Monday, October 31, 2016

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တရုတ်နိုင်ငံ မြန်မာသံရုံး၌ သင်တန်းသားများအား တွေ့ဆုံ






နေပြည်တော် အောက်တိုဘာ ၃ဝ

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၌ ရောက်ရှိနေသော တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်အဖွဲ့အား ယမန်နေ့ ညပိုင်းက Shan Xi ပြည်နယ်စစ်ဒေသမှူး Maj-Gen. Gao Longfu က Xian မြို့ Hyatt Regency ဟိုတယ်၌ ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံသည်။


ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် Xian မြို့တွင်းရှိ Tang Le Gong ကပွဲရုံသို့ သွားရောက်ပြီး Tang မင်းဆက်ခေတ်ကာလ အဆိုအကဖျော်ဖြေတင်ဆက်မှုအစီအစဉ်များအား ကြည့်ရှုအားပေးကြသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် Shan Xi ပြည်နယ် Bao Ji မြို့ရှိ စင်္ကြာမုနိ လက်ရိုးတော်ဘုရား(Fa Man Si)သို့ သွားရောက်ပြီး ဗုဒ္ဓရုပ်ပွားတော်မြတ်နှင့် ဗုဒ္ဓမြတ်စွာဘုရား၏ လက်ရိုးတော်အား ဖူးမြော်ကြည်ညိုကာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အလှူငွေများ ပေးအပ်လှူဒါန်းသည်။

မွန်းလွဲပိုင်းတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့သည် ရှီအန်း မြို့မှ ပေကျင်းမြို့သို့ အထူးလေယာဉ်ဖြင့် ဆက်လက် ထွက်ခွာသည်။

ညပိုင်းတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံးသို့ရောက်ရှိပြီး သံရုံးဧည့်ခန်းမ၌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သင်တန်းသားများ၊ သံရုံး/စစ်သံရုံး မိသားစုများအား တွေ့ဆုံ အမှာစကားပြောကြားကာ အမှတ်တရပစ္စည်းများနှင့် စားသောက်ဖွယ်ရာများပေးအပ်သည်။ ထို့နောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အဖွဲ့အား သံရုံးမိသားစုများက ညစာဖြင့် တည်ခင်းဧည့်ခံသည်။

(သတင်းစဉ်)

No comments:

Post a Comment