Sunday, November 27, 2016

အသက်မွေးဝမ်းကျောင်း လုပ်ငန်းအသစ် ဖော်ထုတ်နိုင်ရေးညှိနှိုင်းဆွေးနွေး




ရန်ကုန် နိုဝင်ဘာ ၂၇
မြန်မာ - ထိုင်း နှစ်နိုင်ငံ သဘောတူညီချက်ဖြင့် အောက်တိုဘာ ၂၆ ရက်က နှစ်နိုင်ငံ နယ်စပ်ရှိ ဒုက္ခသည်စခန်းမှ ပြန်လည်ခေါ်ယူခဲ့သည့် မိသားစုများ အနက် ရန်ကုန်တိုင်းဒေသ ကြီး ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးမှူးရုံးတွင် ယာယီလက်ခံ စောင့်ရှောက် ထားသည့် အိမ်ထောင်စု(၄)စုအား ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး သွားရောက်တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက မိမိတို့အနေဖြင့် ပြည်သူများ လွတ်လပ် လုံခြုံစွာ ဖွံ့ဖြိုးတိုးတက်ရေးကို ဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ နှင့်အညီ ပွင့်လင်းမြင်သာစွာ အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိရာ တစ်ဦးတစ်ယောက်ခြင်း ကစ၍ ပူး‌ပေါင်းပါဝင် ဆောင်ရွက်ရန် လိုပါကြောင်း ပြောကြားပြီး မိသားစုဝင်များ၏ နေရေး ထိုင်ရေး၊ သားသမီးများ ပညာသင်ကြားနိုင်ရေး၊ အလုပ်အကိုင်ရရှိရေး၊ လူဦးရေအိမ်ထောင်စု စာရင်းနှင့် မှတ်ပုံတင်ရရှိရေး ကိစ္စရပ်များအား သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ညှိနှိုင်း ဆွေးနွေး ဆောင်ရွက်ပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ကမ္ဘာအေးဘုရားလမ်းရှိ သက်ကြီးရွယ်အိုနေ့ပိုင်း စောင့်ရှောက်ရေးဂေဟာ၊ အစည်းအ‌ဝေးခန်းမ၌ ရခိုင်ပြည်နယ် လူမှုစီးပွားဘ၀ ဖွံဖြိုးတိုးတက် ရေး၊ ပြည်နယ်အတွင်းတွင် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများနှင့် ဈေးကွက်ရှာဖွေရေး လုပ်ငန်းများကို တစ်ပြိုင်တည်းဆောင်ရွက်နိုင်ရေး၊ National Grid မှ(၂၄)နာရီ လျှပ်စစ်မီးရရှိ နေပြီ ဖြစ်သည့် မြို့နယ်များတွင် အထည်ချုပ်စက်ရုံများ တည်ထောင်ဖွင့်လှစ်နိုင်ရေး အတွက် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များ အသင်းချုပ်မှ အထည်ချုပ်လုပ်ငန်း ဥက္ကဌနှင့် အတွင်းရေးမှူး၊ အထည်ချုပ်လုပ်ငန်းရှင်များနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment