Tuesday, November 15, 2016

ရဲတပ်သားသစ် သင်တန်းဖွင့်ပွဲ လွိုင်ကော်မြို့ ပြုလုပ်


လွိုင်ကော်        နိုဝင်ဘာ ၁၅
ကယားပြည်နယ်ရဲတပ်ဖွဲ့၊ ရဲတပ်သားသစ်သင်တန်းတပ်ခွဲ၊ ရဲတပ်သားသစ်သင်တန်း အမှတ်စဉ်(၅၄/၂ဝ၁၆) သင်တန်းဖွင့်ပွဲ အခမ်းအနားကို နိုဝင်ဘာလ (၁၅)ရက်နေ့၊ နံနက်(၈)နာရီအချိန်က လွိုင်ကောမြို့၊ ရဲတပ်သားသစ် သင်တန်းတပ်ခွဲ၊ ကန္ဒရဝတီခန်းမ၌ ပြုလုပ်သည်။

ရှေးဦးစွာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက ရဲတပ်သား သစ်သင်တန်းကျောင်း အဆောက်အဦများ အတွက် လိုအပ်သည့် ငွေကျပ်(၁၅)သိန်းအား ထောက်ပံပေးအပ်ပြီး သင်တန်းဖွင့်အမှာစကား ပြောကြားရာတွင် ကယားပြည်နယ်ရဲတပ်ဖွဲ့တွင် လိုအပ်နေသည့် ရဲတပ်သားအင်အားကို ဖြည့်ဆည်းနိုင်ဖို့အတွက် မိမိပြည်နယ်ရဲတပ်ဖွဲ့တွင် ရဲတပ်သား သစ်သင်တန်းစတင်ဖွင့်လှစ် ဆောင်ရွက်နိုင်သည့်အပြင် ဒေသခံလူငယ်လူရွယ် တွေကို အလုပ်အကိုင် အခွင့်အလမ်းရရှိအောင် စီမံဆောင်ရွက်ပေးနိုင်တာကြောင့် ဒေသ၏လုံခြုံမှုနှင့် တရားဥပဒေ စိုးမိုးရေး တာဝန်တွေကို ယခင်ကထက် အင်အားပြည့် ပိုမိုဆောင်ရွက်လာနိုင်တော့မည်ဖြစ်ကြောင်း၊ ဒေသခံ ရဲတပ်သားသစ် (အမျိုးသား) (၈၇)ဦးကို အမှတ်(၄)ရဲလေ့ကျင့်ရေး သင်တန်းကျောင်း(တောင်လေးလုံး)နှင့် ဒေသခံ ရဲတပ်သားသစ် (အမျိုးသမီး) (၁၆၆)ဦးကို အမှတ်(၁၈)လုံခြုံရေးရဲတပ်ဖွဲ့ခွဲ(နေပြည်တော်)သင်တန်းကျောင်းများသို့ သင်တန်း စေလွှတ်တက် ရောက်လျက်ရှိသည့် အတွက် သင်တန်းဆင်းသည့်အခါ ကယားပြည်နယ် ရဲတပ်ဖွဲ့တွင် ပြန်လည်တာဝန် ထမ်းဆောင်ရ မည်ဖြစ်ခြင်းကြောင့် ယခုလက်ရှိ ကယားပြည်နယ်ရဲတပ်ဖွဲ့ အင်အားထက် ပိုမိုတာဝန်ထမ်းဆောင် နိုင်တော့ မည်ဖြစ် ကြောင်း ပြောကြားသည်။
ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ရဲတပ်သားသစ်သင်တန်းကျောင်းအတွင်းရှိ သင်တန်းသား အိပ်ဆောင်၊ ထမင်းစားဆောင်တို့အား လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။
ယနေ့ဖွင့်လှစ်သည့် ရဲတပ်သားသစ်သင်တန်းတွင် လွိုင်ကော်မြို့နယ်မှ သင်တန်းသား(၄၅)ဦး၊ ဒီးမော့ဆိုမြို့နယ်မှ သင်တန်း သား(၂၆)ဦး၊ ဖရူဆိုမြို့နယ်မှ (၁ဝ)ဦး၊ ရှားတောမြို့နယ်မှ (၆)ဦး၊ ဘောလခဲမြို့နယ်မှ (၁၈)ဦး၊ ဖါးဆောင်းမြို့ နယ်မှ (၇)ဦး၊ မယ်စဲ့မြို့နယ်မှ (၁၁)ဦး စုစုပေါင်းသင်တန်းသား(၁၂၃)ဦး သင်တန်းတက်ရောက် မည်ဖြစ်ပြီး သင်တန်း ကာလ (၄)လ ကြာမြှင့်မည်ဖြစ်ကြောင်း သိရှိရသည်။

ကယားပြည်နယ်ပြန်/ဆက်

No comments:

Post a Comment