Friday, December 2, 2016

ခေတ်ပြိုင်သမိုင်းဆိုင်ရာ စာပေစာတမ်းဖတ်ပွဲနှင့် ဆောင်းရာသီ စာအုပ်ဈေးရောင်းပွဲတော် ဒုတိယနေ့ ဆက်လက်ကျင်းပ


သတင်း - ရီရီမြင့်၊ ဥမ္မာသန့်
ဓာတ်ပုံ - ဇော်မင်းလတ်
ရန်ကုန် - ဒီဇင်ဘာ ၂
ပြန်ကြားရေးဝန်ကြီးဌာနက ကြီးမှူးကျင်းပသည့် ခေတ်ပြိုင်သမိုင်းဆိုင်ရာ စာပေစာတမ်း ဖတ်ပွဲနှင့် ဆောင်းရာသီစာအုပ်ဈေးရောင်းပွဲတော် ဒုတိယနေ့ကို ယနေ့ နံနက် ၉ နာရီတွင် ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန ဗဟိုပုံနှိပ်စက်ရုံဝင်း၌ ဆက်လက် ကျင်းပသည်။



စာတမ်းဖတ်ပွဲ နံနက်ပိုင်းတွင်  သဘာပတိများအဖြစ်  ဦးကိုလေး(ကိုလေး-အင်းဝဂုဏ်ရည်)၊ ဦးအေးချို(ဦးအေးချို-မဟာဝိဇ္ဇာ)နှင့် ဒေါက်တာကျော်ဝင်း  တို့က ဆောင်ရွက် ကြပြီး  အလှည့်ကျ သဘာပတိ  ဦးကိုလေး(ကိုလေး-အင်းဝဂုဏ်ရည်) က  စာတမ်းရှင် ဒေါက်တာတိုးလှ နှင့်မိတ်ဆက်ပေးသည်။
ယင်းနောက် စာတမ်းရှင် ဒေါက်တာတိုးလှ က သမိုင်းနှင့် နိုင်ငံရေး စာတမ်းကို ဖတ်ကြားပြီး တက်ရောက်လာကြသူများက သိလိုသည်များကို မေးမြန်းကြရာ စာတမ်းရှင်က ပြန်လည်ဖြေကြားကာ  သဘာပတိများက စာတမ်းနှင့်စပ်လျဉ်း၍ သုံးသပ်ဆွေးနွေးကြသည်။
စာတမ်းဖတ်ပွဲ  မွန်းလွဲပိုင်းတွင်   သဘာပတိများအဖြစ် ဦးကျော်ဝင်း (မနုဿကျော်ဝင်း)၊ ဦးမြဟန်(မြဟန်)နှင့် ဦးအံ့ကျော် တို့က ဆောင်ရွက်ကြပြီး အလှည့်ကျ သဘာပတိ ဦးကျော်ဝင်း (မနုဿကျော်ဝင်း)က  စာတမ်းရှင်  ဦးအေးချို(ဦးအေးချို-မဟာဝိဇ္ဇာ)နှင့် မိတ်ဆက်ပေးသည်။
ယင်းနောက် စာတမ်းရှင် ဦးအေးချို(ဦးအေးချို-မဟာဝိဇ္ဇာ)က ၁၉၄၈ ခုနှစ် လွတ်လပ် ရေးအပေါ် ခေတ်ပြိုင်စာပေမှတ်တမ်းများအမြင် စာတမ်းကို ကိုဖတ်ကြားပြီး တက်ရောက် လာသူများ၏ မေးမြန်းမှုများကို   စာတမ်းရှင်က ပြန်လည် ရှင်းလင်းဖြေကြားကာ သဘာပတိ များက စာတမ်းနှင့်ပတ်သက်၍ သုံးသပ်ဆွေးနွေးကြသည်။
ဆက်လက်၍ သဘာပတိများအဖြစ် ဦးအံ့ကျော်၊ ဦးကျော်ဝင်း(မနုဿကျော်ဝင်း)နှင့် ဦးမြဟန်(မြဟန်)တို့က ဆောင်ရွက်ကြပြီး အလှည့်ကျ သဘာပတိ ဦးအံ့ကျော် က စာတမ်းရှင်  ဦးငွေတိုး(အခြေခံပညာ) (မောင်ကျော်ကျော်-ကွင်းကောက်)နှင့် မိတ်ဆက်ပေးသည်။
ယင်းနောက် စာတမ်းရှင် ဦးငွေတိုး(အခြေခံပညာ) (မောင်ကျော်ကျော်-ကွင်းကောက်) က အခြေခံ ပညာရေးကဏ္ဍကို လေ့လာသုံးသပ်ခြင်း စာတမ်း ကို ဖတ်ကြားပြီး တက်ရောက် လာကြသူများ၏ သိရှိလိုသည်များကို  စာတမ်းရှင်က ပြန်လည်ဖြေကြားကာ သဘာပတိ များက စာတမ်းနှင့်ပတ်သက်၍ သုံးသပ်ဆွေးနွေးကြသည်။
ထို့နောက်  တာဝန်ရှိသူများက သဘာပတိများနှင့် စာတမ်းရှင်များအား ဂုဏ်ပြု လက်ဆောင်များနှင့် ဥာဏ်ပူဇော်ခများ ပေးအပ်ချီးမြှင့်ကြသည်။
စာတမ်းဖတ်ပွဲ တတိယနေ့ကို  ဒီဇင်ဘာ ၃ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး စာတမ်းရှင် အောင်မြင့်ဦး (မဟာဝိဇ္ဇာ) က အမျိုးသားညီညွတ်ရေး၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီ ရေးနှင့်ပတ်သက်၍ ပြည်သူ့ရဲဘော်ကပေးသော သမိုင်းသင်ခန်းစာများ စာတမ်း၊   စာတမ်း ရှင် နေမျိုးအေး က ခေတ်ပြိုင်သမိုင်းဆိုင်ရာ နိုင်ငံရေးကာတွန်းများ စာတမ်း၊  စာတမ်းရှင် ထွန်းအောင်ကျော် က ပါလီမန်အစိုးရ၏ ၁၉၅၀ ပြည့်နှစ်များအတွင်း ဆောင်ရွက်ခဲ့သော မြေယာပြုပြင်ပြောင်းလဲရေး(Land Reform)ကို သမိုင်းရှုထောင့်မှ ချည်းကပ် လေ့လာခြင်း စာတမ်းနှင့် စာတမ်းရှင် သန်းဝင်းရွှေ က ခေတ်သစ်မြန်မာ့စီးပွားရေးသမိုင်းမှ ခေတ်ပြိုင် သမဝါယမ ပညာစာပေ စာတမ်းတို့ကို  ဖတ်ကြားကြမည်ဖြစ်သည်။
ခေတ်ပြိုင်သမိုင်းဆိုင်ရာ စာပေစာတမ်းဖတ်ပွဲနှင့် ဆောင်းရာသီစာအုပ်ဈေးရောင်း ပွဲတော်ကို  ဒီဇင်ဘာ ၄ ရက်အထိ ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေး နှင့် ထုတ်ဝေရေးဦးစီးဌာန ဗဟိုပုံနှိပ်စက်ရုံဝင်း၌ဆက်လက် ကျင်းပသွားမည်ဖြစ်ပြီး စာအုပ် ဆိုင်ပေါင်း ၂၂၀ ကျော်က သုတ၊ ရသ စာအုပ်များကို ဈေးနှုန်းချိုသာစွာရောင်းချ ပေးလျက် ရှိကြောင်း သိရသည်။ 

No comments:

Post a Comment