Friday, December 30, 2016

အမျိုးသားအဆင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ဗဟိုကော်မတီ(၂/၂၀၁၆) လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်အမှာစကားပြောကြား


နေပြည်တော် ဒီဇင်ဘာ ၃၀
အနာဂတ် မျိုးဆက်သစ်များ လက်ဝယ်သို့ ပိုမိုကောင်းမွန်၊ ပိုမိုသန့်ရှင်း၊ ပိုမို ရေရှည်တည်တံ့သော သဘာဝပတ်ဝန်းကျင်ကို လွှဲပြောင်းပေးနိုင်ရန် ယနေ့ မိမိတို့အား လုံး ညီညီညွတ်ညွတ် တာဝန်သိသိ အားထုတ်ကြရန် အရေးကြီးပါကြောင်း အမျိုးသား အဆင့်  ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဗဟိုကော်မတီ နာယက ဒုတိယသမ္မတ ဦးမြင့်ဆွေက ပြောကြားသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ ယနေ့နံနက်  ၉ နာရီတွင် ကျင်းပသည့် အမျိုးသားအဆင့်  ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဗဟိုကော်မတီအစည်းအဝေးတွင် ဒုတိယသမ္မတက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ထို့ပြင် ဒုတိယသမ္မတက မြန်မာနိုင်ငံသည် သဘာဝပတ်ဝန်းကျင်နှင့် ရာသီဥတု ပြောင်းလဲမှုဒဏ်ကို ကိုယ်တွေ့ ခံစားနေရပြီဖြစ်သည့်အတွက် အစစအရာရာ သတိရှိရှိ ကြိုးပမ်း ဆောင်ရွက်ကြရန်၊ ယခုလိုဆောင်ရွက်သည့်အခါတွင် စာရွက်ပေါ်က စီမံကိန်း များ၊ အစီအစဉ်များ သက်သက် မဖြစ်စေဘဲ လက်တွေ့ကျပြီး အလုပ်ဖြစ်အောင် ဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ်ကြောင်း။
စက်မှုဖွံ့ဖြိုးရေးတွင် သဘာဝပတ်ဝန်းကျင်ကို လျစ်လျူရှုရာမရောက်အောင် လည်း မိမိတို့အထူးသတိထားရန်လိုကြောင်း၊ သဘာဝပတ်ဝန်းကျင် ထိခိုက်နစ်နာမှု အနည်းဆုံးဖြစ်အောင် အစဉ်အမြဲနှလုံးသွင်းနေရမည်ဖြစ်ကြောင်း၊ မြန်မာ့လူ့အဖွဲ့ အစည်းတစ်ရပ်လုံးတွင် အဲ့ဒီအသိ ကျယ်ကျယ်ပြန့်ပြန့်ရှိနေစေဖို့ ကြိုးပမ်းကြရမည် ဖြစ်ကြောင်း ပြောကြားသည်။
မြန်မာနိုင်ငံသည် သဘာဝဘေးအန္တရာယ် ပြင်းထန်စွာခံစားရနိုင်သည့် နိုင်ငံများ တွင် ပါဝင်နေသည့်အပြင် ရာသီဥတုပြောင်းလဲမှုကို လက်တွေ့ တွေ့ကြုံနေရပါ ကြောင်း။
သက်ဆိုင်ရာဌာနများ၊ တိုင်းဒေသကြီး/ ပြည်နယ်များတွင် ခွင့်ပြုဆောင်ရွက်နေ သည့် စက်ရုံ၊ အလုပ်ရုံများနှင့် သယံဇာတအခြေခံ စီမံကိန်းလုပ်ငန်း စာရင်းများနှင့် ဆက်စပ်သည့် အချက်အလက်များ စုစည်းပေးနိုင်ရန်၊ လက်ရှိလည်ပတ်ဆောင်ရွက် နေသည့်  စက်ရုံ၊ အလုပ်ရုံများနှင့် သယံဇာတအခြေခံစီမံကိန်းလုပ်ငန်းများကြောင့် သဘာဝနှင့် လူမှုပတ်ဝန်းကျင်အပေါ် ဆိုးကျိုးသက်ရောက်မှုများ မဖြစ်ပေါ်အောင် ဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ စစ်ဆေးကြပ်မတ်သွားနိုင်ရန် တိုင်းဒေသကြီး/ ပြည်နယ်အဆင့် ကြီးကြပ်မှု ကော်မတီများ၏ ဦးဆောင်ကြီးကြပ်မှုနှင့် လိုအပ်သည့် လုပ်ငန်းအဖွဲ့များ ဖွဲ့စည်းပြီး ကွင်းဆင်း စစ်ဆေးမှုများကို အစီအမံ ရေးဆွဲဆောင်ရွက်သွားရန် လိုကြောင်း ဒုတိယသမ္မတက ပြောကြားသည်။
