Friday, December 30, 2016

မဏ္ဍိုင် ၄ ရပ် အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပ


နေပြည်တော် ဒီဇင်ဘာ ၃၀

ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး မဏ္ဍိုင် ၃ ရပ်နှင့် စတုတ္ထမဏ္ဍိုင်ဖြစ်သည့် သတင်းမီဒီယာတို့အကြား ဟန်ချက်ညီ ပူးပေါင်းဆောင်ရွက်မှု တိုးတက်စေရန်၊ ပြည်သူများအား တိကျခိုင်မာသည့် သတင်းအချက်အလက်များ ပေးပို့နိုင်ရန်အတွက် မဏ္ဍိုင် ၄ ရပ် အလုပ်ရုံ ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန၌ ကျင်းပ သည်။
အလုပ်ရုံဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က  မဏ္ဍိုင် သုံး ရပ် မှ ပုဂ္ဂိုလ်များအနေဖြင့် မိမိတို့သည် ပြည်သူက ရွေးကောက် တင်မြှောက်ထားသည့် ပုဂ္ဂိုလ်များ၊ ကိုယ်စားပြုထားသည့် ပုဂ္ဂိုလ်များ ဖြစ်သည့်အတွက် ပြည်သူကို မိမိတို့က ဘာတွေ တာဝန်ယူ ဆောင်ရွက်နေသလဲဆိုတာ အစီရင်ခံရန်လိုအပ်မှု၊  မေးမြန်းမှုများကိုလည်း ဖြေကြားရန် လို အပ်မှုနှင့်  ကြားခံပစ္စည်းဖြစ်သည့် မီဒီယာများကို ပြည်သူနှင့် ပေါင်းကူးပေးသည့် တံတားများ အဖြစ် နားလည်လက်ခံပြီး ပူးပေါင်းဆောင်ရွက်များကို ယခုထက် ပိုမိုတိုးတက်အောင် ကျင့်သုံး ဆောင်ရွက်ပေးရန်၊ သတင်းမီဒီယာများအနေဖြင့်လည်း မဏ္ဍိုင်များ၏ ရပ်တည်ရသည့် အနေအထားများကို နားလည်သိရှိပြီး မိမိတို့ လွတ်လပ်ခွင့်ကို ကျင့်သုံးသည့်နေရာတွင်  ခလုတ်တိုက်မှုများ မရှိရန်နှင့် ခလုတ်ကန်သင်းဖြစ်မည့် အရာကို ရှင်းလင်းနိုင်ရန်အတွက် စနစ်တကျ ဥပဒေများ ပြုစု ပြဌာန်းခြင်း၊ လုပ်ထုံးလုပ်နည်းများ ဖြစ်လာရန်နှင့် ဓလေ့ထုံးစံများ ဖြစ်လာရန်  တည်ဆောက်သည့် နည်းလမ်းများကို ကျင့်သုံးဆောင်ရွက်ခြင်းအားဖြင့် မိမိတို့ တိုင်းပြည်တွင် မီဒီယာလွတ်လပ်ခွင့်များကို ပိုမိုတိုးတက်အောင် ဆောင်ရွက်နိုင်ကြပါစေ၊ မိမိတို့နိုင်ငံ၏ ဒီမိုကရေစီ စနစ်လည်း ပိုမိုဖွံ့ဖြိုးတိုးတက်အောင် အားလုံးဝိုင်းဝန်း ကူညီနိုင်ကြပါ စေ ဟု ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံ သတင်းမီဒီယာ ဒုတိယဥက္ကဋ္ဌ(၁) ဦးအောင်လှထွန်းက ၊ မီဒီယာ၏ သဘောသဘာဝကို ဆွေးနွေး ပြောကြားပြီး  တက်ရောက်လာသည့် မဏ္ဍိုင် ၃ ရပ်မှ တာဝန်ရှိ သူများ ၏ ပူးပေါင်းဆောင်ရွက်မှု၊ နားလည်မှုသည် သတင်းမီဒီယာသမားများအတွက် အရေးကြီး ပါကြောင်း၊ သို့မှသာ လွတ်လပ်၍ တရားမျှတသည့် သတင်းအချက်အလက်များကို ပြည်သူ များထံ အချိန်နှင့် တပြေးညီ ပေးပို့နိုင်မည် ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ အတွင်းရေးမှူး ဦးသီဟစောက မဏ္ဍိုင် ၄ ရပ် အလုပ်ရုံ ဆွေးနွေးပွဲ ဖြစ်ပေါ်လာပုံနှင့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။
