Friday, December 30, 2016

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မြန်မာ- ဂျပန်အမျိုးသမီးကင်းထောက်များ၏ စခန်းချမီးပုံပွဲသို့ တက်ရောက်အမှာစကားပြောကြား




နေပြည်တော် ဒီဇင်ဘာ(၃၀)
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ညပိုင်းတွင် နေပြည်တော်ရှိ အားကစား လေ့ကျင့်ရေးစခန်း (Gold Camp) ၌ မြန်မာကင်းထောက် အမျိုးသမီးအဖွဲ့နှင့် ဂျပန်ကင်းထောက် အမျိုးသမီးအဖွဲ့တို့ပူးပေါင်း၍ စတုတ္ထအကြိမ် အပြည်ပြည်ဆိုင်ရာ စခန်းချသင်တန်း(Fourth International Camp for MMGG and GSJ) တက်ရောက်လျက်ရှိသည့် မြန်မာ-ဂျပန်
အမျိုးသမီး ကင်းထောက်များ၏ စခန်းချ မီးပုံပွဲသို့ တက်ရောက်အမှာစကား ပြောကြားသည်။
စခန်းချမီးပုံပွဲတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တောစခန်းထွက်သည့် အတွက် တစ်ယောက်နှင့် တစ်ယောက် ရင်းနှီးမှုများရရှိပါကြောင်း၊ ကင်းထောက်များအား သင်ကြားပေးသည့်လက်တွေ့ကျကျ ပညာများကိုလေ့ကျင့် နိုင်ရန် ဟုနားလည်ပါကြောင်း၊ အရေးကြီးသည်မှာ မိတ်ဖြစ်ဆွေဖြစ် အားလုံးစုစုရုံးရုံးနှင့် နေနိုင်ရန်ဖြစ်ကြောင်း၊ ယခုလိုတောစခန်း ထွက်ခြင်းအားဖြင့် အခြားနိုင်ငံမှ ကင်းထောက်များနှင့် ပိုမိုသိကျွမ်းရန် အခွင့်အရေးရပါကြောင်း၊ မိမိတို့ ငယ်စဉ်ကတော့ စခန်းထွက်သည့်အခါ ထိုင်းနိုင်ငံမှ ကင်းထောက်များပထမဆုံး လာရောက်ပြီး မိမိတို့နှင့် အတူ တစ်ပတ်၊ နှစ်ပတ်ကြာ နေထိုင်သွားပါကြောင်း၊ ယခုကဲ့သို့ ဂျပန်နိုင်ငံမှ ကင်းထောက် များလာရောက်ခြင်းဖြင့် ကင်းထောက်များအကြားတွင် သိကျွမ်းနိုင်သလို ယဉ်ကျေးမှုချင်း ဖလှယ်နိုင်ရန် အခွင့်အလမ်း ရရှိနိုင်ပါကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံအမျိုးသမီး ကင်းထောက်ချုပ် ဒေါက်တာ ဒေါ်တင်လှကြည်နှင့် ဂျပန်နိုင်ငံအိုကာဆာ အမျိုးသမီး ကင်းထောက်အဖွဲ့မှ Ms.Kuniko Tatamitani က ကျေးဇူးတင်စကားပြောကြားသည်။
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အား ဂျပန်နိုင်ငံအိုကာဆာ အမျိုးသမီးကင်းထောက်အဖွဲ့မှ Chief Executive Organizer Ms.Kuniko Tatamitani၊ အပြည်ပြည်ဆိုင်ရာ ကော်မရှင်နာ Ms. Michiko Hanaoka၊ မြန်မာနိုင်ငံ အမျိုးသမီး ကင်းထောက်ချုပ် ဒေါက်တာ ဒေါ်တင်လှကြည်နှင့်နှင့် ဒုတိယ ကင်းထောက်ချုပ် ဒေါ်ခင်စောဥမ္မာတို့က အမှတ်တရ လက်ဆောင်ပစ္စည်း ပေးအပ်ကြ သည်။
ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ ဒုတိယ၀န်ကြီး၊ တာဝန်ရှိသူများ၊ မြန်မာ-ဂျပန် ကင်းထောက်မယ်များနှင့် အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
ထို့နောက် စခန်းချမီးပုံပွဲကိုကျင်းပရာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ မြန်မာနိုင်ငံ အမျိုးသမီး ကင်းထောက်ချုပ် ဒေါက်တာ ဒေါ်တင်လှကြည်နှင့်နှင့် ဒုတိယ ကင်းထောက်ချုပ် ဒေါ်ခင်စောဥမ္မာ၊ ဂျပန်နိုင်ငံ အိုကာဆာ အမျိုးသမီး ကင်းထောက်အဖွဲ့မှ Chief Executive Organizer Ms.Kuniko Tatamitani ၊ အပြည်ပြည်ဆိုင်ရာ ကော်မရှင်နာ Ms. Michiko Hanaoka၊ တို့က စတင်မီးညှိပေးကြသည်။
ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် မြန်မာ- ဂျပန်ကင်းထောက် မယ်များ၏  ကင်းထောက်တေးသီချင်း ဖျော်ဖြေမှုများကိုကြည့်ရှုအားပေးသည်။
ယခု စတုတ္ထအကြိမ် အပြည်ပြည်ဆိုင်ရာ စခန်းချသင်တန်းကို ဒီဇင်ဘာ(၂၈) ရက်မှ (၃၁)ရက်အထိ စခန်းချ လေ့ကျင့်လျက်ရှိပြီး သင်တန်းတွင် အခြေခံပညာကျောင်း များ၊ တက္ကသိုလ်၊ ကောလိပ်များမှ မြန်မာ ကင်းထောက် အမျိုးသမီး(၉၂)ဦး၊ ဂျပန်နိုင်ငံမှ ကင်းထောက်အမျိုးသမီး(၄၁)ဦး စခန်းချလေ့ကျင့်လျက် ရှိကြောင်း သိရသည်။

No comments:

Post a Comment