Thursday, November 10, 2016

အဖျောက်မြို့မှ အိမ်အကူမိန်းကလေးသေဆုံးမှုအား အမှုမှန်အမြန်ဆုံးပေါ်ပေါက်စေရန် ဆောင်ရွက်နေသည်ဟု သိရ

ရန်ကုန် နိုဝင်ဘာ ၉
ရန်ကုန်တိုင်းဒေသကြီး အဖျောက်မြို့နယ် အမှတ်(၂)ရပ်ကွက် အနော်ရထာလမ်းမ မြို့မဈေးအနီးရှိ အိမ်တစ်အိမ်၌ (ဒေါ်ဝမ်း၏အိမ်တွင်) အိမ်အကူလုပ်ကိုင်နေသော ကျုံတကင်းကျေးရွာမှ(၁၇နှစ်)အရွယ် မမြင့်မိုးနွယ်သည် ဩဂုတ် ၁၈ ရက် မွန်းလွဲ ၁၂ နာရီခွဲတွင် မီတာခ သွားဆောင်ခိုင်းရာမှ ပျောက်ဆုံးခဲ့ပြီး ဩဂုတ် ၂၁ ရက် နံနက်ပိုင်းက အမှတ်(၃) ရပ်ကွက် ချုံတောအတွင်း သေဆုံးနေသည်ကို ဖိုးသောကြာဆိုသူက တွေ့ရှိခဲ့သည့်အတွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးက အဖျောက်ရဲစခန်းသို့ အကြောင်းကြားခဲ့သည်။

သို့ရာတွင် အမှုနှင့်ပတ်သက်၍ ယနေ့တိုင်သေဆုံးမှု၏ ဖြစ်စဉ်ကို ဖော်ထုတ်၍မရသေးသောကြောင့် အမှု မှန်ဖော်ထုတ်ရန် လိုလားနေသော မြို့ခံပြည်သူတို့၏ဆန္ဒနှင့်အညီ ထိုအမှုအား အမြန်ဆုံး ဖော်ထုတ်နိုင်ရန်အတွက် CID သို့ အမြန်ဆုံးလွှဲပြောင်းပေးရန် ဆောင်ရွက်နေကြောင်း အဖျောက်ရဲစခန်းမှ သိရသည်။
အဖျောက်မြို့ပေါ်၌ ဤသို့ တစ်ကြိမ်တစ်ခါမှ ဖြစ်ပွားခဲ့ခြင်းမရှိသည့်အတွက် ပြည်သူများက အထူးစိတ်ဝင်စားလျက်ရှိပြီး အချိန်ကြာမြင့်လာမှုကြောင့် စိုးရိမ်စိတ်များတိုးပွားလာသည့်နည်းတူ အမှုမှန်ပေါ်ပေါက်ရေးအတွက် ဝိုင်းဝန်းကူညီဆောင်ရွက်ရန်အသင့်ရှိကြောင်း မြို့ခံတို့ထံမှသိရပြီး မီဒီယာရှင်းလင်းပွဲကို နိုဝင်ဘာ ၆ ရက်ကပြုလုပ်ခဲ့ကြောင်း သိရသည်။
သေမှုသေခင်း “ကျွန်တော်စခန်းမှူး တာဝန်ထမ်းဆောင်နေချိန်မှာ ဩဂုတ် ၂၁ ရက် နံနက်ပိုင်းက အမှတ်(၃)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမြင့်သိန်းက ဖုန်းဆက်ပြီး (၃)ရပ်ကွက် မီးစက်လမ်း တာပေါင်အနီး ရေအိုင်စပ်မှာ အမျိုးသမီးအလောင်း တွေ့ရှိတယ်လို့ အကြောင်းကြားတယ်။
သွားရောက်စစ်ဆေးတော့ အဖျောက် မြို့ (၂)ရပ်ကွက် အနော်ရထာလမ်းက မစုရည်မွန်(ခ)မမီးလေးရဲ့ အိမ်မှာ
