Tuesday, January 24, 2017

နိုဘယ်လ်-မြန်မာစာပေပွဲတော် ၂၀၁၇ ၊ ရသစာပေ အောင်မြင်စွာကျင်းပပြီးစီး

သတင်း - ရီရီမြင့်၊ ဥမ္မာသန့်
ဓာတ်ပုံ - လှမိုး
ရန်ကုန်- ဇန်န၀ါရီ ၂၄
နိုဘယ်လ်-မြန်မာစာပေပွဲတော် ၂၀၁၇၊ ရသစာပေတတိယနေ့ကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ မြို့မကျောင်းလမ်းရှိ အမျိုးသားဇာတ်ရုံ၌ ဆက်လက်ကျင်းပရာ ရာသက်ပန်(တောင်ငူဆောင်)က “မင်းလူဝတ္ထုတိုများမှ ဇာတ်ဆောင်ရွေးချယ် ဖန်တီးမှု” စာတမ်း၊ ဒေါက်တာအောင်ကြီး က “မော်စီတုံး ကဗျာ တစ်ပုဒ်ကို ဘာသာပြန်ဆိုခြင်း”စာတမ်း၊ ကိုတာ က “ကဗျာနှစ်ပုဒ် ဘာသာပြန်ခြင်း” နှင့် ဆရာငြိမ်းမင်း က  “ရသစာပေဖန်တီးမှု” စာတမ်းများကို ဖတ်ကြားကြသည်။

 စာပေစကားဝိုင်း အစီအစဉ်တွင် “ဘာသာပြန် ရသဖန်တီးမှု” ခေါင်းစဉ်ကို မောင်သာမည က ဦးဆောင်ဆွေးနွေးပြီး မောင်ရဲခိုင်၊ တင့်ဇော်နှင့် ဒီနိုဗိုတို့ကပါဝင် ဆွေးနွေးကြသည်။ “၀တ္ထုရှည် တစ်ပုဒ်ဖန်တီးခြင်း” စာပေစကားဝိုင်းတွင် မင်းခိုက်စိုးစံက ဦးဆောင်ဆွေးနွေးပြီး မြနှောင်းညို၊ ဂျူး၊ လင်္ကာရည်ကျော်နှင့် ဒေါက်တာစိုးလွင်တို့က ပါဝင်ဆွေးနွေးကြ သည်။ “ရသရေစီး” စာပေစကားဝိုင်းတွင် ဒေါက်တာခင်မောင်ညိုက ဦးဆောင်ဆွေးနွေးပြီး ကောင်းသန့်၊ ရာသက်ပန် (တောင်ငူဆောင်) နှင့် မြေမှုန်လွင်တို့က ပါဝင်ဆွေးနွေးကြသည်။

နိုဘယ်လ်-မြန်မာစာပေပွဲတော် ၂၀၁၇၊ ရသစာပေတွင် နှစ်ပေါင်း ၁၀၀ အတွင်းက ထွက်ရှိခဲ့သော မြန်မာ့ဝတ္ထု အကောင်းဆုံး ရသစာအုပ် ၁၀၀ ပြပွဲ၊ နိုဘယ်လ်ဆုရ စာအုပ်ပြခန်းများ၊ စာတမ်းဖတ်ပွဲများ၊ ရသစာဖတ်ဝိုင်းများ၊ ကဗျာရွတ်ပွဲ၊ ကာတွန်းပြခန်းများ၊ ကယ်ရီကေးချား ပုံတူရေးဆွဲခြင်းများ၊ စာပေဆိုင်ရာ ဟောပြောဆွေးနွေးပွဲများ၊ ရသ စာပေနှင့်စပ်လျဉ်းသည့် စကားဝိုင်းများကျင်းပပြီး စာအုပ်ဈေးခင်း ဖွင့်လှစ်ကာ ရသစာပေဆိုင်ရာ စာအုပ်မျိုးစုံကို ရောင်းချ ပေးလျက်ရှိရာ စာပေ၀ါသနာရှင်များဖြင့် အထူးစည်ကားခဲ့ပြီး ညနေပိုင်းတွင် နိုဘယ်လ်-မြန်မာ စာပေပွဲတော် ၂၀၁၇၊ ရသစာပေ အောင်မြင်စွာပြီးစီးသည်။

No comments:

Post a Comment