Wednesday, October 26, 2016

နိုင်ငံတော်သမ္မတ ဦးထင်ကျော် (၇)ကြိမ်မြောက် အက်မက်စ်ထိပ်သီးအစည်းအဝေးနှင့် (၈)ကြိမ်မြောက် စီအယ်လ်အမ်ဗွီ ထိပ်သီးအစည်းအဝေး ဖွင့်ပွဲသို့တက်ရောက်

ဟနွိုင်း အောက်တိုဘာ ၂၆
ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့၌ ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည် ယနေ့နံနက်ပိုင်းတွင် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ အမျိုးသားကွန်ဗင်းရှင်းစင်တာ၌ ကျင်းပသည့် (၇)ကြိမ်မြောက် ဧရာဝတီ-ကျောက်ဖယား-မဲခေါင်စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု မဟာဗျူဟာ (ACMECS) ထိပ်သီးအစည်းအဝေးနှင့် (၈)ကြိမ်မြောက် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ် (CLMV) ထိပ်သီးအစည်းအဝေး ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်သည်။

နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည် ဒေသစံတော်ချိန် နံနက် ၈ နာရီတွင် အမျိုးသားကွန်ဗင်းရှင်းစင်တာသို့ ရောက်ရှိရာ ဗီယက်နမ်နိုင်ငံ ၀န်ကြီးချုပ် မစ္စတာ ငုယင်စွမ်းဖွတ်က ခင်မင်ရင်းနှီးစွာကြိုဆိုနှုတ်ဆက်ပြီး မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
ထို့နောက် ဖွင့်ပွဲအခမ်းအနားကို ကျင်းပရာ ဗီယက်နမ်နိုင်ငံ ၀န်ကြီးချုပ် မစ္စတာငုယင် စွမ်းဖွတ်၊ ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဆမ်ဒက်ဟွန်ဆန်နှင့် လာအိုပြည်သူ့ဒီမို ကရက်တစ်သမ္မတနိုင်ငံ ၀န်ကြီးချုပ် မစ္စတာထောင်လွန်းဆီဆိုလစ်တို့က မိန့်ခွန်းပြောကြား ကြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတက မိန့်ခွန်းပြောကြားရာတွင် မြန်မာ၊ ထိုင်း၊ ကမ္ဘာဒီးယား၊ ဗီယက်နမ်၊ လာအိုနိုင်ငံများ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုရည်မှန်းချက်များအား စုစည်းအင်အားဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားရန်လိုကြောင်း၊ ကြုံတွေ့လာသော စိန်ခေါ်မှုများကို နည်းလမ်းသစ်များရှာဖွေ ဖြေရှင်းသွားရန်လိုကြောင်း၊ လက်ရှိပူးပေါင်း ဆောင်ရွက်မှုများကို ပိုမိုထိရောက်မှုရှိစေရန် ရှင်းလင်းထိရောက်သော လုပ်ငန်းဆောင်ရွက်မှု ပုံစံများအဖြစ်သို့ ပြုပြင်ပြောင်းလဲ အသုံးပြုသွားရန်လိုကြောင်း၊ ဒေသတွင်း ဖွံ့ဖြိုးတက်မှု စီမံကိန်းများအား ထိရောက်စွာအသုံးပြုသွားနိုင်ရေး စီမံဆောင်ရွက်သွားရန် လိုအပ်ကြောင်း ပြောကြားသည်။
ယင်းနောက် ထိုင်းနိုင်ငံ ဒုတိယ၀န်ကြီးချုပ် မစ္စတာ ဆွန်ကစ်ဂျာတူဆရီပီတက်တို့က  မိန့်ခွန်းပြောကြားသည်။
ဆက်လက်၍ အာဆီယံအထွေထွေအတွင်းရေးမှူးချုပ် မစ္စတာလီယောင်မင်း၊ ကုလသမဂ္ဂ အာရှ-ပစ္စဖိတ်ဒေသဆိုင်ရာ စီးပွားရေးနှင့် လူမှုရေးကော်မရှင် (UNESCAP) မှ အမှုဆောင်အတွင်းရေးမှူး ဒေါက်တာ Shamshad Akhtarr ၊ ACMECS စီးပွားရေးကောင်စီမှ ကိုယ်စားလှယ်နှင့် အာရှဖွံ့ဖြိုးရေးဘဏ်မှ ကိုယ်စားလှယ်တို့က အမှာစကားပြောကြားကြပြီး ထိပ်သီးအစည်းအဝေး ဖွင့်ပွဲအခမ်းအနား ကို ရုပ်သိမ်းလိုက်သည်။
