သထုံ ဇန်န၀ါရီ ၁၅
မွန်ပြည်နယ်၊
သထုံမြို့ရှိ ဈေးများ၌ မီးဘေးအန္တရာယ်ကို သတိမူပြီး အကြောင်းကြောင်းကြောင့် မီးလောင်မှုများ
ဖြစ်ပွားမှု မရှိစေရေးအတွက် သထုံခရိုင်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဈေးတာဝန်ရှိသူများ
ပူးပေါင်းကာ ဇန်န၀ါရီလ ၁၅ ရက်၊ နံနက်က လက်တွေ့မီးငြှိမ်းသတ် သရုပ်ပြ လေ့ကျင့်ခဲ့ကြကြောင်း
သိရသည်။
“အရေးပေါ်ဖြစ်လာရင်
ဘာတွေကို အဓိကထားဆောင်ရွက်ရမယ် ဒီလိုဆောင်ရွက်နိုင်ဖို့ ဘာတွေပြင်ဆင်ထားသင့်သလဲ ဆိုတာကို
သိဖို့လိုပါတယ်။ ကြိုတင်ကာကွယ်ခြင်းက ဘေးဖြစ်ပွားမှုနဲ့ ဆုံးရှုံးမှုကို အများကြီးလျော့ချပေးတယ်”
ဟု ခရိုင်မီးသတ်ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကြင်ထွန်းက ပြောကြားခဲ့သည်။
ဈေးများတွင်
အရေးပေါ်မီးငြှိမ်းသတ်နိုင်ရန် မီးသတ်ရေငုတ်၊ မီးသတ်ဆေးဘူး၊ မီးချိတ်မီးကပ်၊ စသည်တို့
အရံသင့် ရှိရမည်ဖြစ်ပြီး လျှပ်စစ်ဝါယာကြိုးများကို စနစ်တကျသွယ်တန်း အသုံးပြုကြဖို့နှင့်
အရေးပေါ်အခြေအနေအတွက် မီးသတ်ကား ၀င်/ထွက်နိုင်ရန်လည်း အရေးကြီးရာ ယင်းတို့ကို လိုက်လံစစ်ဆေးကာ
လိုအပ်သည်တို့ကို အကြံပြုသွားမည်ဖြစ်ကြောင်း ၎င်းက
ပြောကြားသည်။
“ဒီဈေးမှာ
ဈေးအရန်မီးသတ် တပ်ဖွဲ့ကိုလည်း ဖွဲ့ထားပြီးတော့ မီးသတ်ဦးစီးဌာနနဲ့ ပူးပေါင်း လေ့ကျင့်စေပါတယ်။
ဒီလိုလေ့ကျင့်တာက သူတို့အတွက်ကောင်းသလို ဈေးသူဈေးသားတွေ အတွက်လည်း မီးဂရုပြုကြဖို့
အသိပေးရာလည်း ရောက်ပါတယ်” ဟု စည်ပင်သာယာရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး(ဈေး) ဒေါ်ခင်လေးကြိုင်က
ပြောကြားခဲ့သည်။
အဆိုပါနေ့တွင်
ခရိုင်မီးသတ်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကြင်ထွန်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊
မြို့နယ်စည်ပင်သာယာရေး အဖွဲ့မှ တာဝန်ခံအမှုဆောင်အရာရှိ ဦးတင်ထွန်းနှင့် ဈေးတာဝန်ရှိသူများ၊
ဈေးသာယာရေးကော်မတီ အဖွဲ့ဝင်များနှင့် ဈေးအရန်မီးသတ် တပ်ဖွဲ့ဝင်များ တို့သည် သထုံမြို့
စည်ပင်သာယာဈေးဖြစ်သည့် သုဝဏ္ဏဈေးတွင် ဒေါင်ဖန်းမီးငြှိမ်းသတ်ယာဉ် နှစ်စင်းဖြင့် ပူးပေါင်းသရုပ်ပြသခဲ့ကြပြီး
ဈေးများအတွင်း မီးဘေးအန္တရာယ် ကင်းရှင်းစေရေးအတွက် လိုအပ်သည်တို့ကို လိုက်လံစစ်ဆေးခဲ့ကြကြောင်း
သတင်းရရှိသည်။
သထုံ
(ပြန်/ဆက်)
No comments:
Post a Comment