Saturday, December 17, 2016

သီပေါမင်းတရားကြီး နတ်ပြည်စံသက် နှစ်တစ်ရာပြည့် အလှူအခမ်းအနား ကျင်းပ



မြန်မာနိုင်ငံ၏ နောက်ဆုံးမင်းဆက် သီပေါမင်း နတ်ပြည်စံသက် နှစ်တစ်ရာပြည့် အလှူ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အိန္ဒိယ သမ္မတနိုင်ငံ၊ ရတနာဂီရိမြို့ရှိ သီပေါမင်းတရားကြီး အုတ်နန်း ပြဿဒ်ဆောင်၌ ကျင်းပသည်။

အခမ်းအနားသို့ နိုင်ငံတော် သံဃမဟာ နာယက အဖွဲ့ဥက္ကဋ္ဌ ဆရာတော် အဘိဓဇ မဟာရဋ္ဌဂုရု ၊ အဘိဓဇ အဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဒေါက်တာ ဘဒ္ဒန္တကုမာရာ ဘိဝံသ၊ သီတဂူဆရာတော် ဒေါက်တာ ဘဒ္ဒန္တ ဉာဏိဿရ အမှူးပြုသော သံဃာတော်များ တက်ရောက် ချီးမြှင့်တော်မှုကြပြီး ဒုတိယသမ္မတ ဦးမြင့်ဆွေ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ သီပေါမင်း၏ မြစ်တော် ဦးစိုးဝင်းနှင့် သီပေါမင်း၏ ဆွေတော် မျိုးတော်များ၊ အိန္ဒိယ ဗဟိုအစိုးရမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။
ရှေးဦးစွာ မြန်မာကိုယ်စားလှယ် အဖွဲ့သည် သီပေါမင်းတရားကြီး၏ အုတ်နန်း ပြဿဒ်အား ကြည့်ရှုကြသည်။ ထို့နောက်  နိုင်ငံတော် သံဃမဟာ နာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော် ဒေါက်တာ ဘဒ္ဒန္တကုမာရာ ဘိဝံသမှ ငါးပါးသီလ ခံယူ ဆောက်တည်ကြပြီး  ဆရာတော်၊ သံဃာတော်များထံမှ ပရိတ်တရားတော်များ နာယူကြသည်။
ယင်းနောက် ဒုတိယသမ္မတ ဦးမြင့်ဆွေ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အခမ်းအနားသို့ တက်ရောက် လာကြသူများက သံဃာတော်များအား လှူဖွယ် ပစ္စည်းများ ဆက်ကပ် လှူဒါန်းကြပြီး ရေစက်သွန်းချ အမျှ ပေးဝေကြသည်။ ဆက်လက်၍ သီပေါမင်း၏ အနွယ်တော်များမှ ဆက်သွင်းသော သံတော်ဦး တင်လွှာနှင့် ရေစက်ချ စာတမ်းများအား အနွယ်တော်များ ကိုယ်စား သီပေါမင်း တရားကြီး၏ မြစ်တော်များ ဖြစ်ကြသော မဟာစန္ဒကုမာရ ဦးစိုးဝင်းနှင့် ဒေါ်ဒေ၀ီခင်တို့မှ ဆက်သွင်း ဖတ်ကြားကြပြီး အခမ်းအနားကို  ရုပ်သိမ်းလိုက်သည်။          
ထို့နောက် နိုင်ငံတော် သံဃမဟာ နာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော် ဒေါက်တာ ဘဒ္ဒန္တကုမာရာ ဘိဝံသ ဦးဆောင်သည့် မြန်မာ ကိုယ်စားလှယ် အဖွဲ့သည် သီပေါမင်း စံအိမ်တော်သို့ သွားရောက် ကြည့်ရှု လေ့လာကြရာ တာဝန်ရှိသူများက လိုက်လံ ရှင်းလင်း ပြသကြသည်။
ယင်းနောက် ဒုတိယသမ္မတ ဦးမြင့်ဆွေ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် သီပေါမင်း၏ အနွယ်တော်များက နိုင်ငံတော်သံဃ မဟာ နာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော် ဒေါက်တာ ဘဒ္ဒန္တကုမာရာ ဘိဝံသ အမှူးပြုသော သံဃာတော်များအား Land Mark Hotel ၌ နေ့ဆွမ်း ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သတင်း ရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment