Monday, November 7, 2016

ဒုတိယသမ္မတဦးမြင့်ဆွေ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များဖွံဖြိုးရေး သင်တန်းကျောင်း(ခန္တီး)၊ အစိုးရ စက်မှုလက်မှု သိပ္ပံ(ခန္တီး)နှင့် အစိုးရနည်းပညာအထက်တန်းကျောင်းတို့ကိုကြည့်ရှုစစ်ဆေး


ဒုတိယသမ္မတ ဦးမြင့်ဆွေသည် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ဒေါက်တာမြင့်ထွေး၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ တိုင်းမှူး ဗိုလ်မှူးချုပ်သက်ပုံနှင့် ဒုတိယ၀န်ကြီးများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ခန္တီးမြို့ နယ်စပ် ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းသို့ ရောက်ရှိပြီး ကျောင်းသား၊ ကျောင်းသူလူငယ်များအား ရင်းရင်းနှီးနှီးနှုတ်ဆက်ကာ မိမိဒေသဖွံ့ဖြိုး ရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုးရေးတွင် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန် ကျောင်း သား၊ ကျောင်း သူများ အနေဖြင့် ကြိုးစားသင်ကြားကြစေလိုကြောင်း မှာကြားပြီး သင်တန်းကျောင်း အိပ်ဆောင်များနှင့် စားရိပ်သာ တို့ကို ကြည့်ရှုသည်။
ယင်းနောက် ဒုတိယသမ္မတသည် အစိုးရစက်မှုလက်မှုသိပ္ပံ (ခန္တီး)နှင့် အစိုးရ နည်းပညာ အထက်တန်း ကျောင်းတို့ သို့ရောက်ရှိပြီး ကျောင်းသား၊ ကျောင်းသူများပညာ သင်ကြားနေမှု၊ အလုပ်ရုံများတွင် လက်တွေ့ လေ့ကျင့်သင်ကြားနေမှုတို့ကို ကြည့်ရှုပြီး ဆရာ၊ ဆရာမများအား ပညာရေးနှင့်လေ့ကျင့်ရေး ကဏ္ဍဖွံ့ဖြိုး တိုးတက်ရေး၊ ဒေသတွင်းလူငယ်များ ပညာတတ်မြောက်ပြီး တစ်ဦးချင်းဝင်ငွေတိုးလာစေရေး အတွက် လေ့ကျင့်သင်ကြားပေးရန်မှာကြားသည်။

