Saturday, November 19, 2016

ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ် ထန်တလန်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု စစ်ဆေး

ဟားခါး နိုဝင်ဘာ ၁၈
ချင်းပြည်နယ်အစိုးရအဖွဲ့  ပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်သည် ပြည်နယ်လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးရွှေထီးယိုး၊ ပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်၊ ပြည်နယ်ဥပဒေချုပ် ဦးထန်ကျုံး၊ ပြည်နယ်အစိုးရ အဖွဲ့အတွင်းရေးမှူး ဦးပြုံးချိုနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ နိုဝင်ဘာ ၁၆ ရက်မှ ၁၈ ရက်နေ့ အထိ ထန်တလန်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။





ပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်နှင့် အဖွဲ့သည် နိုဝင်ဘာ ၁၆ ရက်နေ့တွင် ထန်တလန်မြို့နယ် ဟရိန်ခန်းကျေးရွာနှင့် ထာအိုကျေးရွာများသို့ သွားရောက်ပြီး ကျေးလက်နေ ဒေသခံပြည်သူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံကာ အဝတ်အထည်နှင့် စားသောက်ဖွယ်ရာ လက်ဆောင်ပစ္စည်းများပေးအပ်ခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ညနေပိုင်းတွင် ဟားခါး - ထန်တလန် - ဆာဆီချောက်လမ်းပေါ်  ရှိ တံတားတည်ဆောက်မည့်နေရာသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ညပိုင်းတွင် ထန်တလန်မြို့နယ်၊ ထာအိုရွာသစ်၊  အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ) ၌ ကျေးရွာလူထုနှင့်တွေ့ဆုံ၍ ဒေသလိုအပ်ချက် တင်ပြမှုများအပေါ် ပေါင်းစပ်  ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း၊ နိုဝင်ဘာ ၁၇ ရက် နံနက်ပိုင်းတွင် ထန်တလန်မြို့နယ်၊ ထာအိုရွာဟောင်းရှိ   ကျောင်းဆောင်ကိုလည်းကောင်း၊ ထာအိုရွာ၌ မြန်မာ-အိန္ဒိယနယ်စပ်ဈေးသစ် တည်ဆောက်မည့် မြေနေရာကို လည်းကောင်း ကြည့်ရှုစစ်ဆေးပြီး နေ့လည်ပိုင်းတွင် မွှန်လီပီရွာသို့ရောက်ရှိကာ ကျေးရွာလူထုနှင့် တွေ့ဆုံ၍ တင်ပြချက် များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ညနေပိုင်းတွင် ထန်တလန်မြို့နယ် သီကီရ်ရေလှောင်တမံ စီမံကိန်းနှင့် သီကီရ်ကျေးရွာ ၌ ဆေးရုံတည်ဆောက်မည့်မြေနေရာတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး သီကီရ်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း (ခွဲ)တွင် ကျေးရွာလူထုနှင့်တွေ့ဆုံ၍ လူထု၏ တင်ပြချက်များအပေါ်ညှိနှိုင်း ပေါင်းစပ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း၊ နိုဝင်ဘာ ၁၈ ရက် နံနက်ပိုင်းတွင် သီကီရ်ကျေးရွာအခြခံပညာ အထက်တန်းကျောင်း(ခွဲ) မြေဧရိယာ၌ ဘော်ဒါဆောင်များ တည်ဆောက်မည့်မြေနေရာနှင့် ဆလဲင်း ကျေးရွာ အလယ်တန်းကျောင်း၌ အဆောက်အဦးများတိုးချဲ့တည်ဆောက်မည့် မြေနေရာတို့ကို ကြည့်ရှု စစ်ဆေးခဲ့သည်။
ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဆလဲင်းကျေးရွာ နှင့်ဗမ်ဘိုင်းကျေးရွာများသို့ ရောက်ရှိစဉ် ကျေးရွာပြည်သူ လူထုနှင့်တွေ့ဆုံ၍ ကျေးရွာလူထု၏ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးကာ အဝတ်အထည် ၊ စားသောက်ဖွယ်ရာ လက်ဆောင်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

ချင်းပြည်နယ် ပြန်/ဆက်

No comments:

Post a Comment