားသို့ တက်ရောက်လာကြ သူများနှင့်အတူ မှတ်တမ်း တင်ဓာတ်ပုံရိုက်ကြပြီး ဆရာကြီးမင်းသုဝဏ် အမှတ်တရပြခန်းကို လှည့်လည်ကြည့်ရူကြသည်။
ထို့နောက် ဖွင့်ပွဲ အခမ်းအနား ဒုတိယပိုင်းအစီအစဉ်ကို ဆက်လက်ကျင်းပရာ မန္တလေးမြို့ပုဂ္ဂလိကအထက်တန်း ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက ကလေးစာပေ ပွဲတော် Theme Song သီချင်းသီဆို၍ ဖွင့်လှစ် ပေးကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတက အမှာစကားပြောကြားရာတွင် ယခုကဲ့သို့ကလေးများ ၏ ဥာဏ်ရည်ဥာဏ်သွေးနှင့် အတွေးအခေါ် အယူအဆများထက်မြက်လာရန်၊ တီထွင် ဖန်တီးလိုစိတ်များ ရင့်သန်စေရန်နှင့် စာပေနှင့် ရင်းနှီးပြီးစာဖတ်ခြင်းတွင် ပျော်မွေ့တတ် လာစေရန် ရည်ရွယ်ကျင်းပသည့် ကလေးစာပေပွဲတော်ကြီးကို သမိုင်းအစဉ်အလာကြီးမား သည့် မန္တလေးမြို့၌ စီစဉ်ကျင်းပသည့်အတွက် လွန်စွာဝမ်းသာပီတိဖြစ်ရပါကြောင်း။
မကြာသေးမီက ကလေးစာပေပွဲတော်ကို နေပြည်တော်၌ စည်စည်ကားကား ကျင်းပနိုင်ခဲ့ပြီး နိုဘယ်လ်-မြန်မာစာပေ ပွဲတော်ကိုလည်း ရန်ကုန်မြို့၌ စည်စည်ကားကား ကျင်းပခဲ့ကြသည်ကိုတွေ့ရသည့်အတွက် ပြည်သူများအသိပညာ မြင့်မားအောင်၊ မြန်မာ စာပေမြင့်မားတိုးတက်အောင် ၀ိုင်းဝန်းဆောင်ရွက် ပေးကြသည့်အဖွဲ့အစည်း အသီးသီးကို ကျေးဇူးတင်ရှိပါကြောင်း။
မြန်မာ့ပုံပြင်များ၊ မြန်မာ့ကလေးကဗျာများ၊ မြန်မာ့ကျေးလက် အငွေ့အသက် များအကြားတွင် ကြီးပြင်းလာခဲ့သည့် မိမိတို့အတွက် ကလေးစာပေများသည် အမြဲတမ်း ရှင်သန်သက်ဝင်နေမည့် စာပေများဖြစ်ကြောင်း။
ထိုကဗျာများ၊ စာပေများကြောင့် နိုင်ငံချစ်စိတ်များပေါ်ပေါက်လာခဲ့ကြောင်း၊ တိုင်းကျိုး ပြည်ကျိုးထမ်းဆောင် လိုစိတ်များ မြင့်တက်လာခဲ့ကြောင်း၊ ဘ၀အခက်အခဲများကို ရဲရင့် မှန်ကန်စွာကျော်ဖြတ်လိုသည့် အားမာန်သတ္တိများရလာခဲ့သည်ဟု မိမိတို့ဆိုကြရ မည်ဖြစ် ကြောင်း။
ကလေးစာပေများသည် တစ်ခေတ်တစ်ခါက မြန်မာစာပေဧည့်ခန်းဆောင်ကြီးထဲတွင် ဂုဏ်သရေရှိစွာပေါ်ထွက် ခဲ့ကြသော်လည်း အကြောင်းအမျိုးမျိုးကြောင့် အားပျော့မှေးမှိန်ခဲ့ရ သည်ကို ၀မ်းနည်းဖွယ်တွေ့မြင်ရမည် ဖြစ်ကြောင်း။
ကလေးစာပေများမဖွံ့ဖြိုးမတိုးတက်ခြင်းသည် ကလေးများ၏ အနာဂတ်ကိုသာမက နိုင်ငံ၏ အနာဂတ်ကိုပါ ရိုက်ချိုးဖျက်ဆီးရာကျစေနိုင်သည့်အတွက် မိမိတို့အနေဖြင့် ကလေး များဖွံ့ဖြိုးတိုးတက်အောင်၊ ကလေးစာပေများ ဖွံ့ဖြိုးတိုးတက်အောင် ၀ိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း။
နည်းပညာဖွံ့ဖြိုးတိုးတက်နေသည့် ယနေ့လိုအချိန်အခါမျိုးတွင် မိမိတို့၏ ကလေး ငယ်များကိုအတွေးအခေါ် အယူအဆများ၊ ပြုမှုပြောဆိုပုံများ ယိမ်းယိုင်ပျက်ယွင်းစေမည့် နည်းလမ်းများသည် ဖျော်ဖြေရေးနည်းများ၊ ကစားနည်း များအဖြစ် ပုံဖျက်စည်းရုံးရောက်  ရှိနေကြသည်ကို တွေ့ကြရမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ အခြေအနေ မျိုးတွင် ကလေးများ စာပေဖတ်ရှုလာအောင်၊ စာကြည့်တိုက်ဝန်းကျင်တွင် မွေ့လျော်လာအောင် စည်းရုံးဆောင် ရွက်ရန် လွယ်ကူမည် မဟုတ်ပါကြောင်း၊ သို့သော်လည်းမိမိတို့ ကလေးများ၏ အနာဂတ်များ တိုးတက်ကောင်းမွန် လာရန် အတွက်မဖြစ်မနေ ၀ိုင်းဝန်းလုပ်ဆောင်ပေးကြရန် တိုက်တွန်း ပြောကြားလိုကြောင်း။
နိဂုံးချုပ်အားဖြင့် ကလေးများဖွံ့ဖြိုးတိုးတက်စေရေး၊ ကလေးစာပေနှင့် ကလေး စာကြည့်တိုက်များဖွံ့ဖြိုး တိုးတက် ရေးသည် နိုင်ငံ၏အနာဂတ်အပေါ် သက်ရောက်မှုများစွာ ရှိလာနိုင်သည့်အတွက် ၀ိုင်းဝန်းကူညီ ဖော်ဆောင် ပေးကြစေလိုကြောင်း၊ ကလေးများစာပေနှင့် ရင်းနှီးပြီး စာပေ၀န်းကျင်တွင် မွေ့လျော်လာအောင် အဖွဲ့အစည်း အသီးသီးက ပူးပေါင်း ပါဝင်ပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ကျေးဇူး တင်စကားပြောကြားသည်။
ယင်းနောက် နိုင်ငံတော်သမ္မတနှင့်ဇနီး၊ တာဝန်ရှိအဖွဲ့ဝင်များသည် ခင်းကျင်းပြသထား သည့် ကလေးစာပေပြ ခန်းများနှင့် စာအုပ်အရောင်းဆိုင်များကို လှည့်လည်ကြည့်ရှုအား ပေးပြီး ကလေးစာပေပွဲတော်သို့ တက်ရောက် လာကြသည့် ကလေးငယ်များနှင့် ကျောင်းသားကျောင်းသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။
ကလေးစာပေပွဲတော် ကလေးစာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော်ကို ဇန်န၀ါရီ (၂၇)ရက်မှ (၂၉)ရက်အထိ ကျင်းပမည်ဖြစ်ပြီး ပြပွဲရက်များတွင်  ဖျော်ဖြေရေးအစီ အစဉ်များ၊ ကျပန်းစကားပြောပြိုင်ပွဲများ၊ စက္ကူခေါက်ချိုး ပြိုင်ပွဲများ၊ ဆေးရောင်ခြယ်ပြိုင်ပွဲများ၊ ဂိမ်းကစားပွဲများ၊ ပန်းချီပြိုင်ပွဲများ၊ စာပေဟောပြောပွဲ၊ စာပေမြှင့်တင်ရေး အလုပ်ရုံ ဆွေးနွေးပွဲ အပါအ၀င် ပြပွဲပြိုင်ပွဲများ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)

No comments:

Post a Comment