Thursday, October 20, 2016

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် အိန္ဒိယနိုင်ငံ ၀န်ကြီးချုပ်နှင့် တွေ့ဆုံ နှစ်နိုင်ငံနားလည်မှု စာချွန်လွှာများ လဲလှယ်


နယူးဒေလီ အောက်တိုဘာ ၁၉

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အိန္ဒိယနိုင်ငံဝန်ကြီးချုပ် မစ္စတာ နာရန်ဒရာမိုဒီ တို့သည် ယနေ့ ဒေသစံတော်ချိန် မွန်းတည့် ၁၂ နာရီတွင် Hyderabad House ၌ တွေ့ဆုံသည်။


ထိုသို့ တွေ့ဆုံစဉ်  စိုက်ပျိုးရေးကဏ္ဍ၊ နယ်စပ်ဒေသ လုံခြုံရေးကဏ္ဍ၊ လူ့စွမ်းအား အရင်းအမြစ်မြှင့်တင်ရေးကဏ္ဍ၊ နှစ်နိုင်ငံအကြား ဆက်လက် ဆောင်ရွက်ရန်ရှိသည့် နယ်နိမိတ် ဆိုင်ရာကိစ္စရပ်များနှင့် နှစ်နိုင်ငံအကျိုးတူ ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးကြသည်။
ဆက်လက်၍ အိန္ဒိယနိုင်ငံ ၀န်ကြီးချုပ်က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အား Hyderabad House ၌  အလုပ်သဘော နေ့လည်စာစားပွဲဖြင့် တည်ခင်းဧည့်ခံသည်။

နေ့လည်စာစားပွဲတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အိန္ဒိယ ၀န်ကြီးချုပ်တို့သည် နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးကြသည်။

ထို့နောက် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံနားလည်မှု စာချွန်လွှာများ လဲလှယ်ပွဲကိုကျင်းပရာ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အိန္ဒိယသမ္မတနိုင်ငံ ၀န်ကြီးချုပ် မစ္စတာ နာရန်ဒရာမိုဒီတို့၏ ရှေ့မှောက်၌   မြန်မာနိုင်ငံငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေး ဦးစီးဌာနနှင့် အိန္ဒိယ အာမခံ ဌာနတို့အကြား ရေးထိုးသည့် မြန်မာနိုင်ငံ၏ အာမခံလုပ်ငန်းအတွက် ပညာရပ်ပိုင်းဆိုင်ရာနှင့် ကျွမ်းကျင်ပညာရှင်များ ပြုစုပျိုးထောင်ရေး အစီအစဉ်နှင့် ပတ်သက်သည့် နားလည်မှုစာချွန်လွှာကို နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်တင်နှင့် အိန္ဒိယနိုင်ငံ Insurance Institute of India မှ Secretary General Shri P. Venugopal တို့ကလည်းကောင်း၊ မြန်မာနိုင်ငံလျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနနှင့် အိန္ဒိယနိုင်ငံ လျှပ်စစ်ဝန်ကြီး ဌာနတို့အကြား ရေးထိုးသည့် စွမ်းအင်ကဏ္ဍ ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး စာချွန်လွှာကို နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်တင်နှင့် အိန္ဒိယနိုင်ငံ Ministry of power မှ Secretary  Shri Pradeep Kumar Pujari တို့က လည်းကောင်း၊  မြန်မာနိုင်ငံဗဟိုဘဏ်နှင့် အိန္ဒိယနိုင်ငံ Reserve Bank of India တို့အကြား ရေးထိုးသည့် နားလည်မှု စာချွန်လွှာကို နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်တင်နှင့် အိန္ဒိယနိုင်ငံ မှ Deputy Governor Reserve Bank of India၊  Shri S S Mundra  တို့ကလည်းကောင်း အပြန်အလှန် လဲလှယ်ကြသည်။

ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အိန္ဒိယ၀န်ကြီးချုပ်တို့သည် သတင်း မီဒီယာများအား နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် နှစ်နိုင်ငံဆွေးနွေး ခဲ့သည်များကို ကောက်နုတ်ပြောကြားကြသည်။

ထို့နောက် နှစ်နိုင်ငံပူးတွဲ ကြေညာချက်တစ်ရပ်ကို ထုတ်ပြန်ကြေညာသည်။

ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် သည် Hyderabad House ဧည့်သည်တော် မှတ်တမ်းတွင် လက်မှတ်ရေးထိုးသည်။

ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် နယူးဒေလီမြို့မှ လေကြောင်းခရီးဖြင့် ပြန်လည်ထွက်ခွာရာ Palam လေတပ်စခန်း၌ အိန္ဒိယနိုင်ငံ စီးပွားရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယ၀န်ကြီး အက်စ်အမ်တီ နီရာမာလာစီသာရာမာန်၊ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး၊ မြန်မာနိုင်ငံ ဆိုင်ရာ အိန္ဒိယသံအမတ်ကြီး နှင့် တာဝန်ရှိသူ များက ပို့ဆောင်နှုတ်ဆက်ကြသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ည ၇ နာရီ ၂၀ မိနစ်တွင် နေပြည်တော်သို့ ပြန်လည်ရောက်ရှိရာ နိုင်ငံတော် အတိုင်ပင်ခံရုံး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးမျိုးအောင်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲချုပ် ရဲချုပ်ဇော်ဝင်းနှင့် တာဝန်ရှိသူ များက နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။
(သတင်းစဉ်)

No comments:

Post a Comment