Sunday, November 20, 2016

KIA ကချင်အဖွဲ့၊ TNLA တအောင်းပလောင် အဖွဲ့နှင့် MNDAA ပူးပေါင်းအဖွဲ့များက မူဆယ်နှင့် ကွတ်ခိုင်မြို့နယ်အတွင်းရှိ တပ်စခန်း၊ ရဲစခန်းအချို့နှင့် ၁၀၅ မိုင် ကုန်သွယ်ရေးစခန်းတို့အား လာရောက်ပစ်ခတ်၊ တံတား(၃)စင်းအား မိုင်းခွဲဖျက်ဆီး



နေပြည်တော် နိုဝင်ဘာ ၂၀
ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့နှင့် ကွတ်ခိုင် မြို့နယ် အတွင်းရှိ တပ်စခန်း၊ ရဲစခန်းများနှင့် ၁၀၅ မိုင် ကုန်သွယ်ရေး စခန်းများအား KIA (ကချင်) အဖွဲ့၊ TNLA (တအောင်း ပလောင်) အဖွဲ့ နှင့် MNDAA ပူးပေါင်း အဖွဲ့များက  ယနေ့ နံနက် ၂ နာရီခန့်မှ နံနက် ၈ နာရီခန့်အတွင်း အလစ်အငိုက် ရယူပြီး ပစ်ခတ် တိုက်ခိုက်မှုနှင့် အတူ တံတား(၃) စင်းကိုလည်း မိုင်းခွဲ ဖျက်ဆီးခဲ့ရာ လုံခြုံရေး တပ်ဖွဲ့ဝင် အချို့ ကျဆုံး ဒဏ်ရာ ရရှိခဲ့သည့် အပြင် အပြစ်မဲ့ ပြည်သူများလည်း သေဆုံးဒဏ်ရာ ရရှိခဲ့ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်း ထုတ်ပြန်ရေး ကော်မတီမှ ထုတ်ပြန် ထားသည်။

သတင်းထုတ်ပြန်ချက်တွင် ယနေ့ နံနက် ၂ နာရီခန့်တွင် ရှမ်းပြည်နယ်၊ မူဆယ်မြို့အဝင်ရှိ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနရုံးအရှေ့မှ မြို့လုံခြုံရေး ရဲကင်းအား အရှေ့တောင်ဘက်ရှိ ယာခင်းဘက်မှ ခေါင်းဆောင်၊ အဖွဲ့အစည်းနှင့် အင်အား စိစစ်ဆဲအဖွဲ့မှ လက်နက်ကြီးလက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သဖြင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် နယ်မြေခံပြည်သူ့စစ်တို့မှ ပြန်လည်ပစ်ခတ်ရာ ၄င်းအဖွဲ့သည် အရှေ့တောင် ဘက်သို့ ပြန်လည် ဆုတ်ခွာသွားကြောင်း။
ယနေ့နံနက် ၂ နာရီခွဲခန့်ကလည်း မူဆယ်မြို့နယ်၊ မုံးကိုးမြို့ ၊ ရပ်ကွက် (၆)၊ မုံးကိုးနယ်မြေရဲစခန်းအရှေ့ဘက်ရှိ တပ်စခန်းကုန်းအား KIA (ကချင်) အဖွဲ့နှင့် MNDAA ပူးပေါင်းအင်အား ၂၀၀ ခန့်မှ လည်းကောင်း၊ ဖောင်းဆိုင်တပ်စခန်းအား အင်အား ၁၀ဝ  ခန့်မှလည်းကောင်း ၊ မန်ကန်တပ်စခန်းအား အင်အား ၈၀ ခန့်မှလည်းကောင်း လက်နက်ကြီး လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်သဖြင့် ပြန်လည်ပစ်ခတ်ရာ ၄င်းအဖွဲ့များ ပြန်လည်ဆုတ်ခွာသွားကြောင်း။
ယနေ့နံနက် ၆ နာရီခန့်တွင်လည်း KIA (ကချင်)အဖွဲ့နှင့် MNDAA ပူးပေါင်း အဖွဲ့ အင်အား ၅၀ ခန့်သည် ကြူကုတ်-ပန်ဆိုင်းနယ်မြေ၊ ရပ်ကွက်(၁) ရှိ တပ်စခန်းအား အနောက်ဘက် တောင်ကြောမှလည်းကောင်း၊ ပန်ဆိုင်းနယ်မြေရဲစခန်းအား ရပ်ကွက်(၄)၊ အခြေခံပညာ အထက်တန်းကျောင်းခွဲ နေရာမှ လက်နက်ကြီး လက်နက်ငယ်များဖြင့် လည်းကောင်း လာရောက် ပစ်ခတ်သဖြင့် ပြန်လည်ပစ်ခတ်ရာ ၄င်းအဖွဲ့သည် ပြန်လည် ဆုတ်ခွာသွားကြောင်း။
ယနေ့ နံနက် ၆ နာရီ မိနစ် ၂၀ ခန့်ကလည်း မူဆယ်မြို့မရဲစခန်း၏ တောင်ဘက် ၁၈ မိုင်ခန့်အကွာ လားရှိုး-မူဆယ်လမ်းမကြီးပေါ်ရှိ နန့်ပေါ်တံတားလုံခြုံရေး ရဲကင်းအား အရှေ့ မြောက်ဘက်တောင်ကုန်းမှ TNLA (တအောင်းပလောင်) အဖွဲ့ အင်အား ၁၀ဝ ခန့်မှ လက်နက်ကြီး လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်သဖြင့်  ပြန်လည်ပစ်ခတ်မှု နှင့်အတူ ၄င်းစခန်းသို့ တပ်မတော်စစ်ကြောင်းမှ သွားရောက်ပူးပေါင်းစဉ် TNLA (တအောင်းပလောင်)အဖွဲ့ အင်အား ၄၀ ဦး ခန့်ဖြင့် ထိတွေ့မှုဖြစ်ပွားပြီး ၄င်းအဖွဲ့များသည် အရှေ့ဘက်နှင့်အနောက်ဘက်သို့ နှစ်ဖွဲ့ခွဲ၍ ပြန်လည် ဆုတ်ခွာသွားကြောင်းနှင့် ၄င်းဖြစ်စဉ်တွင် တပ်မတော်သား (၁)ဦး၊ ရဲတပ်ဖွဲ့ဝင်(၃)ဦး ကျဆုံး၊ ပြည်သူ(၁)ဦး သေဆုံးခဲ့ပြီး ရဲတပ်ဖွဲ့ဝင်(၁)ဦး ဒဏ်ရာရရှိခဲ့ကာ ရဲတပ်ဖွဲ့မှ လက်နက်မျိုးစုံ(၅)လက် ဆုံးရှုံးခဲ့ကြောင်း၊ ၄င်းတံတားကြမ်းခင်းတွင်လည်း  (၂)ပေခန့် ထိခိုက်ပျက်စီးခဲ့ကြောင်း။
ယနေ့ နံနက် ၆ နာရီ ခွဲခန့်တွင် မူဆယ်မြို့မရဲစခန်း၏ အရှေ့ တောင်ဘက် ၁၀၅ မိုင် ကုန်သွယ်ရေး စခန်းဇုန်နှင့် ၄င်းအနီးရှိ တပ်စခန်းသို့ KIA (ကချင်)အဖွဲ့နှင့် TNLA (တအောင်းပလောင်)အဖွဲ့ ပူးပေါင်းအင်အား ၁၅၀ ခန့်မှ လက်နက်ကြီး လက်နက် ငယ်များဖြင့် လာရောက်ပစ်ခတ်သကဲ့သို့ နံနက် ၆ နာရီ ၄၅ မိနစ်ခန့်တွင် ပန်ဆန်း မောင်းတံဂိတ်ကိုလည်း TNLA (တအောင်းပလောင်)အဖွဲ့ (၃၀) ဦးခန့်က ပစ်ခတ်သဖြင့် ပြန်လည်ပစ်ခတ်ရာ ၄င်းအဖွဲ့များ ပြန်လည်ဆုတ်ခွာသွားကြောင်း၊ ထိုသို့ ပစ်ခတ်မှုကြောင့် ပြည်သူ့စစ်(၁)ဦးနှင့် ပြည်သူ(၂)ဦး ထိခိုက်သေဆုံးခဲ့ပြီး ရဲတပ်ဖွဲ့ဝင်(၈)ဦး၊ အကောက်ခွန် ၀န်ထမ်း(၂)ဦးနှင့် ပြည်သူ(၁၅)ဦး  ထိခိုက်ဒဏ်ရာရရှိကာ ရဲတပ်ဖွဲ့မှ လက်နက်မျိုးစုံ (၃)လက် ဆုံးရှုံးခဲ့ကြောင်း။
ယနေ့ နံနက် ၈ နာရီခန့်တွင်လည်း မူဆယ်မြို့ အရှေ့မြောက်ဘက် ၁၂ မိုင်ခန့်ရှိ ကျင်စမ်းကျော့(ဟိုနောင်) ရဲကင်းအား TNLA (တအောင်းပလောင်)အဖွဲ့ အင်အား ၅၀ခန့်က လက်နက်ကြီးလက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်သဖြင့် ပြန်လည် ပစ်ခတ်ရာ ၄င်းအဖွဲ့သည် ပြန်လည်ဆုတ်ခွာသွားကြောင်း။
ထို့ပြင် ယနေ့နံနက် ၃ နာရီခွဲခန့်က ကွတ်ခိုင်မြို့နယ် ဆွမ်လုံကျေးရွာအနီး လားရှိုး - မူဆယ် လမ်းမကြီး မိုင်တိုင်အမှတ် ၂၉၁/၁ အနီးမှ ပေ ၂၀ ခန့်ရှိသော ဆွမ်လုံ တံတားပေါ်တွင် မိုင်းပေါက်ကွဲမှု ဖြစ်ပွားရာ တံတားကြမ်းခင်းတွင် တစ်ပေပတ်လည်ခန့် ထိခိုက်ပျက်စီးခဲ့ကြောင်း၊ အလားတူ ယနေ့နံနက် ၆ နာရီ ၄၅ မိနစ်ခန့်က နန့်ပေါ် တံတားအား မိုင်းဖြင့် ဖေါက်ခွဲမှုနှင့်အတူ တံတားအနီးရှိ ဈေးဆိုင် (၃) ဆိုင်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ယနေ့နံနက် ၁၀ နာရီခွဲခန့်က လားရှိုး - မူဆယ် လမ်းမကြီးပေါ်ရှိ သိန္နီမြို့နယ်မှ နမ့်မတူတံတားအား ယာဉ်ဖြင့် ဗုံးဖေါက်ခွဲခဲ့ရာ ဖြတ်သန်းသွားလာ လျက်ရှိသော ပြည်သူ(၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အပြင် တံတားလည်း ကြမ်းခင်း နှင့်လက်ရန်းများ အနည်းငယ်ပျက်စီးခဲ့ကြောင်း။
ထိုကဲ့သို့ KIA (ကချင်အဖွဲ့)၊ TNLA (တအောင်းပလောင်အဖွဲ့)နှင့် MNDAA ပူးပေါင်းအဖွဲ့များက အလစ်အငိုက်ရယူပြီး ၀င်ရောက်ပစ်ခတ်တိုက်ခိုက်ခြင်း၊ မိုင်းထောင် ဖောက်ခွဲခြင်းများပြုလုပ်ခဲ့မှုကြောင့် စုစုပေါင်း တပ်မတော်သား(၁)ဦး၊ ရဲတပ်ဖွဲ့ဝင်(၃)ဦး၊ ပြည်သူ့စစ်(၁)ဦး၊ ပြည်သူ(၃)ဦး ပေါင်း(၈)ဦး ကျဆုံး/ သေဆုံး ခဲ့ရပြီး ရဲတပ်ဖွဲ့ဝင်(၉)ဦး၊ အကောက်ခွန်ဝန်ထမ်း(၂)ဦး၊ ပြည်သူ(၁၈)ဦး ပေါင်း(၂၉)ဦး ထိခိုက်ဒဏ်ရာရရှိကာ ရဲတပ်ဖွဲ့မှ လက်နက်မျိုးစုံ(၈)လက် ဆုံးရှုံးခဲ့ကြောင်း။
အဆိုပါ အကြမ်းဖက်တိုက်ခိုက်သူများအား တပ်မတော်စစ်ကြောင်းများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက တိုက်ခိုက်လျက်ရှိပြီး ပြည်သူတို့၏ အသက်အိုးအိမ် ကာကွယ်စောင့်ရှောက်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန် ထားသည်။
(သတင်းစဉ်)

No comments:

Post a Comment