Wednesday, November 16, 2016

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် တတိယပုံမှန်အစည်းအဝေး စတင်ကျင်းပ


နေပြည်တော် နိုဝင်ဘာ ၁၆
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် တတိယ ပုံမှန်အစည်းအဝေးကို ယနေ့နံနက်(၁၀) နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမဆောင်၌ စတင်ကျင်းပသည်။

အစည်းအဝေးတွင် ကတိသစ္စာမပြုရသေးသည့် တပ်မတော်သား အမျိုးသားလွှတ်တော် ကိုယ်စားလှယ် (၁၀)ဦးက အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း ရှေ့မှောက်တွင် ကတိသစ္စာ ပြုကြသည်။
ထို့နောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက ကိုယ်စားလှယ်များအနေဖြင့် မဲဆန္ဒနယ်မြေ အသီးသီးတွင် မဲဆန္ဒရှင် ပြည်သူများ၏ အခက်အခဲများ၊ လိုလားချက်များ၊ တောင့်တချက်များ၊ နယ်မြေဒေသ ဖွံ့ဖြိုးရေးဆိုင်ရာ လိုအပ်ချက်များ စသည့် ပြည်သူများ၏ အသံ၊ ပြည်သူများ၏ ဆန္ဒများကို နားထောင်၍ ကွင်းဆင်းလေ့လာခဲ့ပြီး ဖြစ်သည်ဟု မိမိ ယုံကြည်ပါကြောင်း၊ ထိုသို့ ပြည်သူများ၏ လိုလားချက်ဆန္ဒနှင့် အခက်အခဲများကို အကောင်အထည် ဖော်နိုင်ရေးအတွက် လွှတ်တော်အတွင်း၌ မေးခွန်းမေးမြန်းခြင်း၊ အဆိုတင်သွင်းခြင်း၊ ဥပဒေပြုခြင်း လုပ်ငန်းများ အပြင် သက်ဆိုင်ရာ ကော်မတီများအလိုက် ဆောင်ရွက်ရမည့် ကော်မတီလုပ်ငန်းများနှင့် ဆက်စပ်ပြီး ဆောင်ရွက်သွားရန်လည်း လိုအပ်ပါကြောင်း။
ထိုသို့ ဆောင်ရွက်ရာတွင် ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး အာဏာများကို တတ်နိုင်သမျှ ပိုင်းခြားပြီး ဆောင်ရွက်ရမည် ဖြစ်သည့်အတွက် ချမှတ်ထားသော ဥပဒေ၊ နည်း ဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းများ နှင့်အညီ ဆောင်ရွက်ကြရမည် ဖြစ်ပါ ကြောင်း ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားသည်။
ယင်းနောက်         ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ် (၁၁)မှ ဦးကျော်နီနိုင်၏ ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ လောက်ကိုင်မြို့နယ် တာဝမ်တီးကျေးရွာအုပ်စု ရှော်မိုနိုက်နှင့် လုံထန် ကျေးရွာအုပ်စု အိုက်ကျော်ကျိုင်း အခြေခံပညာမူလတန်းကျောင်းတို့ကို မည်သည့် ဘဏ္ဍာရေးနှစ်တွင် ကျောင်းဆောင်သစ်များ ဆောက်လုပ်ခွင့် ချမှတ်ပေးနိုင်မည်ကို သိရှိလိုခြင်းနှင့် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ ပညာရေးကဏ္ဍ အဆင့်မြှင့်တင် ပေးနိုင်မည့် အစီအစဉ်များကို သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဝင်းမော်ထွန်းက လောက်ကိုင်မြို့နယ် တာဝမ်တီးကျေးရွာအုပ်စု အိုက်ကျော် ကျိုင်း အခြေခံပညာမူလတန်း ကျောင်းတွင် ကျောင်းဆောင်သစ်များ ဆောင်လုပ်ပေးနိုင်ရန် အတွက် ပြည်နယ်အစိုးရအဖွဲ့ အစီအစဉ်ဖြင့် တာဝန်ယူဆောင်ရွက်မည့် ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာရေးနှစ် စီမံကိန်းလုပ်ငန်းများတွင် ထည့်သွင်းလျာထားပြီး ဖြစ်ပါကြောင်း။
