Monday, December 26, 2016

ရခိုင်ပြည်နယ်အတွင်း NVC ကတ် ထုတ်ပေးခြင်းနှင့် သုံးမျိုးစာရင်းကောက်ယူခြင်းဆိုင်ရာ သတင်းထုတ်ပြန်ချက်

နေပြည်တော်၊ ဒီဇင်ဘာ၂၆
သုံးမျိုးစာရင်းကောက်ယူခြင်းလုပ်ငန်းစဉ်
ရခိုင်ပြည်နယ်အတွင်း ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေပြဌာန်းချက်နှင့်အညီ စိစစ်ဆောင်ရွက် နိုင်ရန် လိုအပ်သည့် သူများကို ထုတ်ပေးထားခဲ့သော ယာယီသက်သေခံလက်မှတ်များ၏ သက်တမ်းသည် (၃၁-၅-၂၀၁၅) ရက်နေ့တွင် ကုန်ဆုံးသဖြင့် ၎င်းနေ့ရက်မတိုင်မီ လာရောက် အပ်နှံကြရန် နိုင်ငံတော်သမ္မတ၏ အမိန့်ကြော်ငြာစာ အမှတ် ၁၉/၂၀၁၅ ဖြင့် (၁၁-၂-၂၀၁၅) ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

အဆိုပါ ညွှန်ကြားချက်အရ ပြန်လည်အပ်နှံရမည့် ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်သူ ပေါင်း (၇၅၉၆၇၂) ဦး ရှိသည့်အနက် သတ်မှတ်နေ့ရက် အတွင်း ပြန်လည်အပ်နှံသူပေါင်း (၄၆၉၁၈၃) ဦး ရှိခဲ့သည်။
စိစစ်ချက်အရ ပြန်လည်မအပ်နှံနိုင်သူများမှာ အခြားကတ်တမျိုးမျိုး ရရှိပြီးသူများ၊ ပျောက်ဆုံး/ ပျက်စီးသူများ၊ သေဆုံးသူ များ၊ ဒေသ ကင်းကွာ(ပြည်ပ) သူများနှင့် အပ်နှံခြင်းမပြုသေးသူများ ဖြစ်ကြောင်း သိရှိရသည်။
ယင်းယာယီသက်သေခံ လက်မှတ်များအစား နိုင်ငံသားစိစစ်ခံရမည့်သူ၏ သက်သေခံကတ်ပြား (Identity Card for National Verification) ထုတ်ပေးခြင်း လုပ်ငန်းကို သုံးမျိုးစာရင်းကောက်ယူခြင်း လုပ်ငန်းအဖြစ် ၁-၆-၂၀၁၅ ရက်နေ့မှစ၍ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပြီး ယင်းကတ် (Identity Card for National Verification) များ ထုတ်ပေးခြင်း၏ ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေဖြစ်သော ၁၉၈၂ ခုနှစ်၊ မြန်မာနိုင်ငံသား ဥပဒေ ပြဌာန်းချက်နှင့်အညီ နိုင်ငံသား/နိုင်ငံသားပြုခွင့်ရသူ ဟုတ်၊ မဟုတ် စိစစ်နိုင်ရန်နှင့် စိစစ်နေဆဲ ကာလအတွင်း မြန်မာနိုင်ငံအတွင်း နေထိုင်သူအဖြစ် အသိအမှတ်ပြုနိုင်ရန် ဖြစ်ကြောင်း သိရှိရသည်။
သုံးမျိုးစာရင်းကောက်ယူခြင်းလုပ်ငန်းများ ဖြစ်သည့် မြေပုံရေးဆွဲခြင်း၊ မြေပုံပေါ်တွင် အဆောက်အဦများ တင်ခြင်းနှင့် လူဦးရေစစ်ဆေးခြင်း လုပ်ငန်းများဖြင့် Identity Card for National Verification ကတ်ပြားများ ထုတ်ပေး နိုင်ရေးအား ၁-၆-၂၀၁၅ ရက်နေ့မှ စတင်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ၂၃-၁၂-၂၀၁၆ ရက်နေ့ထိ အခြေအနေမှာ တစ်နိုင်ငံလုံး အတိုင်းအတာအရ ယာယီသက်သေခံ လက်မှတ်များ ပြန်လည်အပ်နှံမှု စုစုပေါင်း ၄၆၉၁၈၃ ဦး အနက် ၃၂၀၁၆ ဦးအား Identity Card for National Verification ကတ်ပြားများ ထုတ်ပေးပြီးစီးပြီး ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်တစ်ခုတည်း အတွက် ယာယီသက်သေခံလက်မှတ် ပြန်လည်အပ်နှံမှု စုစုပေါင်း ၃၉၇၄၉၇ ဦး ရှိသည့်အနက် ၆၀၇၇ ဦးကို Identity Card for National Verification ကတ်ပြားများ ထုတ်ပေးပြီးစီးပြီး ဖြစ်ကြောင်းနှင့် ယင်းကတ်ပြားများ ဆက်လက် ထုတ်ပေးနိုင်ရေးအတွက် သုံးမျိုးစာရင်းကောက်ယူခြင်းများ ဆက်လက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
(နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီ)

No comments:

Post a Comment