နေပြည်တော်
ဒီဇင်ဘာ ၁၆
ဒုတိယအကြိမ် ပြည်ထောင်စု
လွှတ်တော် တတိယ ပုံမှန်အစည်းအဝေး န၀မနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် ကျင်းပရာ
စစ်ကိုင်း တိုင်းဒေသကြီးအတွင်းရှိ မြို့၊ ရပ်ကွက်/ ကျေးရွာအုပ်စုနှင့်
ကျေးရွာများအမည် ပြောင်းလဲ ပြင်ဆင် ဖွဲ့စည်းခြင်း၊ ပယ်ဖျက်ခြင်းနှင့် နယ်နိမိတ်
ဧရိယာ တိုးချဲ့ဖွဲ့စည်းခြင်း၊ မန္တလေး တိုင်းဒေသကြီး အတွင်း ကျေးရွာ ၁၆ ရွာ
တိုးချဲ့ပြင်ဆင်ဖွဲ့စည်းခြင်းတို့ကို
လွှတ်တော်က မှတ်တမ်းတင်သည်။
ထို့ပြင် နိုင်ငံတော် သမ္မတထံမှ
ပေးပို့ထားသော ပြည်ထဲရေးဝန်ကြီးဌာန မီးသတ်
ဦးစီးဌာနအတွက် ပိုလန် သမ္မတနိုင်ငံ အစိုးရထံမှ ယူရိုသန်း ၅၀ ချေးယူရန်ကိစ္စ နှင့်
စပ်လျဉ်း၍ လွှတ်တော် ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။
ဟင်္သာတမဲဆန္ဒနယ်မှ
ဦးခင်မောင်ရီက မီးသတ် ဦးစီးဌာနအတွက် လိုအပ်သည့် ယာဉ်များ
ဝယ်ယူရန် အသုံးပြုမည့် ယူရိုငွေသန်း ၅၀ သည် အတိုးနှုန်း သုည ဒသမ ၅ ရာခိုင်နှုန်းဖြင့်
ဆိုင်းငံ့ကာလ ၅ နှစ်၊ ပြန်လည်ပေးဆပ်မည့်ကာလ နှစ်ဝက် အရစ်ကျ အကြိမ်ရေ ၁၁၀ ဖြင့် ၅၅ နှစ်
စုစုပေါင်း နှစ် ၆၀ ဟု သိရပါကြောင်း၊ ချေးငွေသည် လုပ်ငန်းတစ်ခုလုံး၏ သက်သာခွင့် ၇၄
ဒသမ ၆၇ ရာခိုင်နှုန်း ဖြစ်သည့် အတွက် အလွန် သက်သာသည့် ချေးငွေဖြစ်ပါကြောင်း၊ ငွေကြေးသည်လည်း
ခိုင်မာသည့်ငွေကြေး ဖြစ်ပြီး သက်သာသည့် အတိုးနှုန်းဖြင့် ရရှိသောကြောင့် ချေးယူသင့်ပါကြောင်း၊
မီးငြှိမ်းသတ်ရေး လုပ်ငန်းများနှင့် ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ခြင်းတို့
အတွက် ခေတ်မီ နည်းပညာသုံး စက်ယန္တရားများသည် မရှိမဖြစ် လိုအပ်လျက် ရှိပါကြောင်း ဆွေးနွေးသည်။
ဗိုလ်တထောင်မဲဆန္ဒနယ်မှ
ဒေါ်မြင့်မြင့်စိုး(ခ)မေစိုးက လက်ရှိမြန်မာနိုင်ငံ မီးသတ် ဦးစီးဌာနတွင်
ဖွဲ့စည်းပုံအရ မီးသတ်ယာဉ် ၃၀၀၀ကျော် ဖြည့်တင်းရန် လိုအပ်လျက် ရှိရာ နှစ်စဉ်တရုတ်နိုင်ငံမှ
မီးသတ်ယာဉ်စက်များ ၀ယ်ယူခဲ့သည်ဟု သိရှိရပါကြောင်း၊ ယခုဝယ်ယူမည့် ယာဉ်စက်ပစ္စည်းများသည်
ကြီးမားလွန်းသဖြင့် ရန်ကုန်မြို့နှင့် မြို့ကြီးများ အနေဖြင့် အထပ်မြင့် အဆောက်အအုံများ၊
ကျဉ်းမြောင်းသော လမ်းများ၊ ယာဉ်ကြော ပိတ်ဆို့မှုများကြောင့် ၎င်းယာဉ်များ လွယ်ကူစွာ သွားလာနိုင်မှု
ရှိ၊ မရှိကိုလည်း သိရှိနိုင်ရန် လိုအပ်ပါကြောင်း၊ ကမ္ဘာ့နိုင်ငံ အသီးသီးတွင် မီးငြှိမ်းသတ်