ဆွေးနွေးပွဲ တက်ရောက်လာကြသူများက သတင်းအချက်အလက်များ မှန်ကန်မြန်ဆန် စွာ ဖြန့်ဖြူးပေးနိုင်ရေး၊ သတင်းရယူပိုင်ခွင့်တို့နှင့်စပ်လျဉ်းပြီး လွတ်လပ်ပွင့်လင်းစွာ အမြင်ချင်း ဖလှယ် ဆွေးနွေးကြသည်။
ယနေ့ကျင်းပသည့် အလုပ်ရုံဆွေးနွေးပွဲ ရလဒ်အနေဖြင့် သတင်းမီဒီယာသမားများသည်  ဌာနဆိုင်ရာ များနှင့် ပတ်သက်သည့် သတင်းရယူကြရာတွင် သတင်းမီဒီယာသမား ဖြစ်ကြောင်း အထောက်အထား လည်ဆွဲကတ်များ ချိတ်ဆွဲထားပြီး သတင်းရယူရန်၊  တိုင်းဒေသကြီး/ ပြည်နယ် အစိုးရ အဖွဲ့များတွင် ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်များနှင့် ပြောရေးဆိုခွင့်ရ အဖွဲ့ထားရှိရန် နှင့် အသစ်ပြောင်း လဲမှုများရှိပါက Update ပြုလုပ်ပေးရန်၊ သတင်းထောက်များကို အခြေခံ သတင်းကျင့်ဝတ်များ သိရှိစေရေး သင်တန်းများပေးရန်နှင့် အစိုးရအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူများ နှင့် ပူးပေါင်းပြီး သင်တန်းများပေးရန်တို့အတွက်  မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီမှ စီစဉ်ပေးရန်၊  မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီအနေဖြင့် ဒေသဆိုင်ရာ မီဒီယာသမား ဖွံ့ဖြိုး တိုးတက်လာရေး သင်တန်းများနှင့် အလုပ်ရုံဆွေးနွေးပွဲများ ဖွင့်လှစ်ကျင်းပပေးရန်၊  တရားရုံး အဆင့်ဆင့်တွင် သတင်းများရယူရာ၌ တရားရုံးသတင်းမီဒီယာလက်စွဲနှင့်အညီ သက်ဆိုင်ရာ တရားရုံး သတင်းပြန်ကြားရေးအရာရှိများ အနေဖြင့် ပူးပေါင်းဆောင်ရွက်ပေးရန်၊ အစိုးရဌာနများနှင့် လွှတ်တော်များတွင် Press Corner ထားရှိပေးရန်၊  တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရဌာနဆိုင်ရာ တာဝန်ရှိသူများက တိုင်းရင်းသားမီဒီယာသမားများ သတင်းရယူရာ တွင် တန်းတူအခွင့်အရေးရရှိရေး ဆောင်ရွက်ပေးရန်၊ တိုင်းဒေသကြီး၊ ပြည်နယ် လွှတ်တော် သတင်းရယူရာတွင် သတင်းပုံမှန်ရယူမည့် သတင်းထောက်အား ၁ နှစ် သက်တမ်း သက်သေခံ ကတ်ပြား ထုတ်ပေးရန် စသည့်အချက်များ အပါအ၀င် အချက် ၁၆ ချက်ပါ သဘောတူညီချက် များကို အတည်ပြုခဲ့ကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က နိဂုံးချုပ်အမှာစကားပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
မဏ္ဍိုင် ၄ ရပ် အလုပ်ရုံ ဆွေးနွေးပွဲကို နေပြည်တော်၌ ပထမဆုံးအကြိမ် အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီး ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင်လည်း ဆက်လက်ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment