Thursday, November 17, 2016

ဝါးခယ်မတွင်ပညာပဒေသာ ကျောင်းစာကြည့်တိုက် ဖွင့်လှစ်


ဝါးခယ်မ၊ နိုဝင်ဘာ ၁၆
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် ဝါးခယ်မမြို့နယ် ရွာသစ်ရပ်ကွက် အ.ထ.က (ခွဲ) ရွာသစ်ကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများ ကျောင်းသင်ခန်းစာ အပြင်  ပြင်ပအသိပညာ ဗဟုသုတများရရှိ စေရန်ရည်ရွယ်ပြီး  ပညာပဒေသာ ကျောင်းစာကြည့်တိုက် ဖွင့်ပွဲကို နိုဝင်ဘာ ၁၆ ရက် နံနက် ၈ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။


အဆိုပါ ကျောင်းစာကြည့်တိုက်မှာ အလျား ၂၅ ပေ၊ အနံ ၂၀ ပေ၊ RC တစ်ထပ်၊ သွပ်မိုးဖြင့် အလှူရှင် ဦးအောင်ခင် (ဒုတိယညွှန်ကြားရေးမှူးချုပ် (ငြိမ်း)၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန) ဇနီးဒေါ်ဝင်းဝင်းခိုင် အထက်တန်းပြ (ငြိမ်း) မိသားစုမှ လှူဒန်းငွေကျပ် ၂၀ သိန်း၊ ဦးသုကိုလင်း( Director, Petro & Trans Co., Ltd) ဇနီး ဒေါ်နော်ဖလော့ရင့်စ် မိသားစုမှ လှူဒါန်းငွေ ၁၅ သိန်း၊ ၂၀၀၈ ခုနှစ် အ.လ.က (၁) ပညာရေးငွေပဒေသာပင်အဖွဲ့မှ လှူဒါန်းငွေ ၃၅ သိန်းဖြင့် ဆောက်လုပ်လှူဒါန်းပေးခဲ့ကြသည်။
ဆက်လက်၍ အလှူရှင်များကိုယ်စား ဦးအောင်ခင်က ကျောင်းစာကြည့်တိုက် ဆောက်လုပ်လှူဒါန်းရခြင်းနှင့် ပတ်သတ်၍  ရှင်းလင်းပြောကြားပေးပြီး ပညာရေးဌာနသို့ လွှဲပြောင်းပေးအပ်ကာ ပညာပဒေသာ ကျောင်းစာကြည့်တိုက်အတွက် စာအုပ်စာစောင်များ၊ အလှူငွေများ လှူဒါန်းပေးခဲ့ကြကြောင်း သိရသည်။
ထို့နောက် အ.ထ.က (ခွဲ) ရွာသစ်ကျောင်းသို့ ကျေးရွာအသီးသီးမှ တက်ရောက်နေကျသော မူလတန်းမှ အထက်တန်း အဆင့်ထိ ကျောင်းသား၊ ကျောင်းသူ ကလေးသူငယ်များအတွက် အသိပညာ ဗဟုသုတကောင်းများ ပိုမိုရရှိ လာမည်ဖြစ်ကြောင်း၊ ကျောင်းစာကြည့်တိုက်အား ရေရှည်တည်တံ့ တိုးတက်အောင်မြင်အောင် ထိန်းသိမ်း ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မူမူက ပြောကြားပေးကာ အခမ်းအနားသို့ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများ၊ အ.ထ.က (ခွဲ) ရွာသစ်ကျောင်း၏ ကျောင်းသူ၊ ကျောင်းသား ဟောင်းများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

လွှမ်းသီဟ(ဝါးခယ်မ)

No comments:

Post a Comment