ရှမ်းပြည်နယ်(တောင်ပိုင်း)
တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့တွင် (၁၇) ကြိမ်မြောက် ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်
ဥက္ကဋ္ဌဖလားနှင့် ကျောက်တလုံးကြီးဒေသ ဥက္ကဋ္ဌဖလားကျေးရွာ ပေါင်းစုံဘောလုံးပြိုင်ပွဲကို ဒီဇင်ဘာလ
(၁၄)ရက် နံနက်(၉)နာရီက ကျောက်တလုံးကြီးမြို့၊ နောင်ကားစံပြကျေးရွာ၊ နောင်ကားဈေးကွင်း၌ ကျင်းပပြုလုပ်ရာ ပအိုဝ်းအမျိုးသား ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ
ဦးခွန်စံလွင်၊ ပြိုင်ပွဲကျင်းပရေးကော်မတီဥက္ကဋ္ဌ ဦးပီတာထွန်းနိုင် ၊ ပြည်သူ့လွှတ်တော်/
အမျိုးသားလွှတ်တော်/ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ ကျောက်တလုံးကြီး မြို့အုပ်ချုပ်ရေးမှူးနှင့်
မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ NGO/INGO များ၊ ပြိုင်ပွဲဝင်အသင်းသားများ၊ အ.ထ.က-ကျောက်တလုံးမှ
ကျောင်းသား ကျောင်းသူများနှင့် ဒေသခံ ပအိုဝ်းတိုင်းရင်းသား မိဘပြည်သူများ တက်ရောက်
ခဲ့ကြသည်။
ပြိုင်ပွဲကွင်းအတွင်းသို့
အ.ထ.က-ကျောက်တလုံး ကျောင်းသား/ကျောင်းသူများဘင်ခရာအဖွဲ့မှ ဦးဆောင်၍ ပြိုင်ပွဲကွင်း
အတွင်းသို့ ပြိုင်ပွဲအသင်းပေါင်း (၉၆) သင်းတို့နှင့် ချီတက်နေရာယူပြီး၊ ပြည်ထောင်စုသမ္မတမြန်မာ
နိုင်ငံတော်အလံအား တက်ရောက်လာသူများနှင့်ပြိုင်ပွဲဝင်များက အလေးပြု၍ စစ်ကြောင်းမှူးမှ
ပြိုင်ပွဲဝင် အသင်းပေါင်း (၉၆)သင်းနှင့် ပြိုင်ပွဲဝင် အသင်းသားပေါင်း(၁၉၂၀)ဦးရှိကြောင်း
သတင်းပို့ပြီး ပြိုင်ပွဲဝင် အသင်းများနှင့် အားကစားသစ္စာဓိဋ္ဌာန်(၄)ချက်ကို သံပြိုင်ရွတ်ဆိုအပြီးတွင်
ပအိုဝ်းအမျိုးသား ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးခွန်စံလွင်၊ ပြိုင်ပွဲကျင်းပရေးကော်မတီ
ဥက္ကဋ္ဌ ဦးပီတာထွန်းနိုင်တို့၏ အမှာစကားများကို နာခံခဲ့ကြသည်။
ယင်းနောက်
ပြိုင်ပွဲဝင်အသင်းများ ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာကြပြီး အ.ထ.က ကျောက်တလုံး ကျောင်းသား/
ကျောင်းသူများ ဘင်ခရာအဖွဲ့မှ သရုပ်ပြဖျော်ဖြေခဲ့ကြောင်း သိရသည်။
၎င်းနောက်
အလှူရှင်များမှ လှူဒါန်းသည့် အလှူငွေများကို ပြိုင်ပွဲကျင်းပရေးကော်မတီဥက္ကဋ္ဌ ဦးပီတာထွန်းနိုင်မှ
လက်ခံရယူသည်။
ထို့နောက်
ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ဥက္ကဋ္ဌဖလားဘောလုံးပြိုင်ပွဲ ယှဉ်ပြိုင်မည့် တောင်ကြီးအသင်းနှင့်
ပင်လောင်း အသင်းတို့ ကွင်းအတွင်း နေရာယူပြီး ပအိုဝ်းလှပျိုဖြူများမှ ယှဉ်ပြိုင်မည့်
အားကစားသမားများအား ပန်းဆီးဆက် ၍ လည်းကောင်း၊ ပအိုဝ်းအမျိုးသားဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဖလား
ဘောလုံးပြိုင်ပွဲ တာဝန်ရှိသူများတို့မှ ယှဉ်ပြိုင်မည့် အားကစားသမားများအား လက်ဆွဲနှုတ်ဆက်၍လည်းကောင်း
အသီးသီးဂုဏ်ပြုကြသည်။
ယင်းနောက်
ဒိုင်လူကြီးများ ဦးဆောင်၍ နှစ်ဘက်ကစားသမားများ ကွင်းအတွင်းနေရာယူအပြီးတွင် ပြိုင်ပွဲ
ကျင်းပရေး ကော်မတီဥက္ကဋ္ဌ ဦးပီတာထွန်းနိုင်မှ ဘောလုံးကန်၍ ဖွင့်လှစ်ယှဉ်ပြိုင်ပေးပြီး၊
ဘောလုံးပွဲအပြီးတွင် တောင်ကြီး အသင်းနှင့် ပင်လောင်း အသင်းတို့ တစ်ဖက် တစ်ဂိုးစီ သရေရလာဒ်ရရှိသွားကြောင်း
သတင်းရရှိသည်။
အဆိုပါဘောလုံးပြိုင်ပွဲသို့
ကျောက်တလုံးကြီး ဒေသအတွင်းရှိကျေးရွာများ၊ နီးစပ်သည့်မြို့နယ်များမှ ၀င်ရောက် ယှဉ်ပြိုင်ကြပြီး အသင်းပေါင်း(၉၆)သင်းအား ၂၀၁၇ခုနှစ် ဇန်န၀ါရီလ(၁၄)ရက်နေ့
အထိ ပြိုင်ပွဲကျင်းပ သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ခွန်အာကာ(ကျောက်တလုံးကြီး)
No comments:
Post a Comment