Monday, November 14, 2016

မန္တလေးမြို့ အိမ်ခြံမြေသတ်မှတ်စံနှုန်းသစ်များ အတည်ပြုထုတ်ပြန်


မန္တလေး နိုဝင်ဘာ ၁၃

မန္တလေးမြို့ အိမ်ခြံမြေဈေးကွက်နှင့် ပတ်သက်၍ သတ်မှတ်စံနှုန်းများကို ပြည်တွင်း အခွန်များ ဦးစီးဌာနမှ နိုဝင်ဘာလဆန်းပိုင်းက အတည်ပြု ထုတ်ပြန်လိုက်ပြီး ယခင်စံနှုန်းများထက် ၁ဝ ရာခိုင်နှုန်းခန့်လျော့ကျကြောင်း တိုင်းဒေသကြီး ပြည်တွင်းအခွန်များ ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးတင်ထွေးက ပြောသည်။


''တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ မြေကွက်တန်ဖိုး စံနှုန်းထားတွေ တင်ပြ ခဲ့ရာ မှာ ပြည်သူများအတွက် သက်သာ အောင် ထပ်မံလျှော့ချပေးပါတယ်။ အစိုးရ ဖွဲ့အတည်ပြုချက်နဲ့ ထုတ်ပြန်လိုက်တဲ့ မြေကွက်စံနှုန်းထားတွေက အရင်ထက် လျော့သွားပါတယ်'' ဟု ၄င်းက ပြောသည်။

ပြည်တွင်းအခွန်များ ဦးစီးဌာနမှ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးများ အကူအညီဖြင့် ရပ်ကွက်/ကျေးရွာ အလိုက် မြေကွက်အခြေခံ ဈေးနှုန်းများ ကောက်ယူ ပြီးဌာနက သုံးကြိမ်အစည်းအဝေး ပြုလုပ်ကာ တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ တင်ပြခဲ့ကြောင်း၊ အခြေပြုပစ္စည်းများ ဝယ်ယူရာတွင် မိမိတို့ပိုင်ဆိုင်မှုအတွက် အခွန်ရုံးတွင် အစစ်ခံပြီး စာချုပ်စာတမ်း မှတ်ပုံတင် ပြုလုပ်ထားရန်လိုကြောင်း သိရသည်။

''ဥပဒေသတ်မှတ်ချက်အရဆိုရင် ဝင်ငွေရလမ်းမဖော်ပြနိုင်တဲ့ အခြေပြု ပစ္စည်းတွေနဲ့ပတ်သက်လို့ ၃ဝ ရာခိုင်နှုန်း ပေးဖြစ်ပါတယ်။ ဒါပေမယ့် မြေကွက် တန်ဖိုးအလိုက် သက်သာတဲ့ဝင်ငွေခွန် နှုန်းထားဖြစ်တဲ့ ၁၅ ရာခိုင်နှုန်း ကစပြီး ၃ဝ ရာခိုင်နှုန်းပဲ အခွန်ပေးဆောင်ရမှာပါ'' ဟု ဆက်လက်ပြောသည်။

၂ဝ၁၆ ခုနှစ် ပြည်ထောင်စု၏ အခွန်ကောက် ဥပဒေပုဒ်မ ၂၂ အရ မြေကွက်များကဲ့သို့ အခြေပြုပစ္စည်းများ ဝယ်ယူရာတွင် ဝင်ငွေရလမ်း ဖော်ပြနိုင်ခြင်း မရှိပါက တန်ဖိုးတစ်ကျပ်မှ ကျပ်သိန်း ၃ဝဝ-ထိ ၁၅ ရာခိုင်နှုန်း၊ ကျပ် သိန်း ၃ဝဝ အထက် သိန်းတစ်ထောင်ထိ ၂ဝ ရာခိုင်နှုန်းနှင့် တစ်ထောင်အထက်ကို ၃ဝ ရာခိုင်နှုန်း ဝင်ငွေခွန် ပေးဆောင်ရမည် ဖြစ်ကြောင်း သိရသည်။


ယခင် ဝင်ငွေခွန် ပေးဆောင်ရမည့် နှုန်းထားများမှာ တစ်ကျပ်မှ ကျပ်သိန်း တစ်ထောင်ထိ သုံးရာခိုင်နှုန်း၊ သိန်း တစ်ထောင်အထက် ကျပ်ငါးထောင်ထိ ၅ ရာခိုင်နှုန်း၊ ကျပ်သိန်း ငါးထောင်အထက် ကျပ်သိန်းတစ်သောင်းထိ ၁ဝ ရာခိုင်နှုန်း စသဖြင့် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

No comments:

Post a Comment