အိမ်အကူလုပ်ကိုင်နေတဲ့ ကျုံတကင်း ကျေးရွာသူ မမြင့်မိုးနွယ်ဆိုတာ သိရတယ်။ ဩဂုတ် ၁၈ ရက်နေ့ မွန်းလွဲ ၁၂ နာရီကျော်တွင် အိမ်ကနေ မီတာသွား ဆောင်ခိုင်းစဉ် ပျောက်ဆုံးနေလို့ ရဲစခန်းမှာ လူပျောက်အမှတ်စဉ်
(၃/၂၀၁၆) နဲ့ လိုက်လံစုံစမ်းနေတဲ့ ပျောက်ဆုံးနေသူပါ။ သူ့ရဲ့လက်မှာ ကြွပ်ကြွပ်အိတ်နဲ့ ထည့်ထားတဲ့
ငှက်သတ်ဆေးလို့ယူဆရတဲ့ ကွမ်းသီးခြမ်းခန့်ရှိတဲ့ ဆေးခဲဖြူကို တွေ့ရတယ်။
ဒီဖြစ်စဉ်ကိုစခန်းက သေမှုသေခင်း အမှတ်စဉ်(၃/၂၀၁၆)နဲ့ ဖွင့်လှစ်စစ်ဆေးတယ်။ အမှုက သေမှုသေခင်းနဲ့ဖွင့်
ထားတာပါ” ဟု အဖျောက်ရဲစခန်းမှူးရဲအုပ် လွန်းအောင်ဆန်းက အောက်တိုဘာ ၁၃ ရက်က ပြောသည်။
အောက်တိုဘာ ၁၇ ရက်တွင်တိုက်ကြီးမြို့နယ်တရားရုံး၏ စစ်ဆေးပြန်ကြားချက်အရ သေမှုသေခင်း အမှတ်စဉ်(၃/၂၀၁၆) အစား ပုဒ်မ (၃၀၂) လူသတ်မှုဖြင့် အဖျောက် ရဲစခန်းမှူး လွန်းအောင်ဆန်းက တရားလို ပြုလုပ်အမှုဖွင့်ခဲ့ပြီး ဆက်လက်စုံစမ်း လျက်ရှိသည်။ အောက်တိုဘာ ၁၃ ရက်တွင် ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူး၏ညွှန်ကြားချက်အရ ထိုအမှုအား CID သို့ လွှဲပြောင်းနိုင်ရန် တိုက်ကြီးမြို့နယ် ရဲတပ်ဖွဲ့မှူးက အမှုကို ပြန်လည်စစ်ဆေး စိစစ်လျက် မှုခင်းတပ်ဖွဲ့ ဖြစ်သော CID သို့ လွှဲပြောင်းနိုင်ရန် အမြန်ဆုံး ဆောင်ရွက်နေကြောင်း အဖျောက်ရဲစခန်းမှူးအဖြစ် တာဝန်ယူထားသည့် ရဲအုပ်ကျော်ကျော်ထွန်းက နိုဝင်ဘာ ၆ ရက်က ပြောကြားခဲ့သည်။
အထက်သို့ တင်ပြ “အမှုက သေမှုသေခင်း ဖွင့်ပြီးတာနဲ့ တရားသူကြီးထံကို အစီရင်ခံစာတင် ရတယ်။ တရားသူကြီးက ဒီအမှုနဲ့ ပတ်သက်ပြီး စစ်ဆေးညွှန်ကြားချက်နဲ့ ပုဒ်မ(၃၀၂)ပြောင်းလဲပြီး အမှုဖွင့်ပါ တယ်။ ဃှီု ကိုလွှဲဖို့ မြို့နယ်မှူးထံ အမှုတွဲ ပို့ထားပါတယ်။ အမှုကို မြို့နယ်မှူးကစိစစ်ပြီးပါပြီ။ CID ကို လွှဲတော့မှာပါ” ဟု အဖျောက်ရဲစခန်းမှူးသစ် ရဲအုပ်ကျော်ကျော်ထွန်းက နိုဝင်ဘာ ၆ ရက်နေ့က ပြောသည်။
“သေဆုံးသူ၏ ကျေးရွာမှအုပ်ချုပ်ရေးမှူး ဦးအုန်းကြိုင်ကလည်း“ ဒီအမှုကိုအမြန်ဆုံးပေါ်စေချင်တယ်။ ခုချိန်ထိ မထူးခြားလို့ ရွာနဲ့မြို့ခံတွေက အထက်ကို တင်ပြကြတယ်။ သေဆုံးသူ ပျောက်တာက ဩဂုတ် ၁၈ ရက်၊ ပြန်တွေ့တာက၂၁ ရက်နေ့ဆိုတော့ အားလုံးက အမှုမှန်ပေါ်ပေါက်ဖို့ပဲ လိုလားနေကြတယ်။ အသက်(၆၂ နှစ်) ရှိတဲ့ အိပ်ရာထဲ လဲနေတဲ့ သေဆုံးသူရဲ့အဖေကလည်း စက်တင်ဘာ ၉ ရက်က ဆုံးသွားလို့ ဝိုင်းဝန်းပံ့ပိုး လုပ်ဆောင်ပေးခဲ့ရတယ်။ ဘအလုပ်ရှင်ဖြစ်တဲ့ ဒေါ်ဝမ်းနဲ့လည်း ဒီနေ့ထိ မတွေ့ရဘူးဖြစ်နေတယ်။ ဒီမြို့ပေါ်မှာ တင်မဟုတ်ဘူး၊ ရွာတွေကလည်း သူ့ကို သနားကြတဲ့အပြင် ဒီလိုအမှုမျိုး ထပ်ဖြစ် လာမှာကိုလည်း စိုးရိမ်နေကြတယ်။ ဒီအမှုအတွက် အားလုံးစိတ်ဝင်စားပြီး ဝိုင်းဝန်းကူညီဆောင်ရွက်နေကြတယ်။ အားလုံးကလည်း သားသမီးတွေအတွက် စိုးရိမ်နေကြတယ်။ အထူးသဖြင့်  တက္ကသိုလ်တက်နေတဲ့ မိန်းကလေးတွေရဲ့ မိဘတွေပေါ့။ သူ့ရဲ့အလောင်းကို တစ်ချိန် ပြန်စစ်နိုင်အောင် ရွာမှာ မြှုပ်နှံထား ပါတယ်” ဟု ကျုံတကင်းရွာ အုပ်ချုပ်ရေးမှူးက ပြောသည်။
အဖျောက်မြို့ (၃)ရပ်ကွက်မှ ဒေါ်သန်းသန်းမြင့်ကလည်း “နောင်တွင် ဒီလိုမဖြစ်စေဖို့ အမှုမှန်ကို အမြန်ဆုံး ဖော်စေလိုကြောင်း၊ ဈေးနဲ့ လက်ဖက်ရည်ဆိုင်တွင်လည်း ဤအမှုကိစ္စကိုသာ ယနေ့ထိ ပြောဆိုနေကြပြီးတစ်ကြိမ်မျှ မကြား ဖူးသည့်အမှုဖြစ်သည့်အတွက် သားပျိုသမီးပျိုများအတွက် စိုးရိမ်လျက်ရှိနေကြကြောင်း၊ တက္ကသိုလ်ကျောင်းသူများ ရှိသည့် မိဘများက နေ့ပိုင်း ညပိုင်းအပြင် သို့သွားရာတွင် အဖော်နှင့် သွားရန် အမြဲသတိပေးလျက်ရှိသည်”ဟု ဆိုသည်။
အဖျောက်မြို့ ၌ ရပ်ကွက်လေးခုနှင့် ကျေးရွာအုပ်စု ဆယ်စုရှိပြီး မမြင့်မိုးနွယ် သေဆုံးမှုကိုအားလုံးက အမှုမှန် အမြန်ဆုံးပေါ်ပေါက်ရန် လိုလားလျက်ရှိကာ မမြင့်မိုးနွယ်နေထိုင်သော အိမ်နှင့် ရဲစခန်းမှာ နှစ်ဖာလုံကျော်သာ ဝေးကြောင်း သိရသည်။
မမြင့်မိုးနွယ်၏ အစ်ကိုအကြီးဆုံးဖြစ်သော ဦးမြင့်နိုင် (၃၈ နှစ်) ကလည်း “ကျွန်တော်က မောင်နှမ ခြောက်ယောက်မှာ အကြီးဆုံးပါ။ ကျွန်တော်က အခြားရွာမှာနေတာဆိုတော့ ဒီဖြစ်စဉ်ကို မသိလိုက်ဘူး။ ညီမလေးက ငယ်ငယ်လေးကတည်းက ကောက်စိုက်၊ ပဲနုတ်ပြီး မိဘကို လုပ်ကျွေးလာတာ။ အမှုမှန်ပေါ်စေချင် တာက နောင်လာနောက်သားတွေ ညီမလေးလို မဖြစ်စေချင်ဘူး။ ကျွန်တော်တို့မိဘက ဆင်းရဲပါတယ်။ ရွာသားတွေကလည်း အမှုမှန်ပေါ်စေချင်ကြတယ်။ အဲ့ဒီအတွက် ဝိုင်းဝန်းကူညီပေးကြပါတယ်။ အမေကလည်း ကျန်းမာရေးမကောင်းဘူး” ဟု ဝေ့လာသောမျက်ရည်ကို သိမ်းရင်း ပြောသည်။
ဧရာဝတီမြစ်နှင့် လှိုင်မြစ်ကြား၌ရှိသော အဖျောက်မြို့နေပြည်သူများသည် စိုက်ပျိုးရေး၊ အင်းလုပ်ငန်း၊ ရေလုပ်ငန်းဖြင့် အသက်မွေးကြပြီး ယခုလိုဖြစ်စဉ်မျိုး မြို့ပေါ်တွင်မကြုံဖူးသည့်အတွက် အမှုမှန်ပေါ်ပေါက်စေရန် ကျေးရွာနှင့် မြို့ခံတို့က CID နှင့် ရဲတပ်ဖွဲ့တို့မှ ဝိုင်းဝန်းကူညီရန်နှင့် သတင်းအချက်အလက် စုဆောင်းပေးရန် အသင့်ရှိနေကြောင်း သိရသည်။
မြန်မြန်ဆောင်ရွက်ပေးစေလို
“အကျိုးဆောင်ရှေ့နေ တစ်ယောက်အနေနဲ့ ဒီအမှုကို အမြန်ဆုံးပေါ်စေချင်တယ်။ ကျွန်တော်တို့နိုင်ငံမှာ လုပ်ဆောင်စရာတွေ တန်းစီနေတာပါ။ မြန်မြန်ဆောင်ရွက်လို့ရတဲ့အလုပ်ကို မြန်မြန်ဆန်ဆန် ဆောင်ရွက်နိုင်ရင် အမှုကပေါ်မှာပါ။ မြို့ကကျဉ်းတယ်။ သတင်းကလည်း မြန်တယ်။ တရားဥပဒေစိုးမိုးရေးမြန်မြန်ဆန်ဆန် ဆောင်ရွက်နိုင်ရင်ပြည်သူတွေလည်း ကျေနပ်အားရမှုရှိမှာပါ”  ဟု ထိုအမှုအား လိုက်လံကူညီ ဆောင်ရွက်ပေး နေသော ရှေ့နေ ဦးဆန်းဝင်းက ပြောသည်။
အဖျောက်မြို့ပေါ်ရှိ လူငယ်များက အခုလိုအမှုမျိုး မိမိတို့မြို့တွင်တစ်ကြိမ် တစ်ခါမျှ ဖြစ်ပွားဖူးခြင်း မရှိသည့်အတွက် မကျေနပ်မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း၊ တာဝန်ရှိသူများက အမှုအား အမြန်ဆုံး စုံစမ်းဖော်ထုတ်ပေးစေလိုပြီး အချိန်ကြာ မြင့်လာသည်နှင့်အမျှ တရားခံဖော်ထုတ် နိုင်မှုကင်းဝေးသွားမည်ကို စိုးရိမ်လျက်ရှိကြောင်း၊ အဖျောက်မြို့ အမှတ်(၃) ရပ်ကွက် ပရဟိတလူငယ်များက ပြောသည်။