ခြင်းနှင့် အသက်ကယ် လုပ်ငန်းများကို ရဟတ်ယာဉ်များ အသုံးပြု၍ ပိုမိုထိရောက်စွာ ဆောင်ရွက်နေကြပြီ
ဖြစ်ပါကြောင်း၊ ယခုရရှိသည့် ချေးငွေဖြင့် ရဟတ်ယာဉ်တစ်စီး ထည့်သွင်းဝယ်ယူ မည်ဆိုပါကလည်း
နောက်ထပ် မီးသတ်ယာဉ် အစီး ၅၀ ခန့်ဝယ်ယူရရှိမည်ဖြစ်ပါ ကြောင်းဆွေးနွေးသည်။
အလားတူ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်
(၆)မှ ဦးဝင်းမောင်၊ ကမာရွတ် မဲဆန္ဒနယ်မှ ဦးကျော်မင်း၊ ပုလော မဲဆန္ဒနယ်မှ ဦးအုန်းခင်၊
ညောင်လေးပင် မဲဆန္ဒနယ်မှ ဒေါက်တာ မြင့်သိန်း၊ ကော့ကရိတ် မဲဆန္ဒနယ်မှ ဦးစိုးဌေး၊ မန္တလေး
တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၁၀)မှ ဒေါက်တာ ကျော်ငွေ၊ မြ၀တီမဲဆန္ဒနယ်မှ ဦးစိန်ဗိုလ်နှင့်
မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၁)မှ ဦးလှဆန်းတို့က အကြံပြု ထောက်ခံ ဆွေးနွေးကြသည်။
ပြည်ထောင်စု အစိုးရအဖွဲ့မှပေးပို့သော
၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် ပထမ ၆လ ပတ်
အမျိုးသား စီမံကိန်း ဆောင်ရွက်မှု အစီရင်ခံစာနှင့် ပတ်သက်သည့် ပြည်သူ့ငွေစာရင်း ပူးပေါင်း
ကော်မတီ၏ လေ့လာ တွေ့ရှိချက်နှင့် သဘောထား မှတ်ချက် အစီရင်ခံစာ ၆/၂၀၁၆ အား
ဆိတ်ကြီးခနောင်တို မဲဆန္ဒနယ်မှ ဦးတင်ထွန်းနိုင်၊ လှိုင်းဘွဲ့မဲဆန္ဒနယ်မှ ဦးခင်ချို
နှင့် မွန်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၈)မှ ဦးမျိုးဝင်းတို့က ဆွေးနွေးကြရာ
စီမံကိန်းနှင့် ဘဏ္ဍာရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမောင်မောင်ဝင်းက
ပြန်လည်ရှင်းလင်းပြီး လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ အစီရင်ခံစာအား သဘောတူ လက်ခံကြောင်း
ဆုံးဖြတ်သည်။
နိုင်ငံတော်သမ္မတထံမှ
ပေးပို့ထားသော စိုက်ပျိုးရေး၊
မွေးမြူရေးနှင့် ဆည်မြောင်း ၀န်ကြီးဌာန အတွက် အရှေ့ပိုင်း ပြည်နယ်များ
စိုက်ပျိုးစီးပွား ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း ဆောင်ရွက်ရန် အပြည်ပြည်ဆိုင်ရာ
စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်မှု ရန်ပုံငွေ အဖွဲ့ထံမှ အမေရိကန် ဒေါ်လာ ၅၆ ဒဿမ ၈
သန်း ချေးယူရန်ကိစ္စနှင့် စပ်လျဉ်း၍ လွှတ်တော် ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။
ဆီဆိုင်မဲဆန္ဒနယ်မှ ဦးခွန်သန်းထူးက ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားဘ၀ အဆင်ပြေမှသာ
