Thursday, October 13, 2016

မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ညီလာခံ (၂၀၁၆) ပထမနေ့စတင်ကျင်းပ


နေပြည်တော် အောက်တိုဘာ ၁၃
မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ညီလာခံ(၂၀၁၆) ပထမနေ့ကို ယနေ့နံနက် ၈ နာရီတွင် နေပြည်တော် ဒက္ခိဏသီရိမြို့နယ် မြန်မာနိုင်ငံစစ်မှု ထမ်းဟောင်းအဖွဲ့ ဗဟိုဌာနချုပ်ရှိ ညီလာခံခန်းမ၌ ကျင်းပသည်။

ညီလာခံတွင် သဘာပတိများအဖြစ် မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့  ဗဟိုစည်းရုံးရေးကော်မတီဥက္ကဋ္ဌ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီးဆန်းဦး၊ ကော်မတီဝင် များဖြစ်ကြသည့် ဗိုလ်ချုပ်စိုးဝင်းနှင့် ဗိုလ်ချုပ်တင်ဆွေဝင်းတို့က ဆောင်ရွက်ကြသည်။
ရှေးဦးစွာ သဘာပတိ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုစည်းရုံးရေးကော်မ တီဥက္ကဋ္ဌ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဆန်းဦးက အဖွင့်အမှာစကားပြောကြားသည်။
ထို့နောက် အဆင့်မြင့်စစ်မှုထမ်းဟောင်းအိမ်ရာများ တည်ဆောက်နေရာချထား ပေးမှုနှင့် ကရုဏာကမ္ဘာဘိုးဘွားရိပ်သာများ အကောင်အထည်ဖော်ဆောင်ရွက်နေမှုတို့ နှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး(စည်ပင်ပြင်ပ) စစ်မှုထမ်းဟောင်းကြီးကြပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဗိုလ်မှူးကြီးရန်နိုင်ဦး(အငြိမ်းစား)မှ အဆိုတင်သွင်းပြီး နေပြည်တော် စစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့မှ ဒုတိယဗိုလ်မှူးကြီးမင်းဦး က ထောက်ခံဆွေးနွေး သည်။
ထို့နောက်ညီလာခံအားဆက်လက်ကျင်းပရာ သဘာပတိများအဖြစ် မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုအစည်းရုံးရေးကော်မတီဝင် ဗိုလ်ချုပ်တောက်ထွန်း၊ ရှမ်းပြည်နယ်(အရှေ့အလယ်ပိုင်း) စစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒုတိယ ဗိုလ်မှူးကြီး မင်းဦး၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) စစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီး မျိုးထွဋ်အောင်တို့က တာဝန်ယူဆောင်ရွက်ကြသည်။
မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုစည်းရုံးရေးကော်မတီ၏ အစီရင်ခံစာအား အတွင်းရေးမှူး ဗိုလ်မှူးကြီးခင်ဇော်က တင်သွင်းသည်။ ယင်းနောက် နေပြည်တော် ကောင်စီနယ်မြေ၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း)နှင့် ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)တို့မှ ကိုယ်စားလှယ်များက လုပ်ငန်းကဏ္ဍကြီး(၅) ရပ်အား အကောင်အထည်ဖော် ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြကြသည်။
မွန်းလွဲပိုင်းတွင် အစည်းအဝေးဒုတိယပိုင်းကို ဆက်လက်ကျင်းပရာ သဘာပတိ များအဖြစ် မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုစည်းရုံးရေးကော်မတီဝင် ဗိုလ်ချုပ် ထွန်းထွန်းညီ၊ မွန်ပြည်နယ် စစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒုတိယဗိုလ်မှူး ကြီး မျိုးမင်းအောင်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) စစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီး ဋ္ဌေးဝင်းတို့က တာဝန်ယူဆောင်ရွက်ကြပြီး မန္တလေး တိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ရှမ်းပြည်နယ်(အရှေ့အလယ်ပိုင်း)နှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ ကိုယ်စားလှယ်များက လုပ်ငန်းကဏ္ဍကြီး(၅)ရပ်အား အကောင်အထည်ဖော်ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုအမှုဆောင်အဖွဲ့ ဖျက်သိမ်းခြင်းနှင့် ပြန်လည်ရွေးကောက်တင်မြှောက်ခြင်းအား ဆောင်ရွက်ကြပြီး ရွေးကောက်တင်မြှောက်ခံရသည့် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် (၃၄)ဦးတို့မှ ကတိ သစ္စာပြုကြသည်။
ဆက်လက်၍ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုအမှုဆောင်အဖွဲ့နာယက ကြီးများ၏ အမည်စာရင်းအား အတည်ပြုခြင်း၊ တိုင်းဒေသကြီးများနှင့် ပြည်နယ်များမှ စစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့ နာယကများ ရွေးချယ်တင်မြှောက်ခြင်းတို့အား ဆက်လက်ဆောင်ရွက်သည်။
ယင်းနောက် မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုစည်းရုံးရေးကော်မတီဥက္ကဋ္ဌ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဆန်းဦးနှင့် မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုအမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး လှမင်း(အငြိမ်းစား)တို့က ဥက္ကဋ္ဌ တာဝန်များအား လွှဲပြောင်းလက်ခံကြသည်။
၎င်းနောက် မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ညီလာခံ (၂၀၁၆) ပထမနေ့ အစည်းအဝေးကို မွန်းလွဲ ၃ နာရီခွဲတွင် ရုပ်သိမ်းလိုက်ပြီး အောက်တိုဘာ ၁၄ ရက်တွင် ဒုတိယနေ့အစည်းအဝေးအား ဆက်လက်ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။
(မြ၀တီ)

No comments:

Post a Comment