“ဩဂုတ် ၁၈ ရက် မနက်ပိုင်းမှာရန်ကုန် လှိုင်မြို့နယ်က အမျိုးတွေဆီသွားနေတာပါ။ နေ့လယ်မှာ အဖျောက်မှ အစ်မဝမ်းကွဲက မမြင့်မိုးနွယ် မီတာခသွားဆောင်တာ ပြန်မလာသေးဘူး။ သူ့အစ်ကို ဦးပဉ္စင်းဆီ ဖုန်းဆက်မေးဖို့ ပြောတာနဲ့ ရန်ကုန်ကနေ ဖုန်းဆက်ပြီး လှမ်းလျှောက်ထားခဲ့တယ်။ အပြင်မှာလည်း သူငယ်ချင်းတွေက လိုက်ရှာကြတယ်။ မတွေ့ ကြဘူး။ အမေက ဇူလိုင်၂၅ ရက်က ပြင်ဦးလွင်မှာရှိတဲ့ အစ်ကိုကြီးဆီကို သွားတယ်။ စိတ်မကောင်းဘူး။သူ့အတွက် တစ်လပြည့်ရင် ကုသိုလ်ထပ်လုပ်မှာပါ” ဟု အိမ်ရှင် ဒေါ်ဝမ်း၏သမီးဖြစ်သူ မစုရည်မွန်က ပြောသည်။
“ကျွန်မတို့က သူ့ကို အေးတိုလို့ခေါ်တယ်။ ၁၈ ရက်နေ့ နေ့လယ်မှာဆေးရုံဘေးလမ်းက သွားရတဲ့မီတာရုံးမှာမီတာခသွားဆောင်တယ်။ ၁၈ ရက်နေ့နောက်ဆုံးဆိုတော့ သွားဆောင်တာပါ။ အရင်ကစက်ဘီးနဲ့သွားပေမယ့် ဘီးပေါက်နေလို့ ခြေကျင်ပဲသွားတယ်။ မီတာတစ်စောင်ကကျပ် ငွေကျပ် ၁၄၀၀၀ နဲ့ကျန်တစ်စောင်က ငွေကျပ် ၅၃၅ ကျပ်သွားဆောင်တာပါ။ မွန်းလွဲ ၁၂ နာရီခွဲမှာ လွှတ်လိုက်တာပါ။ မိုးနည်းနည်းကျနေတယ်။ မွန်းလွဲ၁ နာရီ ၁၅ မိနစ်မှာ ပြန်မလာလို့သူ့အစ်ကို ဦးပဉ္စင်းဆီ သွားတတ်တဲ့အတွက် နာရီဝက် ထပ်စောင့်ပါတယ်။၂ နာရီခွဲထိမလာလို့ ဦးပဉ္စင်းဆီဖုန်းဆက်ပေမယ့် မကိုင်တာကြောင့် ရန်ကုန်ရောက်နေတဲ့ ညီမဆီကိုဖုန်းဆက်ပြီး တစ်ဆင့် မေးခိုင်းပါတယ်။ အေးတိုကျောင်းကို လာသလား လို့မေးတော့မလာဘူးလို့ ပြန်ပြောတယ်။ မီတာရုံးနဲ့ရပ်ကွက်ထဲကို ညနေ ၃ နာရီကျော်မှာလိုက်ရှာပေမယ့် မတွေ့ဘူး။ ရဲစခန်းမှာလူပျောက်ဖွင့်ပါတယ်” ဟု အိမ်ရှင်ဒေါ်ဝမ်း ခင်ပွန်းဖြစ်သူ၏တူမဖြစ်သော မစိုးမိုးခိုင်(၃၈ နှစ်) က ပြောသည်။

ယခုဖြစ်ပွားသောအမှုကို အမှုမှန်ပေါ်ပေါက်ရန် အဖျောက်ရဲစခန်းကစုံစမ်းဖော်ထုတ်လျက်ရှိပြီး အမှုကိုယနေ့တိုင် ဖော်ထုတ်နိုင်ခြင်းမရှိမှုအပေါ်မြို့ခံ ပြည်သူတို့က ဝေဖန်ပြောကြားမှုများရှိသည့်အတွက် အောက်တိုဘာ ၁၃ ရက်က ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး၏ညွှန်ကြားမှုဖြင့် CID က အမှုကို လွှဲပြောင်းရယူ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
သတင်းနှင့် ဓာတ်ပုံ-သန်းထိုက်
မျိုးမင်းသိန်း

No comments:

Post a Comment