ဆက်နွယ်သော လုပ်ငန်းများ လည်ပတ်မှု လျင်မြန်လာမည် ဖြစ်ပြီး မြို့နေပြည် သူများ
အလုပ်အကိုင် အခွင့်အလမ်းများ တိုးတက်ရရှိလာမည် ဖြစ်ပါကြောင်း၊ ရယူမည့် ချေးငွေသည်
အတိုးမဲ့ချေးငွေ ဖြစ်သော်လည်း အကောင်အထည်ဖော်မည့် ၀န်ကြီးဌာန အနေဖြင့် လေလွင့်
ဆုံးရှုံးမှုမရှိအောင် ကြပ်မတ် ဆောင်ရွက်ပေးရန် အလေးအနက်ထား တိုက်တွန်းလိုပါကြောင်း
ဆွေးနွေးသည်။
မွန်ပြည်နယ်
မဲဆန္ဒနယ်အမှတ်(၁၁)မှ ဦးလှမြင့်(ခ) ဦးလှမြင့်သန်း၊ ရန်ကုန်တိုင်း ဒေသကြီး
မဲဆန္ဒနယ်အမှတ်(၄)မှ ဦးသန်းစိုး(ခေါ်) သန်းစိုး (ဘောဂဗေဒ)၊ ဘားအံမဲဆန္ဒ နယ်မှ
ဒေါ်နန်းသန်းသန်းလွင်၊ တောင်ကြီး မဲဆန္ဒနယ်မှ ဒေါက်တာဒေါ်သန်းငွေ၊ မင်းဘူး မဲဆန္ဒနယ်မှ
ဦးဝင်းဝင်း၊ သံတောင်ကြီးမဲဆန္ဒနယ်မှ ဦးစောဗစ်တာခလိုက်၊ကရင် ပြည်နယ် မဲဆန္ဒနယ်အမှတ်(၇)မှ ဒေါ်နော်ခရစ္စထွန်း၊ ကယားပြည်နယ်
မဲဆန္ဒနယ်အမှတ် (၉)မှ ဦးစိုးသိန်းတို့က အကြံပြုထောက်ခံ ဆွေးနွေးကြသည်။
ပြည်ထောင်စု
အစိုးရအဖွဲ့မှပေးပို့သော ၂၀၁၆-၂၀၁၇
ဘဏ္ဍာရေးနှစ် ပထမ ၆လပတ် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ အစီရင်ခံစာ အပေါ်
ပြည်သူ့ငွေ စာရင်းပူးပေါင်း ကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထား မှတ်ချက်
အစီရင်ခံစာ (၇/၂၀၁၆)နှင့်စပ်လျဉ်း၍ ကျောက်ဆည်မဲဆန္ဒနယ်မှ ဒေါက်တာ တင်အောင်၊
မိုးညိုမဲ ဆန္ဒနယ်မှ ဦးကျော်မျိုးမင်း ဆွေးနွေးကြပြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမောင်မောင်ဝင်းက
နိုင်ငံတော်၏ စီးပွားရေး လုပ်ငန်းများ ပိုမိုအောင် မြင်စေရန် ပြောင်းလဲ
လုပ်ကိုင်နိုင်ခြေရှိသည့် လုပ်ငန်းများကို ပြောင်းလဲလုပ်ကိုင်ဆောင် ရွက်နိုင်စေရန်
အဖွဲ့အစည်း တစ်ခုချင်းစီ၏ ပကတိ အခြေအနေများကို အလေးထား စိစစ်ပြီး ဆောင်ရွက်
သွားမည် ဖြစ်ပါကြောင်းနှင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် ပထမ ၆ လပတ် ပြည်ထောင်စု၏ ဘဏ္ဍာငွေ
အရအသုံးဆိုင်ရာ အစီရင်ခံစာအပေါ် ပြည်သူ့ငွေစာရင်း ပူးပေါင်း ကော်မတီ၏
လေ့လာတွေ့ရှိချက်နှင့် သဘောထား မှတ်ချက် အစီရင်ခံစာ (၇/၂၀၀၆)ပါ အချက်အလက်များကို
အလေးထား ဆောင်ရွက် သွားမည် ဖြစ်ပါကြောင်း ရှင်းလင်းသည်။
ယင်းအစီရင်ခံစာကို
လွှတ်တော်က အတည်ပြုကြောင်း ဆုံးဖြတ်ခဲ့သည်။
မျိုးမြင့် (သတင်းစဉ်)

No comments:
Post a Comment