Wednesday, December 28, 2016

လူရည်ချွန် (၁၉၆၄-၈၈)အဖွဲ့၏ ၂၀၁၆ ခုနှစ် နှစ်ပတ်လည်ညီလာခံနှင့်ညစာ စားပွဲကျင်းပ


သတင်း - ရီရီမြင့်
ဓာတ်ပုံ - ရဲထွဋ်
ရန်ကုန် - ဒီဇင်ဘာ ၂၈
လူရည်ချွန် (၁၉၆၄-၈၈)အဖွဲ့၏ ၂၀၁၆ ခုနှစ် နှစ်ပတ်လည်ညီလာခံနှင့်  ညစာ စားပွဲကို ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့ ပြည်လမ်းရှိ ဆေးတက္ကသိုလ်(၁) စာသင် ခန်းမနှင့် မြက်ခင်းပြင်တို့၌ ကျင်းပသည်။

လူရည်ချွန် (၁၉၆၄-၈၈)အဖွဲ့  နှစ်ပတ်လည်ညီလာခံကို ညနေ ၄ နာရီတွင် ဆေးတက္ကသိုလ်(၁) စာသင်ခန်းမ၌ကျင်းပရာ သဘာပတိအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်းက အဖွင့်အမှာစကားပြောကြားပြီး အတွင်းရေးမှူး ဦးကျော်ဌေး က အဖွဲ့၏ ၂၀၁၆ ခုနှစ် ပညာရေး၊ လူမှုရေးကဏ္ဍ ဆောင်ရွက် ချက်များကိုရှင်းလင်းတင်ပြသည်။
ထို့နောက် လူရည်ချွန် (၁၉၆၄-၈၈)အဖွဲ့၏ အထက်မြန်မာပြည်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်လေးက အဖွဲ့ခွဲ၏ လုပ်ငန်းဆောင်ရွက်ချက်များကို လည်းကောင်း၊ တွဲဖက် အတွင်း ရေးမှူး ဒေါက်တာခင်မောင်ထွေးက အဖွဲ့၏ ကျန်းမာရေး ကဏ္ဍဆောင်ရွက်ချက်များကိုလည်းကောင်း၊ ဒေါက်တာမီမီလွင်က ကချင်ပြည်နယ် နယ်လှည့်ကျန်းမာရေးစောင့်ရှောက်မှု ဆေးကုသခြင်းဆောင်ရွက်ချက်များကိုလည်း ကောင်း၊ ဘဏ္ဍာရေးမှူး ဒေါ်သီတာဦးက ဘဏ္ဍာရေးအစီရင်ခံစာကို လည်းကောင်း၊ စာရင်းစစ် ဒေါက်တာကျော်စိုးက စာရင်းစစ်အစီရင်ခံစာကိုလည်းကောင်း ရှင်းလင်း တင်ပြကြသည်။
ဆက်လက်၍ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးစိန်ဝင်းကိုယ်စား ဗိုလ်မှူးဇော်ဝင်းနိုင်(ငြိမ်း)က ဆေးတက္ကသိုလ်ပညာသင် ဆုရ  လူရည်ချွန်ကျောင်းသားတစ်ဦးအတွက် အလှူငွေကျပ် ၇၂ သိန်းကို  ပေးအပ် လှူဒါန်းရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က လက်ခံပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။
ယင်းနောက် ဒေါက်တာတင်ထွန်းဦးက လူရည်ချွန်ကုသိုလ်ဖြစ် ဆေးခန်းအတွက် ငွေကျပ်သိန်း ၂၀ ကိုပေးအပ်လှူဒါန်းရာ ကလေးအထူးကုဆရာဝန်ကြီး ဒေါက်တာ ဖေသက်ခင်က လက်ခံသည်။
ထို့နောက် လူရည်ချွန် (၁၉၆၄-၈၈)အဖွဲ့  နှစ်ပတ်လည်ညစာစားပွဲကို ဆေးတက္ကသိုလ်(၁) မြက်ခင်း၌ ဆက်လက်ကျင်းပရာ သဘာပတိအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်းက အဖွင့်အမှာစကားပြောကြားသည်။
ဆက်လက်၍ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် နှင့် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဒေါက်တာမြင့်ထွေး တို့က နှုတ်ခွန်း ဆက်စကား ပြောကြားကြသည်။
ယင်းနောက် ကမ္ဘောဇအနာဂတ်အလင်းတန်း မြန်မာဖောင်ဒေးရှင်းမှ လှူဒါန်း ငွေကျပ် သိန်း ၅၀၀ ကို ကမ္ဘောဇကုမ္ပဏီများအုပ်စု အကြီးတန်းအုပ်ချုပ်မှု ဒါရိုက်တာ ဦးညိုမြင့်နှင့် ဇနီး ဒေါက်တာနန်းခင်မေဖူး တို့ကပေးအပ်လှူဒါန်းရာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်နှင့်ဇနီး ဒေါက်တာ ခင်သန်းအေး တို့က လက်ခံသည်။
ထို့နောက် ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မျိုးဇော်သိန်း က ငွေကျပ် ၁၀ သိန်း၊ ဦးစိန်ဝမ်း + ဒေါ်မဉ္ဇူထွန်း တို့က လူရည်ချွန်ကုသိုလ်ဖြစ်ဆေးခန်းသို့ တန်ဖိုးငွေကျပ် ၁၁၄ သိန်းတန်ဖိုးရှိ Ultra-Sound စက်၊  မြစိမ်းရောင် ဆရာတော်အား ရည်စူး၍ ဒေါ်ညွန့်ယဉ်ဝင်းက   ငွေကျပ်သိန်း ၁၀၀ ၊ အောင်မြင်သူ ကုမ္ပဏီက ငွေကျပ် သိန်း ၁၀၀ ပေးအပ်လှူဒါန်းကြရာ လူရည်ချွန် (၁၉၆၄-၈၈)အဖွဲ့မှ တာဝန်ရှိသူများက လက်ခံကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ကာ ညစာဖြင့် တည်ခင်းဧည့်ခံ သည်။



No comments:

Post a Comment