Thursday, November 10, 2016

အောင်မြင်ဖြစ်ထွန်းသည့် စပါးပျိုးသက်နု စိုက်ခင်း လက်တွေ့ သရုပ်ပြ

ဘားအံ  နိုဝင်ဘာ ၉
ကရင်ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မီဒါ (Mennonite Economic  Development Associate MEDA) နှင့် ကရင်အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး(Karen Women Empowerment Group) အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်သည့် “စပါးပျိုးသက်နုစိုက်ပျိုးခြင်း (SRI) နည်းစနစ်၏ စိုက်ပျိုးထားသော ဆင်းသုခ စပါးစိုက်ခင်းများ အောင်မြင် ဖြစ်ထွန်းမှု စိုက်ခင်း ပြပွဲ” ကို
အောက်တိုဘာ(၉)ရက်နေ့ ၊နံနက် (၇) နာရီ အချိန်၌ ဘားအံမြို့နယ်၊ လှိုင်ကမ္ဘာ ကျေးရွာအုပ်စု၊ သဝန်တာ ကျေးရွာရှိ တောင်သူ ဦးမန်းတင်လှ၏ စိုက်ခင်း အမှတ် (၁၂၀၆)၌ ကျင်းပပြုလုပ်ခဲ့သည်။
ကရင်ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစောမြင့်ဦး၊ စိုက်ပျိုးရေးပြည်နယ် ဦးစီးမှူး ဦးဝင်းလှိုင်ဦး၊ meda အဖွဲ့မှ Mrs. Cavelle Dove ၊ ကရင် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့( KWEG) မှ ဒေါ်စင်သီယာဝင်းနှင့် ဦးစီးခေါင်းဆောင် ပြုသူများ၊ NAG(network activities group ) မှ တာဝန်ရှိသူများ၊ စိုက်ပျိုးရေးဝန်ထမ်းများနှင့် ကရင်ပြည်နယ်ရှိ ဒေသခံ တောင်သူ ပေါင်း(၆၀)ကျော် ပါဝင်တက်ရောက်၍ စိုက်ခင်း အတွင်း လှည့်လည်ကာ စိုက်ပျိုးနည်းစနစ် နှင့် ပတ်သတ်၍ တောင်သူများအား လက်တွေ့ပြသခဲ့ကြသည်။
ထို့နောက်  အသေးစိတ် ဆွေးနွေးပွဲကို စိုက်ခင်းအနီးရှိ ရှင်းလင်းဆောင်တွင်ကျင်းပ ပြုလုပ်ရာ ပြည်နယ် ဝန်ကြီးဦးစောမြင့်ဦးက SRI စိုက်နည်းစနစ်သည် ဓာတ်မြေသြဇာ သုံးစွဲမှုနှုန်း လျော့ကျပြီး၊ ရိုးရှင်းလွယ်ကူသော စိုက်နည်းစနစ်ဖြစ်ကာ အထွက်နှုန်းမှာလည်း စံချိန်မီ တင်း(၁၀၀) အထက် ထွက်ရှိသောကြောင့် ဆက်လက် နည်းပညာ ပေးပို့ချ၍ တောင်သူများမှ လေ့လာစိုက်ပျိုး သွားရန်လိုအပ်ကြောင်း ၊ ကရင်ပြည်နယ်တွင် လစ်လပ် လယ်မြေ ဧကပေါင်း (၆၀၀၀၀)ကျော်ရှိသည်ကို စစ်ဆေးတွေ့ရှိရသဖြင့် ယခုကဲ့သို့ တောင်သူလယ်သမားများ အကျိုး အမြတ်ရရှိစေသော စိုက်ပျိုးနည်းစနစ်များအသုံးချလျက် မိမိတို့မိသားစုများ အလုပ်အကိုင်ရရှိရေး၊ လူနေမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးကို ကြိုးပမ်း အားထုတ် လုပ်ဆောင်ကြရန်  တိုက်တွန်း ပြောကြား ခဲ့သည်။
ဆက်လက်၍ MEDA အဖွဲ့မှတာဝန်ရှိသူ Mrs. Cavelle Doveက ဆောင်ရွက်ပေးရခြင်း ရည်ရွယ်ချက်အား လည်းကောင်း၊ ဘားအံခရိုင် စိုက်ပျိုးရေးဦးစီးမှူးက  ပျိုးသက်နု စိုက်နည်း စနစ်များအကြောင်းကို လည်းကောင်း  ရှင်းလင်း ပြောကြားရာတောင်သူများမှ သိရှိလိုသည်များကို  တာဝန်ရှိသူများက ရှင်းပေးခဲ့ကြောင်းနှင့် (SRI) စိုက်နည်းစနစ်စမ်းသပ် စိုက်ပျိုးရန် MEDA နှင့် ကရင် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့တို့က တောင်သူများကို နည်းပညာပေး သင်တန်းများ ပို့ချပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)

No comments:

Post a Comment