Thursday, December 15, 2016

လက်နက်ကိုင်တစ်စုက ရွာသားတစ်ဦးအား ဖမ်းဆီးခေါ်ဆောင် လက်လုပ်မိုင်းများ ဖမ်းဆီးရမိ



နေပြည်တော် ဒီဇင်ဘာ ၁၅
ရခိုင်ပြည်နယ် မောင်တောမြို့နယ် သဝန်ချောင်းကျေးရွာအတွင်း လက်နက်ကိုင် တစ်စုက ရွာသားတစ်ဦးအား ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဖုန်းသတင်းပေးပို့ချက် ရရှိ၍ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဒီဇင်ဘာ ၁၃ ရက် ည ၉နာရီ ၄၅မိနစ်တွင် သွားရောက် စစ်ဆေးခဲ့ရာ လက်နက်ကိုင် ၁၇ ဦးခန့်က သဝန်ချောင်း မြောက်ရွာနေ အလုပ်သမားခေါင်းဆောင် ဟာဘီရော်မာန်အား ဖမ်းဆီးသွားကြောင်း သိရသည်။

ကိုးတန်ကောက်ကျေးရွာနေ မော်လဝီဇူပိုင်ခေါင်းဆောင်သည့်အဖွဲ့သည် ရွာ၏ အရှေ့ဘက်မှ ဝင်ရောက်၍ ဟာဘီရော်မာန်အား ဖမ်းဆီးကာ ၄င်း၏နေအိမ်နှင့် ရွာထဲ၌ သေနတ်တစ်ချက်စီ ပစ်ဖောက် ခြောက်လှန့်ခဲ့ပြီး သဝန်ချောင်းရွာသစ်ဘက်သို့ ခေါ်ဆောင်ပြီး ၎င်းတို့တွင် သေနတ် ၂ လက် ပါရှိကြောင်း သိရသည်။
ဟာဘီရော်မာန်၏ နေအိမ်မီးဖိုချောင်းအတွင်းမှ ကျည်ခွံ (၁) ခု သိမ်းဆည်းရမိ ခဲ့ပြီး လုံခြုံရေး တပ်ဖွဲ့ဝင်များသည် သဝန်ချောင်းရွာအရှေ့ဘက် နယ်မြေရှင်းလင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဆက်လက်၍ ရခိုင်ပြည်နယ် မောင်တောမြို့နယ် လိပ်အိုင်ရွာ အနီးပတ်ဝန်းကျင် ၌  လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဒီဇင်ဘာ ၁၄ ရက်မွန်းလွဲပိုင်းက နယ်မြေရှင်းလင်းရေး ဆောင်ရွက်စဉ် ဓနိတောအတွင်း ဝှက်ထားသည့် အလျားပေ ၉၀၊ အနံ ၄ ပေခွဲရှိ ပြောက်ကျားယူနီဖောင်းစပိတ်အုပ် ၂ အုပ် ဖော်ထုတ်သိမ်းဆည်းရမိခဲ့ကြောင်း သိရ သည်။
ညနေပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် မယင်းတောင်နှင့် မျောတောင်အနီး တောင်ကုန်းများအား ရှင်းလင်းရာခြုံအတွင်းမှ ဆာလာအိတ်ဖြင့် ထုပ်ထားသည့် အသက်သွင်းပြီး လက်လုပ်မိုင်း ၂လုံး ၊ မိုင်းပြုလုပ်ရာတွင်အသုံးပြုသည့် ကားပင်စတင် ၄လုံးတို့အား ဖော်ထုတ်သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

No comments:

Post a Comment