Saturday, December 17, 2016

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်း မန္တလေး တိုင်းဒေသကြီးရှိ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲများနှင့် တွေ့ဆုံ



မန္တလေး ဒီဇင်ဘာ ၁၆
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းသည် ယနေ့မွန်းလွဲပိုင်း တွင် မန္တလေး တိုင်းဒေသကြီးအတွင်းရှိ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်မှ တာဝန်ရှိသူများနှင့်တွေ့ဆုံသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းက ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲသည် ပြည်သူလူထုနှင့် နိုင်ငံတော်က လက်ခံသော ရွေးကောက်ပွဲ တစ်ရပ်ဖြစ်ခဲ့သော်လည်း အနည်းနှင့် အများဆိုသကဲ့သို့ အားနည်ချက်များ၊ အခက်အခဲများ ကြုံတွေ့ခဲ့ရမည် ဖြစ်ကြောင်း၊ မန္တလေး တိုင်းဒေသကြီးတွင် လစ်လပ်မဲဆန္ဒနယ် မရှိသည့်အတွက် ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပပေးရန် မရှိသော် လည်း ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲ အတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ အတွေ့အကြုံများကို ပြန်လည် သုံးသပ်ပြီး လာမည့် ရွေးကောက်ပွဲများကို အများပြည်သူ ယုံကြည် လက်ခံသော ရွေးကောက်ပွဲ အဖြစ် ကျင်းပပေးနိုင်ရန် အဖွဲ့ခွဲ အဆင့်ဆင့်အနေနှင့် ပြင်ဆင် ဆောင်ရွက်ထားရမည် ဖြစ်ကြောင်း၊ အခက်အခဲများနှင့် ပတ်သက်ပြီး ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်မှ ဆင့်ကဲဆင့်ကဲ တင်ပြချက်များ အပေါ် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အနေဖြင့် အချိန်နှင့် တစ်ပြေးညီ ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း၊ တာဝန်ရှိသူများ အနေဖြင့်လည်း တင်ပြချက်ကိုသာ စောင့်ဆိုင်းအနေဘဲ လက်အောက်ကိုလည်း အမြဲကြီးကြပ် ဆောင်ရွက်ပေးရန် လိုကြောင်း၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင် တီထွင်မှုရှိရန်နှင့် လေလွင့်မှု မရှိစေရန် လိုအပ်ကြောင်း ပြောကြားသည်။
ယင်းနောက် မန္တလေး တိုင်းဒေသကြီး အတွင်းရှိ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ အဆင့်ဆင့်မှ တာဝန်ရှိသူများက ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် ကြုံတွေ့ခဲ့ရသည့် အခက်အခဲများ၊ လတ်တလော ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် အခက်အခဲများကို တင်ပြကြသည်။
တင်ပြချက်များအပေါ် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌနှင့် ကော်မရှင်အတွင်းရေးမှူးတို့က ပြန်လည် ရှင်းလင်း ပြောကြားပြီး တွေ့ဆုံပွဲကို ရုပ်သိမ်း လိုက်သည်။
တွေ့ဆုံပွဲသို့ မန္တလေး တိုင်းဒေသကြီးအတွင်းရှိ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ အဆင့်ဆင့်မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ သတင်းမီဒီယာများ တက်ရောက်ကြသည်။
အေးမြ (မန္တလေး)

No comments:

Post a Comment