၂၀၁၆ - ၂၀၁၇ ပညာသင်နှစ်တွင် လောက်ကိုင်မြို့နယ်၌ ထက်/လယ်/မူ အခြေခံပညာ ကျောင်းပေါင်း ၁၁၀ အနက် ၆၉ ကျောင်းကို ပြန်လည်ဖွင့်လှစ်ခဲ့ပြီး ဆရာ၊ ဆရာမ ၃၈၉ ဦးနှင့် ကျောင်းသား၊ ကျောင်းသူ ၉၆၀၄ ဦး သင်ကြား သင်ယူမှုများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ပြင် ကုန်ကြမ်းမြို့နယ်၌ ထက်/လယ်/မူ အခြေခံပညာကျောင်းပေါင်း ၁၀၃ ကျောင်းအနက် ၄၁ ကျောင်း ပြန်လည်ဖွင့်လှစ်ခဲ့ပြီး ဆရာ၊ ဆရာမ ၂၄၁ ဦးနှင့် ကျောင်းသား၊ ကျောင်းသူ ၃၇၇၄ ဦး သင်ကြားသင်ယူမှုများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသတွင် အခြေအနေအရ အေးချမ်းမှုရှိလာချိန်၌ ကျောင်းများ ပြန်လည်ဖွင့်လှစ်ပြီး သင်ကြားရေး ဆရာ၊ ဆရာမများ စေလွှတ်ပေးရန် အဆင်သင့်ရှိပါကြောင်း ဖြေကြားသည်။
ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၀)မှ ဦးကျော်သန်း၏ ရခိုင်ပြည်နယ် မာန်အောင်မြို့ နယ် ဟင်းစနဲအခြေခံပညာ အထက်တန်းကျောင်တွင် (၁၄၀ × ၃၀)ပေ နှစ်ထပ်စာသင်ဆောင် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယ၀န်ကြီး ဦးဝင်းမော်ထွန်းက ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာနအနေဖြင့် ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာရေးနှစ်အတွက် ငွေလုံး ငွေရင်း (တည်ဆောက်ရေး) လျာထားချက်အရ မာန်အောင်မြို့နယ်အတွက် ငွေကျပ် ၁၀၂ သန်း လျာထားပါကြောင်း၊ မာန်အောင်မြို့နယ် ဟင်းစနဲ အခြေခံပညာ အထက်တန်း ကျောင်းတွင် ကျောင်းသားကျောင်းသူ ၇၇၀ ဦးအတွက် စာသင်ဆောင် ၆ ဆောင်ရှိပါကြောင်း၊ အဆိုပါကျောင်း၌ ၂၀၁၅ - ၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် ရခိုင်ပြည်နယ်၌ ကုလသမဂ္ဂ နိုင်ငံတကာကလေးများ အရေးပေါ်ရန်ပုံငွေအဖွဲ့နှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်း ဆောင်ရွက်သည့် အစီအစဉ်ဖြင့် (၆၀ × ၃၀)ပေ တစ်ထပ်ဆောင် ပြင်ဆင်ရန်အတွက် ငွေကျပ်သိန်း ၁၅၀ ခွဲဝေပေးရန် လျာထားချက်စာရင်းတွင် ထည့်သွင်းထားပါ ကြောင်း ဖြေကြားသည်။
တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၁)မှ ဒေါက်တာခင်မောင်ဝင်းက တနင်္သာရီ တိုင်းဒေသကြီး ကော့သောင်းခရိုင် ကော့သောင်းမြို့ အေးရိပ်ငြိမ်ရပ်ကွက်ရှိ အခြေခံပညာ အထက်တန်းကျောင်းတွင် (၁၄၀ × ၃၀)ပေ နှစ်ထပ်စာသင်ဆောင် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယ၀န်ကြီးက ကော့သောင်းမြို့ အေးရိပ်ငြိမ် ရပ်ကွက် အခြေခံပညာ အထက်တန်းကျောင်းရှိ RC(၂)ထပ် အန္တရာယ်ရှိ ကျောင်းဆောင်ကို ဖျက်သိမ်း၍ (၁၃၀ × ၃၀)ပေ RC(၂)ထပ် ကျောင်းဆောင်သစ် ဆောက်လုပ်ပေးရန် ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် တာဝန်ယူဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းများတွင် ထည့်သွင်းလျာထားပြီး ဖြစ်ပါကြောင်း ဖြေကြားသည်။
ထို့ပြင် ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၀)မှ ဦးသိန်းလွင်၊ ချင်းပြည်နယ် မဲဆန္ဒနယ် အမှတ်(၁၀)မှ ဦးလားလ်မင်းထန်နှင့် ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)မှ ဒေါ်အိ အိပြုံးတို့၏ ကျန်းမာရေး ကဏ္ဍာဆိုင်ရာ မေးခွန်းများနှင့်စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့သည်။
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် တတိယပုံမှန်အစည်းအဝေး ဒုတိယနေ့ကို နိုဝင်ဘာ ၁၇ ရက်တွင် ကျင်းပရန်လျာထားကြောင်း သိရသည်။
(သတင်းစဉ်)

No comments:

Post a Comment