Tuesday, November 8, 2016

ပထမအကြိမ် မြန်မာ-ဆွစ်ဇာလန်နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနများ ဆွေးနွေးပွဲကျင်းပ


နေပြည်တော် နိုဝင်ဘာ ၈
ပထမအကြိမ် မြန်မာ-ဆွစ်ဇာလန်နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနများ ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန ဧရာဝတီခန်းမ၌ ကျင်းပသည်။

အဆိုပါဆွေးနွေးပွဲသို့ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်တင်နှင့် ဆွစ်ဇာလန်နိုင်ငံ အာရှ- ပစိဖိတ်ဒေသဆိုင်ရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Mr. Johannes Matyassy တို့ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့များ တက်ရောက်ကြ သည်။
ဆွေးနွေးပွဲတွင် နှစ်နိုင်ငံဆက်ဆံမှုတိုးမြှင့်ရေး၊ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု၊ ပညာရေးနှင့် ယဉ်ကျေးမှု စသည့်ကဏ္ဍအသီးသီး၌ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး၊ နှစ်နိုင်ငံသံတမန်ဆက်သွယ်မှု နှစ်(၆၀)ပြည့် အထိမ်းအမှတ်အခမ်းအနားများ ကျင်းပ ရေးကိစ္စများနှင့်ပတ်သက်၍ ဆွေးနွေးကြသည်။
မွန်းလွဲပိုင်းတွင် ဆွစ်ဇာလန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီးသည် မြန်မာ-ဆွစ်ဇာလန် သံတမန်ဆက်ဆံရေး နှစ် (၆၀)ပြည့် အထိမ်းအမှတ်အဖြစ် ဆွစ်ဇာလန် နိုင်ငံမှ မြန်မာနိုင်ငံတွင် ၂၀၁၆ ခုနှစ် နိုဝင်ဘာမှ ၂၀၁၇ ခုနှစ် နိုဝင်ဘာအထိ ဆောင်ရွက် သွားမည့် လှုပ်ရှားမှုများအား စတင်သည့် အထိမ်းအမှတ်အဖြစ် နေပြည်တော် Kempinski ဟိုတယ်၌ နေ့လည်စာစားပွဲဖြင့် တည်ခင်းဧည့်ခံရာ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို၊ ဦးနိုင်သက်လွင်၊ ဒုတိယ၀န်ကြီး ဦးကျော်တင်နှင့် ဦးဝင်းမော်ထွန်းတို့ တက်ရောက်ကြသည်။

No comments:

Post a Comment