ထို့ပြင် ဒုတိယသမ္မတကယနေ့ အချိန်အခါအရ လူဦးရေ တိုးပွားမှု၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာမှုနှင့်အတူ မြို့ကြီးများ တိုးချဲ့ရာတွင် မြို့ပြဒေသပတ်ဝန်းကျင် စီမံခန့်ခွဲမှုများအတွက် ဇုန်နယ်မြေများသတ်မှတ်ပြီး မြေအသုံးချမှု၊ လူနေအိမ်ရာ ချထားမှု၊ စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှု များကို ဖြစ်ပေါ်တိုးတက်လာသည့် ခေတ်စနစ်နှင့် အညီ စီမံခန့်ခွဲခြင်း၊ နည်းပညာများ အဆင့်မြှင့်တင်ခြင်းတို့ကို ဆောင်ရွက်သွားရန် လိုအပ်ကြောင်း။
လက်တွေ့နယ်ပယ်တွင် ကြုံတွေ့နေရသည့် ခရိုင်၊ မြို့နယ်အဆင့် ပတ်ဝန်းကျင် ဆိုင်ရာ ပြဿနာများကို ထိထိမိမိ ပေါင်းစပ်ဖြေရှင်းနိုင်ရန်အတွက် တိုင်းဒေသကြီး၊ ပြည်နယ်ကြီးကြပ်မှုအောက်တွင် ခရိုင်အဆင့်၊ မြို့နယ်အဆင့် ကြီးကြပ်မှုကော်မတီ များကို ဆက်လက်ဖွဲ့စည်းသွားနိုင်ရေးကိုလည်း ဆွေးနွေးပေးကြရန် တိုက်တွန်း လိုကြောင်း။
မြန်မာနိုင်ငံအနေဖြင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်း/ပြည်ပ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို ဖိတ်ခေါ်အားပေးဆောင်ရွက်လျက်ရှိရာတွင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများကို ပေါင်းစပ်ဆောင်ရွက်သွားနိုင်ရန်နှင့် နိုင်ငံတကာ စံချိန် စံညွှန်းများနှင့်အညီ ဆောင်ရွက်သွားနိုင်ရန်အတွက် ပုဂ္ဂလိကကဏ္ဍ ရင်းနှီးမြှုပ်နှံသူ များနှင့် အစိုးရမဟုတ်သည့် အဖွဲ့အစည်းများ၊ အရပ်ဘက်လူမှုအဖွဲ့ အစည်းများ၏ အခန်းကဏ္ဍသည် အလွန်အရေးကြီးပါကြောင်း ပြောကြားသည်။
ယင်းနောက် ဗဟိုကော်မတီဥက္ကဋ္ဌ သယံဇာတနှင့် သဘာဝတ်ပတ်ဝန်းကျင်ထိန်း သိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ကော်မတီအနေဖြင့် ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များ၏ အဓိကအချက်မှာ အမျိုးသားအဆင့်၊ တိုင်းဒေသကြီး၊ ပြည်နယ်အဆင့် ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များတွင် ပတ်ဝန်းကျင်ထိန်းသိမ်း ရေးဆိုင်ရာ ကိစ္စရပ်များကို ကဏ္ဍအလိုက်စနစ်တကျ ထည့်သွင်းပေါင်းစပ် အကောင် အထည်ဖော် ဆောင်ရွက်သွားနိုင်ရန်ဖြစ်ကြောင်း၊ မူဝါဒမဟာဗျူဟာနှင့် လုပ်ငန်းအစီ အစဉ်များ၊ ဥပဒေပိုင်းဆိုင်ရာ ရေးဆွဲဆောင်ရွက်မှုများ ဆောင်ရွက်နေသကဲ့သို့ ပညာ ရေးနှင့် အသိပညာပြန့်ပွားရေးကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားရန်ဖြစ်ကြောင်း၊ ထုတ်ပြန်ထားသည့် ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများ နှင့်အညီ ကြပ်မတ်ဆောင် ရွက်မှုများကို