Monday, November 7, 2016

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ အခမ်းအနားသို့ တက်ရောက် အမှာစကားပြောကြား


နေပြည်တော် နိုဝင်ဘာ ၇
အစိုးရ၏မူဝါဒများ အောင်မြင်စွာဆောင်ရွက်ရေးအတွက် အဓိက လိုအပ်ချက်သည် အမျိုးသားရေး တည်ဆောက်ရန်၊ ပြည်တွင်းငြိမ်းချမ်းရေးရရှိရန်တို့ဖြစ်ကြောင်း ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူ  ကပြောကြား သည်။

နေပြည်တော် Hotel Max ၌ ယနေ့ ညနေ ၅ နာရီတွင် ကျင်းပသည့် အထွေထွေအုပ် ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ အခမ်းအနားတွင် ဒုတိယသမ္မတ က ထိုသို့ ပြောကြား လိုက်ခြင်းဖြစ်သည်။
ဆက်လက်၍ အမျိုးသားရေးတည်ဆောက်ရန် အခြေခံအုတ်မြစ်သည် အမျိုးသား ညီညွှတ်ရေး ပင်ဖြစ်ကြောင်း၊ ပြည်ထောင်စုတစ်ခုတည်းမှ ပြည်ထောင်စုသားများဟူသည့် စိတ်ဓာတ်များဖြစ်ပေါ်လာရန် ညီညွတ်ရေးကိုတည်ဆောက်ကြရမည်ဖြစ်ကြောင်း၊  စစ်မှန် သည့် ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရေး ခြေလှမ်းတစ်ရပ်အနေဖြင့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံကို ကျင်းပ ခဲ့ပါကြောင်း၊  ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ပြီးမြောက်အောင်မြင်အောင်လုပ် ဆောင်ပြီး ထာဝရငြိမ်း ချမ်းရေး ရရှိရန် ဆောင်ရွက်လျက်ရှိပါကြောင်း။
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများသည် နိုင်ငံတော်အဆင့်မှ ရပ်ကွက်၊ ကျေးရွာအဆင့်အထိ တာဝန် ထမ်းဆောင်လျက်ရှိသည့်အတွက် နိုင်ငံတော်၏ မူဝါဒများ အောင်မြင်ရေးနှင့် ထာဝရငြိမ်ချမ်းရေး ရရှိရေး တို့တွင် ဒေသအသီးသီးရှိ တိုင်းရင်းသား ပြည်သူများ ဝိုင်းဝန်းကူညီပါဝင်လာစေရန် ဆောင်ရွက် သွားကြရ မည်ဖြစ်ကြောင်း ဒုတိယ သမ္မတက ပြောကြားသည်။
ဒုတိယသမ္မတ က ထိရောက်ကောင်းမွန်သည့် စီမံအုပ်ချုပ်မှုစနစ် ဖြစ်ပေါ်စေရေးနှင့် ပြည်သူ့ဝန်ဆောင်မှု (People Service) လုပ်ငန်းများ ထိရောက်အောင်မြင်စွာဆောင်ရွက် ပေးနိုင်ရေးတို့အတွက် ဝန်ထမ်း များသည် သော့ချက်ဖြစ်ပြီး အစိုးရအုပ်ချုပ်ရေး နယ်ပယ် ဖွံ့ဖြိုးတိုးတက်ရေး၏ အဓိကမောင်းနှင်အား များဖြစ်ပါကြောင်း၊ တာဝန်ယူ၊ တာဝန်ခံမှု ရှိသည့် ဝန်ထမ်းအဖွဲ့အစည်းဖြစ်ရန် ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း။
ထို့ပြင် ပြည်သူလူထု၏ အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ရန် ပြည်သူ့ဝန်ဆောင်မှုရုံး (One Stop Shops) ၃၁၆ ရုံးကို ဖွင့်လှစ်ခဲ့ပြီး ဖြစ်ပါကြောင်း၊ ပြည်သူများကိုဝန်ဆောင်မှုပေးခြင်းဖြင့်ပြည်သူလူထု အားကိုး ယုံကြည်ရသည့် ဝန်ထမ်း ကောင်းများ ဖြစ်လာစေရန် ကြိုးပမ်း ဆောင်ရွက် သွားကြရ မည်ဖြစ်ကြောင်း။
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏  အစဉ်အလာကောင်းများကို ဆက်လက် ထိန်းသိမ်းပြီး နိုင်ငံတော် က အားထားရသည့် အုပ်ချုပ်ရေးဌာနကြီးအဖြစ် ဆက်လက် ရပ်တည်သွားနိုင်ရန် ဝိုင်းဝန်းကြိုးပမ်း သွားကြရ မည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယသမ္မတက အကောင်းဆုံးဝန်ဆောင် မှုပေးနိုင်ခဲ့ကြသည့် ပြည်သူ့ ၀န်ဆောင်မှု (OSS)ရုံးများအား ဆုများပေးအပ် ချီးမြှင့်ပြီး ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ဒုတိယ ဗိုလ်ချုပ်ကြီးရဲအောင်နှင့် ပြည်ထဲရေးဝန်ကြီးဌာနအမြဲတမ်း အတွင်းဝန် ဦးတင်မြင့်တို့က ဗဟိုဝန်ထမ်း တက္ကသိုလ်နှင့် အုပ်ချုပ်မှုပညာ ဖွံဖြိုးရေးသင်တန်း ကျောင်းများတွင် ထူးချွန်ဆုရရှိခဲ့ကြသူများအား ဆုများပေး အပ်ချီးမြှင့်သည်။
ဆက်လက်၍  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန သမိုင်းကြောင်းနှင့် လုပ်ငန်း စွမ်းဆောင်မှု မှတ်တမ်းVideo Clip ကို  ပြသသည်။
 ဒုတိယသမ္မတသည် အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့် မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ လှုပ်ရှားဆောင်ရွက်မှုပြခန်းများအား လှည့်လည်ကြည့်ရှုသည်။
ယင်းနောက် ဒုတိယသမ္မတသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နှစ်ပတ်လည် နေ့အထိမ်းအမှတ် ညစာ စားပွဲသို့ တက်ရောက်သည်။
၁၉၈၈ ခုနှစ် နောက်ပိုင်း နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ ကာလတွင် ပြည်ထောင်စု မြန်မာ နိုင်ငံတော် အစိုးရအဖွဲ့က အမိန့်ကြော်ငြာစာအမှတ် (၄/၈၈) ဖြင့် “ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ” ကို ၁၉၈၈ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့မှစတင်၍ ပြန်လည်ဖွဲ့စည်းကြောင်း ကြေညာခဲ့သည့်အတွက် ယနေ့ ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာ ၇ ရက်တွင် (၂၈)နှစ် ကာလ ရောက်ရှိခဲ့ပြီဖြစ်သည်။  

 (သတင်းစဉ်)

No comments:

Post a Comment