အစိုးရစက်မှုလက်မှုသိပ္ပံ (ခန္တီး)ကို  ၂၀၀၉ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး AGTI ဒီပလိုမာ(၃)နှစ် သင်တန်း အဖြစ် အထူးပြုဘာသာရပ်(၄)ခု  သင်ကြားပို့ချလျက်ရှိသည်။ အစိုးရ နည်းပညာအထက်တန်းကျောင်းကို ၂၀၀၉ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ၂နှစ် သင်တန်း အဖြစ်အထူးပြုဘာသာရပ်များအပြင် ဒေသနှင့် ကိုက်ညီ သည့် ကျွမ်းကျင်မှု သင်တန်းများကိုလည်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
ထို့နောက် ဒုတိယသမ္မတသည် ခန္တီးမြို့ အခြေခံပညာအထက်တန်းကျောင်းသို့ ရောက်ရှိပြီး ခရိုင်နှင့်မြို့နယ် ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမအား တွေ့ဆုံရာ ကျောင်းအုပ်ကြီးက နှစ် အလိုက် အောင်မြင်မှု အခြေအနေ၊ ကျောင်းသားနှင့် ဆရာအရေအတွက်၊ ကျောင်းဆိုင်ရာ အချက်အ လက်များကို တင်ပြသည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ဆရာ၊ဆရာမများအနေဖြင့် ကျောင်းသား၊ ကျောင်းသူများ ကျောင်းမထွက်စေရေးနှင့် မူလတန်းပညာရေး အဆင့်ပြီး မြောက်အောင် ကြိုးစား သင်ကြား ပေးကြစေ လိုကြောင်း၊ ဆရာ၊ ဆရာမများ အရည် အချင်းရှိမှသာ ကျောင်းသား ၊ ကျောင်းသူများ၏ အရည် အသွေး မှာလည်း ကောင်းမွန် မည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ ၀န်ကြီးဌာနအနေဖြင့် ဆရာ၊ ဆရာမများ၏ စွမ်းဆောင်ရည် အပေါ်မူတည်ပြီး တာဝန်ချ ထားပေးသွားမည်ဖြစ်ကြောင်း၊ ကျောင်းများ၏ လိုအပ်ချက် များကိုလည်း အတတ်နိုင်ဆုံး ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ဒုတိယသမ္မတက မိမိတို့အနေဖြင့် ခန္တီးဒေသ၏ ပညာရေး၊ ကျန်းမာရေးနှင့် နယ်စပ်ဒေသ ဖွံ့ဖြိုးရေး လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်နှင့် နာဂဒေသ မြို့နယ် (၃)ခုတွင်  ကာကွယ်ဆေးထိုး ဆောင်ရွက်ပေးရန် လာရောက်ခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်အနေဖြင့် ပညာရေး ကဏ္ဍဖွံ့ဖြိုး တိုးတက်ရေး အတွက် အမျိုးသား ပညာရေးမူဝါဒကော်မရှင် ဖွဲ့စည်းဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးရေး အတွက် အရေးကြီးသည်မှာ ပညာတတ်များ များပြားလာရန်ဖြစ်ကြောင်း၊ ပညာရေး ကဏ္ဍတိုး တက်ရေး အတွက် ဘတ်ဂျတ်ပိုမိုသုံးစွဲလျက်ရှိကြောင်း၊ ထို့ပြင် ဆရာ၊ ဆရာမ များအရည် အသွေးမြှင့် မားစေရေး အတွက် သင်တန်းများပေးနိုင်ရန် နိုင်ငံတကာအဖွဲ့ အစည်းများနှင့် ပူးပေါင်းဆောင် ရွက်လျက် ရှိကြောင်း၊ ခန္တီးဒေသဖွံ့ဖြိုးတိုးတက်စေရေး အတွက် ဆရာ၊ဆရာမများအနေဖြင့် ပညာတတ်လူငယ်များ ပေါ်ထွန်း လာစေရန် ကြိုးစားသင်ကြားပေးစေလိုကြောင်း ပြောကြားသည်။
ယင်းနောက် ဒုတိယသမ္မတက ခန္တီးမြို့ အခြေခံပညာမူလတန်းကျောင်းများ အတွက် ဗလာစာအုပ်များကို မြို့နယ် ပညာရေးမှူးထံပေးအပ်ပြီး သိပ္ပံလက်တွေ့ စာသင်ခန်း၊ ရူပဗေဒနှင့် ဓာတုဗေဒ လက်တွေ့ စာသင်ခန်း၊  အိမ်တွင်းမှုလက်တွေ့စာ သင်ခန်း၊ ကွန်ပျူတာခန်းနှင့်စာကြည့်တိုက်တို့ကို လိုက်လံကြည့်ရှု သည်။
ဒုတိယသမ္မတသည် ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာန တည်ဆောက်ရေးအဖွဲ့(၃)က တာဝန် ယူတည်ဆောက်လျက်ရှိသည့် ချင်းတွင်းမြစ်ကူး တံတား(ခန္တီး) တည်ဆောက်ရေး ရှင်းလင်း ဆောင်သို့ ရောက်ရှိရာ တည်ဆောက်ရေး ညွန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက တံတားတည်နေရာ၊ စီမံကိန်းတန်ဖိုး၊ ရန်ပုံငွေရရှိမှု၊ တံတားဆိုင်ရာအချက်အလက်များနှင့် လုပ်ငန်းပြီးစီးမှုအခြေအနေတို့ကို ရှင်းလင်း တင်ပြကြ သည်။
တင်ပြချက်များအပေါ် ဒုတိယသမ္မတက သိလိုသည်များကိုမေးမြန်းပြီး စံချိန် စံညွန်းအရည် အသွေးပြည့် မီအောင်ဆောင်ရွက်ကြရန်မှာကြားကာ တည်ဆောက်ရေး လုပ်ငန်းများဆောင်ရွက်နေမှုကို ရှင်းလင်း ဆောင်မှကြည့် ရှုသည်။
ချင်းတွင်းမြစ်ကူးတံတား(ခန္တီး)ကို ခန္တီး-ဆင်သေ-လဟယ် လမ်းပေါ်တွင် တည်ဆောက်လျက်ရှိပြီး တံတား အရှည်(၄၄၉ဒသမ၅)မီတာ၊ အကျယ်(၈ဒသမ၅)မီတာ၊ ပင်မတံတား သံမဏိ သံပေါင်နှင့် တံတား အောက်ထည် သံကူကွန်ကရစ် အမျိုးအစား ဖြစ်ပြီး ယခုအခါတည်ဆောက်ရေး လုပ်ငန်း(၂၇) ရာခိုင် နှုန်းပြီးစီး နေပြီးဖြစ်ကာ ၂၀၁၇ ခုနှစ် နိုဝင်ဘာလတွင် ပြီးစီးမည်ဖြစ် ကြောင်း သိရသည်။

 (သတင်းစဉ်) 

No comments:

Post a Comment