Saturday, December 24, 2016

အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီးနှင့် နေပြည်တော်တို့၌ ဇန်နဝါရီလမကုန်ခင်စတင်နိုင်မည်

ရန်ကုန် ဒီဇင်ဘာ ၂၃
ပထမဦးဆုံးအကြိမ်ကျင်းပမည့် ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီးနှင့် နေပြည်တော်တို့၌ အမျိုးသားအဆင့်နိုင်ငံရေး ဆွေးနွေးပွဲများ စတင်နိုင်တော့မည်ဖြစ်ကြောင်း သိရသည်။ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (NCA) လက်မှတ်ရေးထိုးထားသောဒေသများမှ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပရန်
အဆင်သင့်ဖြစ်နေပြီဖြစ်သည့် တနင်္သာရီတိုင်းဒေသကြီး၌ ဒေသအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပွဲကို ယနေ့နံနက် ၁၀ နာရီက ရန်ကုန်မြို့ ရွှေလီလမ်းရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ရုံးခွဲ၌ ကျင်းပခဲ့သည်။
တနင်္သာရီတိုင်းဒေသကြီး၌ ပြုလုပ်မည့် ဒေသအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများကို တိုင်းဒေသကြီး အစိုးရက ဦးဆောင်ကျင်းပမည် ဖြစ်သည်။ အစိုးရအစုအဖွဲ့ကိုယ်စားပြု ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အတွင်းရေးမှူး ဦးလှမောင်ရွှေက “ဒီနေ့အစည်းအဝေး ညှိနှိုင်းမှုအရကတော့ ဇန်နဝါရီ ၂၃ ရက်ကနေ ၂၆ ရက်လောက်အတွင်းမှာ ဒေသအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲအတွက် ပြီးစီးအောင် ဆောင်ရွက်ဖို့ပါ။ ဒါကို တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ကလည်း ပြင်ဆင်နေပါတယ်။ ကြီးကြပ်ရေးကော်မတီ ကိုးဦးပါပါမယ်။ အဲ့ဒီမှာကတော့ အစိုးရ၊ လွှတ်တော်၊ တပ်မတော်က တစ်ယောက်စီ၊ KNU က တာဝန်ပေးထားသူ သုံးယောက်၊ NLD က တစ်ယောက်၊ USDP ကတစ်ယောက်၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီက တစ်ယောက်ပါဝင်ပါမယ်”ဟု ပြောကြားသည်။
ယနေ့ အစည်းအဝေးသို့ ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ အဖွဲ့ဝင်များ၊ အကြံပေးများ၊ နည်းပညာ အထောက်အကူပြုများ၊ ရုံးအဖွဲ့မှူးနှင့် တာဝန်ရှိသူများ၊ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တနင်္သာရီတိုင်းဒေသကြီး ကြီးကြပ်မှု ကော်မတီတွင် ပါဝင်မည့် နိုင်ငံရေးပါတီများနှင့် KNU ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
လူမျိုးအလိုက်ကျင်းပမည့် အမျိုးသားအဆင့်နိုင်ငံရေး ဆွေးနွေးပွဲကိုမူ ကရင်ပြည်နယ်၌ ကျင်းပမည်ဖြစ်ပြီး NCA လက်မှတ်ရေးထိုးထားသည့် ကရင်အမျိုးသားအစည်းအရုံး-KNU ၊ ကရင်အမျိုးသား အစည်းအရုံး/ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (ငြိမ်းချမ်းရေးကောင်စီ)- KNU/KNLA-PC နှင့် ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် DKBA တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့သုံးဖွဲ့က ဦးဆောင်ကျင်းပမည်ဖြစ်သည်။
ဦးလှမောင်ရွှေက “လောလောဆယ် ကရင်ပြည်နယ်မှာ ညှိနှိုင်းမှုအရ ဇန်နဝါရီ ၁၈ ရက်ကနေ ၂၁ ရက်အတွင်း ပြီးစီးအောင် ဆောင်ရွက်ဖို့ ပြင်ဆင်နေပါတယ်။ ကရင်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေအတွက်ပါ။ အဲ့ဒီမှာလည်း ကြီးကြပ်မှုကော်မတီမှာ ကိုးဦးပါတယ်။ ကရင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း သုံးဖွဲ့က တစ်ယောက်စီပါမယ်။ အစိုးရ၊ လွှတ်တော်၊ တပ်မတော်က တစ်ယောက်စီနဲ့ နိုင်ငံရေး ပါတီတွေဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က တစ်ယောက်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီ (USDP) က တစ်ယောက်၊ ကရင်ပြည်သူ့ပါတီ (KPP) ကတစ်ယောက်ပါတယ်”ဟု ပြောကြားသည်။
နေပြည်တော်၌ အကြောင်းအရာအလိုက်ကျင်းပမည့် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ (အရပ်ဘက်လူမှုအဖွဲ့ အစည်းများ၏ CSO ဖိုရမ်) များနှင့်ပတ်သက်၍မူ “နေပြည်တော်မှာ ကျင်းပမယ့် CSO ဖိုရမ်တွေကလည်း ဇန်နဝါရီလ နောက်ဆုံးပတ်ထဲမှာ ပြီးစီးအောင် ပြုလုပ်နိုင်ဖို့ ပြင်ဆင်နေပါတယ်။ လူစာရင်းတွေ ညှိနေတယ်” ဟု ဦးလှမောင်ရွှေက ပြောကြားသည်။
ထို့ကြောင့် ကရင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းသုံးဖွဲ့ပါဝင်သည့် လူမျိုးအလိုက်၊ ဒေသအလိုက်၊ အကြောင်း အရာအလိုက် ကျင်းပမည့် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများကို လာမည့် ၂၀၁၇ ခုနှစ် ဇန်နဝါရီလမကုန်မီတွင် ကျင်းပနိုင်တော့မည်ဖြစ်သည်။
သတင်း-ရဲခေါင်ညွန့်

ဓာတ်ပုံ- Peace Commission

No comments:

Post a Comment