ဆိုင်ရာကဏ္ဍအလိုက်၊ သက်ဆိုင်ရာဌာနအဖွဲ့ အစည်းများနှင့် ပေါင်းစပ်ပြီး အကောင်အထည်ဖော်ဆောင်ရွက်သွားရန်ဖြစ်ကြောင်း၊ စိတ်စေတနာထက်သန်မှုကို အခြေခံပြီး အပြန်အလှန်ခင်မင် လေးစားမှုဖြင့် ညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်သွားခြင်းဖြင့် ရေရှည်တည်တံ့သောလူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက် မှုများ ဖြစ်ပေါ်လာမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ဗဟိုကော်မတီဝင် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်တင်က နိုင်ငံတကာနှင့် နိုင်ငံတကာအဖွဲ့အစည်းများဖြင့် ပူးပေါင်းပြီး ပတ်ဝန်း ကျင် ထိန်းသိမ်းရေးလုပ်ငန်းများအတွက် အကူအညီရယူဆောင်ရွက်သွားရေး လုပ်ငန်း စဉ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ မူဝါဒ၊ ဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံး လုပ်နည်းများနှင့် စံချိန်စံညွှန်းဆိုင်ရာ လုပ်ငန်းကော်မတီ၊ စက်မှုစီမံကိန်းများ၊ မြို့ပြနှင့် ရပ်ရွာများ၏ ပတ်ဝန်းကျင်နှင့် စွန့်ပစ်ပစ္စည်း စီမံအုပ်ချုပ်မှုဆိုင်ရာ လုပ်ငန်းကော်မတီ၊ သဘာဝ သယံဇာတ၊ ဇီဝမျိုးစုံ မျိုးကွဲနှင့် ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းရေးဆိုင်ရာ လုပ်ငန်းကော်မတီ၊ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ လျှော့ချရေးနှင့် လိုက်လျောညီထွေ ဖြစ်စေရေး လုပ်ငန်းကော်မတီ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ လူ့စွမ်းအားအရင်း အမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ ပညာရေးနှင့် အသိပညာပြန့်ပွားရေးလုပ်ငန်းကော်မတီ၊ အစိမ်းရောင်စီးပွားရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ လုပ်ငန်းကော်မတီတို့မှ တာဝန်ရှိသူ များက သက်ဆိုင်ရာ ကော်မတီအလိုက် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး  ဗဟိုကော်မတီအတွင်းရေးမှူး ညွှန်ကြားရေးမှူးချုပ် ဦးလှမောင်သိန်း က ဗဟိုကော်မတီအနေဖြင့် လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြ သည်။
ဆက်လက်၍ အစိုးရမဟုတ်သော အဖွဲ့အစည်း၊ အရပ်ဖက်အဖွဲ့အစည်းနှင့် ပုဂ္ဂလိကအဖွဲ့အစည်းတို့မှ ပညာရှင်များက ရာသီဥတုဆိုးရွားလာမှု ဖြစ်စဉ်များ၊ ရင်ဆိုင်ကြုံတွေ့ရသည့် သဘာဝဘေးအန္တရာယ်များနှင့် ရာသီဥတုပြောင်းလဲမှုဖြစ်စဉ် များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီတို့မှ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၊ ဗဟိုကော်မတီဝင်များနှင့် တာဝန်ရှိသူများက ပတ်ဝန်း ကျင်ထိန်းသိမ်းရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြ ကြသည်။

No comments:

Post a Comment