ထို့နောက် (၇) ကြိမ်မြောက် ဧရာဝတီ-ကျောက်ဖယား-မဲခေါင်စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုမဟာဗျူဟာ (ACMECS) အစည်းအဝေးကို ကျင်းပရာ ရှေးဦးစွာ နိုင်ငံတော်သမ္မတ၊ ဗီယက်နမ်နိုင်ငံဝန်ကြီးချုပ်၊ ကမ္ဘောဒီးယား နိုင်ငံဝန်ကြီးချုပ်၊ လာအို နိုင်ငံဝန်ကြီးချုပ်၊ ထိုင်းနိုင်ငံဒုတိယ၀န်ကြီးချုပ်နှင့် အာဆီယံအထွေထွေအတွင်းရေးမှူး ချုပ်တို့သည် မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတ ဦးထင်ကျော်၊  ဗီယက်နမ်နိုင်ငံ ၀န်ကြီးချုပ် မစ္စတာ ငုယင်စွမ်းဖွတ်၊ ကမ္ဘောဒီးယားနိုင်ငံ ၀န်ကြီးချုပ်  ဆမ်ဒက် ဟွန်ဆန်၊ လာအိုပြည်သူ့ ဒီမိုကရက်တစ်သမ္မတနိုင်ငံ ၀န်ကြီးချုပ် မစ္စတာထောင်လွန်းဆီဆိုလစ်နှင့် ထိုင်းနိုင်ငံ ဒုတိယ ၀န်ကြီးချုပ် မစ္စတာ ဆွန်ကစ်ဂျာတူဆရီပီတက်၊ အာဆီယံအထွေထွေ အတွင်း ရေးမှူးချုပ်နှင့် မိတ်ဘက်အဖွဲ့အစည်းများမှ တာဝန်ရှိ သူများက  မဲခေါင်ဒေသတွင်းပိုမိုဖွံ့ဖြိုး တိုးတက်မှုများရရှိစေရေး၊ ACMECS နိုင်ငံများအကြား စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေး၊ ACMECS အဖွဲ့ဝင် နိုင်ငံများ ပူးပေါင်းဆောင်ရွက်မှု အခြေအနေ၊ မဲခေါင်ဒေသတွင် ရေရှည်တည်တံ့သည့် ဖွံ့ဖြိုး တိုးတက်ရေးအတွက် လိုအပ်ချက်များနှင့် စိန်ခေါ်မှုများ၊ ဒေသတွင်း အခြေခံအဆောက်အအုံများ အဆင့်မြင့်တင်ရေးတို့အတွက် ACMECS နိုင်ငံများ ပူးပေါင်းဆောင်ရေးတို့ကို ဆွေးနွေကြပြီး (၇)ကြိမ်မြောက် ACMECS အစည်းအဝေး၏ ပူးတွဲကြေငြာချက်ကို  ထုတ်ပြန်သည်။
ထို့နောက် ဗီယက်နမ်နိုင်ငံဝန်ကြီးချုပ် မစ္စတာငုယင် စွမ်းဖွတ်က နိဂုံးချုပ်အမှာစကား ပြောကြားပြီး (၇)ကြိမ်မြောက် ဧရာဝတီ-ကျောက်ဖယား-မဲခေါင် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ (ACMECS) ထိပ်သီးအစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။
ယင်းနောက် (၈)ကြိမ်မြောက် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ်၊ (စီအယ်လ်အမ်ဗွီ) ထိပ်သီးအစည်းအဝေးကို ဆက်လက် ကျင်းပရာ နိုင်ငံတော်သမ္မတ၊ ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ်၊ လာအိုနိုင်ငံဝန်ကြီးချုပ်၊ ဗီယက်နမ်နိုင်ငံဝန်ကြီးချုပ်နှင့် အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ်တို့သည် မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတ ဦးထင်ကျော်၊  ဗီယက်နမ် ၊ကမ္ဘောဒီးယား၊ လာအို နိုင်ငံတို့မှ ၀န်ကြီးချုပ်များက စီအမ်လ်အမ်ဗွီ နိုင်ငံများ၏ စီးပွားရေးနှင့်ဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်းများအားပုံဖော်ရေး၊  စီးပွားရေးဖွံ့ဖြိုး တိုးတက်ရေးအတွက်  စိန်ခေါ်မှု များအား နည်းလမ်းသစ်များဖြင့်ဖြေရှင်းရေး၊ ဒေသတွင်းပေါင်းစည်းမှုနှင့် စီးပွားရေးပိုမို ယှဉ်ပြိုင်နိုင်မှုအတွက် ပူးပေါင်း ဆောင်ရွက်ရေး၊ ပညာရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး တို့ကိုဆွေးနွေးခဲ့ပြီး (၈)ကြိမ်မြောက် (စီအမ်လ်အမ်ဗွီ)  အစည်းအဝေး၏ ပူးတွဲကြေညာချက်ထုတ်ပြန်သည်။
အစည်းအဝေးများအပြီးတွင် နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့်ဇနီးတို့သည် ဗီယက်နမ် သူရဲကောင်းစစ်သည်ဗိမာန်သို့ သွားရောက်ပြီး လွမ်းသူ့ပန်းခွေချ အလေးပြုကြသည်။
(သတင်းစဉ်)

No comments:

Post a Comment