Sunday, November 27, 2016

မြန်မာ့ကင်းထောက်ရာပြည့်အထိမ်းအမှတ်အကြိုဖွင့်ပွဲအခမ်းအနားကျင်းပ


ရန်ကုန် - နိုဝင်ဘာ ၂၇

 မြန်မာ့ကင်းထောက်ရာပြည့် အထိမ်းအမှတ်အကြို ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ရန်ကုန်တက္ကသိုလ်စိန်ရတုခန်းမမျက်နှာစာ၌ ကျင်းပသည်။ အခမ်းအနားတွင် အထက(၂) လသာကင်းထောက်များက ဘင်ခရာနှင့်ပန်းပွားအက၊ တက္ကသိုလ်ကင်းထောက် များက ကင်းထောက်စွမ်းရည်လေ့ကျင့်ခန်းများဖြင့် သရုပ်ပြကြပြီး တက္ကသိုလ်ရိုဗာ ကင်းထောက်ကြီး ဆရာကြီးဒေါက်တာ ဦးသန်းဦး ၊ အမျိုးသမီးကင်းထောက်ကြီး ဒေါ်ဘာဘရာအိုး ၊ မြန်မာနိုင်ငံ အမျိုးသားကင်းထောက်ချုပ် ဒေါက်တာတင်ညိုနှင့် အမျိုးသမီးကင်းထောက်ချုပ် ဒေါက်တာ ဒေါ်တင်လှကြည်တို့က အခမ်းအနားကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။

ထို့နောက် တက္ကသိုလ် စိန်ရတုခန်းမ တတိယထပ်တွင် ကင်းထောက်ကြီးများတွေ့ဆုံပွဲ ပြုလုပ်ရာ အထက(၁)ဒဂုံမှ ကင်းထောက်လူငယ်မောင်မယ်များက “ပြည်သူ့အတွက် အစဉ်အသင့်” သီချင်းသီဆိုကာ ကွယ်လွန်ခဲ့ကြပြီဖြစ်သော ကင်းထောက်အကြီးအကဲများ၊ ကင်းထောက် ဆရာကြီးများ၏ဂုဏ်ကို ရည်မှန်း၍ ငြိမ်သက်စွာ ဂါရ၀ပြုမေတ္တာပို့ကြသည်။
ဆက်လက်၍ မြန်မာနိုင်ငံကင်းထောက်အဖွဲ့ချုပ် ဥက္ကဋ္ဌ အမျိုးသားကင်းထောက်ချုပ် ဒေါက်တာတင်ညို၊ မြန်မာနိုင်ငံအမျိုးသမီးကင်းထောက်ချုပ် ဒေါက်တာဒေါ်တင်လှကြည် တို့က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး အမျိုးသားကင်းထောက်ကြီး ဆရာကြီး ဒေါက်တာဦးသန်းဦးနှင့် အမျိုးသမီးကင်းထောက်ကြီး            ဒေါ်ဘာဘရာအိုးတို့က အမှတ် တရစကားများပြောကြားကြကာ အမျိုးသားကင်းထောက်ကြီးများနှင့် အမျိုးသမီး ကင်းထောက်ကြီးများက အဖွဲ့လိုက်တေးသီချင်းများသီဆိုပြီး အထက(၁)လသာ ကင်းထောက် လူငယ်များက “ကင်းထောက်များရဲ့ ရှေ့သို့ခြေလှမ်း” တေးသီချင်းဖြင့် ဖျော်ဖြေကြသည်။
မွန်းလွဲပိုင်းတွင် အထက(၁)ဒဂုံမှ သံစုံတီးဝိုင်းနှင့် အထက(၆)ဗိုလ်တထောင်မှ မြန်မာ့ ဆိုင်းဝိုင်းတို့ဖြင့် မြန်မာနိုင်ငံ ကင်းထောက်ရာပြည့်အထိမ်းအမှတ် အလင်္ကာကျော်စွာ ဟင်္သာတမြင့်ငွေ (ရိုဗာကင်းထောက်ကြီး) ဂုဏ်ပြုရေးစပ်သည့် “ကင်းထောက်ဂုဏ်ရည်” တေးသီချင်းကို မြန်မာ့ရိုးရာတိုင်းရင်းသား အဆို၊ အက၊ အရေး အတီးပြိုင်ပွဲတွင် ထူးချွန်ဆု ရရှိသော ကင်းထောက်လူငယ်မောင်မယ်များက ဖျော်ဖြေကြသည်။
ထို့နောက် မြန်မာနိုင်ငံကင်းထောက်ကြီး သူရဦးတင်ဦးနှင့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း တို့က မြန်မာကင်းထောက် ရာပြည့် အထိမ်းအမှတ်အကြိုဂုဏ်ပြု ပြောကြားကာ မြန်မာနိုင်ငံကင်းထောက်အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါက်တာတင်ညို၊ ကမ္ဘာ့ ကင်းထောက်အဖွဲ့ အာရှပစိဖိတ်ဒေသဆိုင်ရာ ကိုယ်စားလှယ် Mr.Wendel  E.Avisadoနှင့် ကမ္ဘာ့အမျိုးသမီးကင်းထောက်အဖွဲ့ ဒေသဆိုင်ရာကိုယ်စားလှယ်  Ms. Kuniko Tatamitani တို့က မြန်မာနိုင်ငံကင်းထောက် နှစ်၁၀၀ပြည့် လှုပ်ရှားမှုနှင့် ကမ္ဘာ့ကင်းထောက်အဖွဲ့ အာရှပစိဖိတ်ဒေသဆိုင်ရာ ကင်းထောက်အဖွဲ့များ၏ ပူးပေါင်း ကူညီမှုများကို ရှင်းလင်းပြောကြားကြသည်။
ဆက်လက်၍ အာရှပစိဖိတ်ဒေသဆိုင်ရာကိုယ်စားလှယ်များက မြန်မာနိုင်ငံ ကင်းထောက်ကြီး သူရဦးတင်ဦး၊ ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် အမျိုးသားကင်းထောက်ချုပ် ဒေါက်တာ တင်ညို တို့အား မြန်မာနိုင်ငံကင်းထောက် နှစ် ၁၀၀ ပြည့် အထိမ်းအမှတ် ဂုဏ်ပြု အမှတ်တရပစ္စည်းများ ပေးအပ်သည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် မြို့တော်ဝန် ဦးမောင်မောင်စိုးတို့က အကောင်းဆုံးအမျိုးသားကင်းထောက်ကင်းစိတ်ဆုရသည့် အထက (၁)လသာ ကင်းထောက်အဖွဲ့၊ အကောင်းဆုံး ကင်းထောက် အမျိုးသမီးကင်းထောက် ကင်းစိတ်ဆုရ အထက(၁)ဒဂုံအဖွဲ့တို့ကို မြို့တော်ဝန်၏ကင်းစိတ်အလံ ပေးအပ် ချီးမြှင့်ကာ တက္ကသိုလ်ကင်းထောက်မောင်မယ်များက “ငြိမ်းချမ်းရေးတမန်” တေးသီချင်းဖြင့် ဖျော်ဖြေကြ သည်။
ညနေပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ပညာရေးမိသားစုကင်းထောက် မောင်မယ် များက တေးသီချင်းများ၊ ယိမ်းများ၊ သရုပ်ဖော်အကများ၊ တိုင်းရင်းသားရိုးရာအကများ၊ ကင်းစတားအငြိမ့်တို့ဖြင့် မြန်မာကင်းထောက်ရာပြည့်အထိမ်းအမှတ် အခမ်းအနားကို ဂုဏ်ပြု ဖျော်ဖြေကြသည်။
မြန်မာကင်းထောက်ရာပြည့်အထိမ်းအမှတ် အကြိုအခမ်းအနားကျင်းပသည့် ရန်ကုန် တက္ကသိုလ်စိန်ရတုခန်းမ မြေညီထပ်၌ မြန်မာနိုင်ငံ အမျိုးသားကင်းထောက်အဖွဲ့ ပြခန်း၊ မြန်မာနိုင်ငံ အမျိုးသမီးကင်းထောက်အဖွဲ့ပြခန်း၊ ကင်းထောက်လှုပ်ရှားမှု ခရိုင် အလိုက် ပြခန်းများ၊ ရန်ပုံငွေ စားသောက်ဆိုင်များ၊ အထိမ်းအမှတ်ပစ္စည်း အရောင်း ပြခန်းများ ဖွင့်လှစ်ပြသထားသည်။
ကိုလတ် (သတင်းစဉ်)
ဓာတ်ပုံ - ဇော်မင်းလတ်

No comments:

Post a Comment