Saturday, November 19, 2016

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေးသူများအား ပြန်လည်စေလွှတ်သည့် သတင်းဖြစ်ပေါ်မှုမှာ မှန်ကန်မှုမရှိ

နေပြည်တော် နိုဝင်ဘာ ၁၈
မြန်မာနိုင်ငံဘက်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ နတ်မြစ်အား ဖြတ်ကျော်၍ ထွက်ပြေးသူ ၂၀၀ ခန့်အား ဘင်္ဂလား ဒေ့ရှ် နယ်ခြား စောင့်တပ်မှ ဖမ်းဆီး၍ မိမိနိုင်ငံဘက်ခြမ်းသို့ ပြန်လည်စေလွှတ်ခဲ့သည်ဆိုသည့် သတင်းဖြစ် ပေါ်မှုနှင့်ပတ်သက်၍ ဘင်္ဂလားဒေ့ရှ် အမှတ်() နယ်ခြားစောင့်တပ်မှ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး အာဘူဝေဟာ ဇာဟိရ်နှင့် အမှတ်(၃၄) နယ်ခြားစောင့်တပ်မှ ဒုတိယတပ်ရင်းမှူး မိုဟာမတ်အာဟူလ်နိုင်းတို့အား မြန်မာနိုင်ငံ နယ်ခြားစောင့်ရဲတပ်ဖွဲ့က စကားပြန်မှတစ်ဆင့် ဆက်သွယ်မေးမြန်း စုံစမ်းခဲ့ရာ ၎င်းတို့အနေဖြင့် သတင်းများထွက်ပေါ်နေ သည်ကို ကြားသိရသော်လည်း မြေပြင်၌ အမှန်တကယ်ဖြစ်ပွားခဲ့ခြင်းမရှိဟု ပြန်လည်ဖြေကြား ခဲ့ကြောင်း သိရသည်။

မောင်တောအနောက်မြောက်ဘက်တွင် လက်ရှိ ဖြစ်ပွားနေသည့် အခြေအနေများကြောင့် ရေခပ်ချောင်းခွဆုံရွာ၊ မြောတောင်ရွာ၊ ဒါးကြီးဇားရွာ၊ ရေတွင်းကျွန်းရွာ၊ ပွင့်ဖြူချောင်းရွာ၊ ဥရှည်ကျရွာ၊ ငါးခူရရွာများတွင် နေထိုင်ကြ သည့် အိမ်ထောင်စုဝင်များသည် ရေခပ်ချောင်းခွဆုံဘက်မှတစ်ဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ အဖွဲ့လိုက် ထွက်ခွာသွားကြပြီး ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်မှ ပြန်လည်စေလွှတ်ခဲ့ကြောင်း၊ လူ ၂၀၀ ခန့်မှာ ဘင်္ဂလား ဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းများသို့ ရောက်ရှိနေကြဖွယ်ရှိကြောင်း သတင်းများထွက်ပေါ်လျက်ရှိသည်။

အဆိုပါဖြစ်စဉ်များနှင့်ပတ်သက်၍ ရိုက်တာသတင်းဌာန၏ နိုဝင်ဘာ ၁၆ ရက် သတင်းတစ်ပုဒ်တွင် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေး ရန် ကြိုးပမ်းသူ ၇၂ ဦးကို မြန်မာ့တပ်မတော်က ပစ်သတ်ခဲ့သည်ဟု သတင်း ဖော်ပြခဲ့မှုနှင့် ပတ်သက်၍ ယင်းနယ်မြေရှိ တပ်မတော်နှင့် နယ်ခြားစောင့်တပ်ဖွဲ့များသို့ နယ်စပ်ဒေသ၌ ထိတွေ့မှုများ ရှိ/မရှိ စိစစ်မေးမြန်းရာ အဆိုပါဖြစ်စဉ်မှာ လုံးဝမဟုတ်မှန်ကြောင်း၊ပူးပေါင်းအဖွဲ့အနေဖြင့် အတွင်းပိုင်းနယ်မြေရှင်း လင်းစစ်ဆေးရေးကိုသာ ဆောင်ရွက်လျက်ရှိပြီး နယ်စပ်ပိုင်း၌ ထိတွေ့မှုမရှိကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်း ထုတ်ပြန်ရေးကော်မတီက သတင်းထုတ်ပြန်ထားသည်။

No comments:

Post a Comment