Tuesday, December 27, 2016

၂၀၁၆ ခုနှစ်၊ (၅၉)ကြိမ်မြောက် ကမ္ဘောဇတံခွန်စိုက်ဖလား ဂေါက်သီးရိုက်ပြိုင်ပွဲဖွင့်ပွဲကျင်းပ

တောင်ကြီး ဒီဇင်ဘာ ၂၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ ၂၀၁၆ ခုနှစ်၊ (၅၉)ကြိမ်မြောက် ကမ္ဘောဇတံခွန်စိုက်ဖလား ဂေါက်သီးရိုက် ပြိုင်ပွဲဖွင့်ပွဲကို ဒီဇင်ဘာ (၂၇)ရက် နံနက်(၆)နာရီခွဲက အေးသာယာဂေါက်ကလပ်တွင် ကျင်းပခဲ့ကြောင်းသိရှိရသည်။




တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေးကို လူမှုရေးဦးတည်ချက်ထားရှိ ဖော်ဆောင်လျက်ရှိပြီး ကျန်းမာကြံ့ခိုင်ရေးအတွက်လည်း အားကစားကဏ္ဍဘက်စုံ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အားကစားမြင့်တင်ခြင်းသည် နိုင်ငံတော်တည်ဆောက်ခြင်းဖြစ်၍ ကြိုးပမ်းဆောင်ရွက်နေသည်ကို အားလုံးသိရှိပြီးဖြစ်ပါကြောင်း၊ ဂေါက်သီးရိုက် အားကစား သည် ကမ္ဘာပေါ်မှာ ထင်ရှားသောအားကစားနည်းတစ်ခုဖြစ်သလို၊ ကျန်းမာကြံ့ခိုင်မှု၊ စည်းကမ်းရှိမှု၊ ကိုယ်ကျင့်သိက္ခာ ထိန်းသိမ်းမှု၊ နည်းစနစ်ကျွမ်းကျင်မှုကိုပါ လေ့ကျင့်ပျိုးထောင်နိုင်သည့် အားကစားသမားများ ရရှိနိုင်ရေးအတွက် ဆောင်ရွက် ခဲ့သည့် အစီအစဉ်တစ်ခုဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ်အားကစားကဏ္ဍများ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကို ရည်ရွယ်ပြီး ကမ္ဘောဇ ဖလားဂေါက်သီးရိုက်ပြိုင်ပွဲကို ၁၉၅၆ ခုနှစ်မှစတင်ကာ  Inter District Golf Tournament ဆိုသည့်ဖလား ဖန်တီးပြီး တောင်ကြီးမြို့၊ ကျိုင်းတုံမြို့နှင့် လားရှိုးမြို့များတွင် နှစ်စဉ်အလှည့်ကျ ကျင်းပခဲ့၍ ရှမ်းပြည်နယ်တစ်ဝန်းလုံးမှ အားကစားသမားများ ပါဝင်ကြကြောင်း၊ ယခုပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်းပေါင်း (၄၇)သင်းမှ စိတ်ပါဝင်စားစွာ လာရောက်ယှဉ်ပြိုင်ကြသည့်အတွက် ပြိုင်ပွဲဝင်အားကစားသမားများ အားလုံးကို လှိုက်လှဲစွာကျေးဇူးတင်ရှိပါကြောင်း၊ ကမ္ဘောဇတံခွန်စိုက်ဖလား ဂေါက်သီးရိုက်ပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လိုအပ်သည်များကို ဝိုင်းဝန်းကူညီဆောင်ရွက် ပေးကြသော ကမ္ဘောဇဘဏ် ကုမ္ပဏီဥက္ကဌ ဦးအောင်ကိုဝင်း ပြိုင်ပွဲကျင်းပရေးဆပ်ကော်မတီအသီးသီးမှ တာဝန်ရှိသူများ၊ ပြိုင်ပွဲကျင်းပနိုင်ရေးအတွက် ဝိုင်းဝန်းလှူဒါန်းပေးကြသော အလှူရှင်များအားလုံးနှင့် တောင်ကြီးနှင့် အေးသာယာ ဂေါက်ကလပ်မှ တာဝန်ရှိသူများအားလုံးကို အထူးကျေးဇူးတင်ရှိပါကြောင်းနှင့် ပြိုင်ပွဲဝင်အားကစားသမားများအားလုံး ကမ္ဘောဇတံခွန်စိုက်ဖလားကြီးကို ဆွတ်ခူးနိုင်ရေးအတွက် အစွမ်းကုန်ကြိုးပမ်းယှဉ်ပြိုင်ကြရန် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်ကပြောကြားသည်။
ဆက်လက်၍ ဧည့်သည်တော်များမှ SMOKE BALL ရိုက် ဖွင့်လှစ်ပေးရာ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးကြွယ်ကြွယ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဝင်းမင်းထွန်း၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးစိုးမိုးအောင်၊ ကမ္ဘောဇကုမ္ပဏီလီမီတက် ဦးခင်အောင်တို့မှ ရိုက်ဖွင့်ပေးကြသည်။

ထို့နောက်ပြိုင်ပွဲဝင်အသင်းများအား ပြည်နယ်ဝန်ကြီးချုပ်မှ လိုက်လံနှုတ်ဆက်၍ ပြိုင်ပွဲကို စတင်ယှဉ်ပြိုင်ကြပြီး၊ ၂၀၁၆ ခုနှစ်၊ (၅၉)ကြိမ်မြောက် ကမ္ဘောဇတံခွန်စိုက် ဖလားကို ဒီဇင်ဘာ (၂၇)ရက်မှ (၃၀)ရက်ထိယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment