Tuesday, October 18, 2016

အိုဇုန်းလွှာပျက်စီးစေသော ဒြပ်ပစ္စည်းများဆိုင်ရာ မွန်ထရီယယ်နောက်ဆက်တွဲစာချုပ် အဖွဲ့ဝင်နိုင်ငံများ၏ (၂၈) ကြိမ်မြောက် ဝန်ကြီးအဆင့် အစည်းအဝေးကျင်းပ

နေပြည်တော် အောက်တိုဘာ ၁၇
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ရဝမ်ဒါနိုင်ငံ၊ ကီဂါလီမြို့တွင် အောက်တိုဘာ (၁၀) ရက်မှ (၁၄) ရက်အထိ ကျင်းပခဲ့သည့် အိုဇုန်းလွှာပျက်စီးစေသော ဒြပ်ပစ္စည်းများဆိုင်ရာ မွန်ထရီယယ် နောက်ဆက်တွဲစာချုပ် အဖွဲ့ဝင်နိုင်ငံများ၏ (၂၈) ကြိမ်မြောက် ဝန်ကြီးအဆင့် အစည်းအဝေးသို့ တက်ရောက်သည်။

အဆိုပါ အစည်းအဝေးတွင် မွန်ထရီယယ် နောက်ဆက်တွဲစာချုပ်မှ ထိန်းချုပ်ထားသော အိုဇုန်းလွှာပျက်စီးစေသော ဒြပ်ပစ္စည်း (Ozone Depletion Substance – ODS) များနှင့် စပ်လျဉ်း၍ ထုတ်လုပ်မှုနှင့်သုံးစွဲမှု လျော့ချရေးဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းမှ လက်ရှိ မြန်မာနိုင်ငံတွင် အိုဇုန်းလွှာပျက်စီးစေသော ဒြပ်ပစ္စည်းများဆိုင်ရာ လုပ်ငန်းလုပ်ကိုင်ခွင့်အမိန့်ကို ထုတ်ပြန်ထားပြီးဖြစ်သည်နှင့်အညီ အဆိုပါဒြပ်ပစ္စည်းများ တင်သွင်းမှု အပေါ် ထိန်းချုပ်နိုင်ရန်အတွက် လိုင်စင်စနစ်နှင့်ခွဲတမ်း စနစ်များ ကျင့်သုံးနေပါကြောင်း၊
မြန်မာနိုင်ငံသည် ၂၀၀၇ ခုနှစ်၌ ODS တစ်မျိုးဖြစ်သည့် ကလိုရိုဖလူရိုကာဗွန် (Chlorofluorocarbons – CFCs) ကို အပြီးသတ် ပိတ်ပင်တားဆီး နိုင်ခဲ့ပါကြောင်း၊ ကမ္ဘာကြီး ပူနွေးမှုဆိုင်ရာအညွှန်းကိန်း (Global Warming Potential- GWP) မြင့်များသော ODS အမျိုးအစားတစ်ခုဖြစ်သည့် ဟိုက်ထရိုကလိုရိုဖလူရိုကာဗွန် (Hydroclorofluorocarbons – HCFCs) လျော့ချရေး အစီအစဉ်အရ သုံးစွဲမှု၏ (၁၀) ရာခိုင်နှုန်းကို ပြီးခဲ့သည့်နှစ်တွင် လျော့ချနိုင်ခဲ့ပါကြောင်း၊ အိုဇုန်းလွှာ ပျက်စီးစေ သော ဒြပ်ပစ္စည်းများ တရားမဝင် ဝင်ရောက်လာခြင်းကို တားဆီးကာကွယ်ရန်အတွက် ကုလသမဂ္ဂ ပတ်ဝန်းကျင်အစီအစဉ် (United Nations Environment Program – UNEP)၊ ဆက်စပ်ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ သင်တန်းများ ဖွင့်လှစ်ခြင်း၊ စမ်းသပ်တိုင်းတာရန် ပစ္စည်းကိရိယာများ ထောက်ပံ့ခြင်းများ စီစဉ်ဆောင်ရွက် လျက်ရှိပါကြောင်း၊ ကမ္ဘာကြီး ပူနွေးလာမှုနှင့်ရာသီဥတု ပြောင်းလဲမှုဖြစ်ခြင်းများကို ကာကွယ်နိုင်ရန် နိုင်ငံတကာမှ နည်းပညာနှင့် ငွေကြေးဆိုင်ရာပံ့ပိုးမှုများ၊ ရင်းနှီးမြှုပ်နှံမှုများနှင့် စွမ်းဆောင်ရည်မြင့်မား စေရန် လုပ်ဆောင်ခြင်းများသည် အလွန်အရေးကြီးပါကြောင်းနှင့် မြန်မာနိုင်ငံအနေဖြင့် HCFCs သုံးစွဲမှု လျော့ချနိုင်ရေးကို ပူးပေါင်းဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း ဆွေးနွေးခဲ့သည်။

ထို့အပြင် ပြည်ထောင်စုဝန်ကြီးသည် အောက်တိုဘာ ၁၃ ရက် နေ့လည်တွင် နော်ဝေနိုင်ငံ ပတ်ဝန်းကျင်ဝန်ကြီး Mr. Vidal Helgeson ဦးဆောင်သောအဖွဲ့နှင့် တွေ့ဆုံ၍ နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်နေမှုများကို ဆက်လက်တိုးမြှင့် ပူးပေါင်း ဆောင်ရွက်သွားရန်နှင့် ခရီးသွားလုပ်ငန်း၊ သတ္တု၊ သစ်တောနှင့်ပတ်ဝန်းကျင် ထိန်းသိမ်းရေးကဏ္ဍများတွင် ပိုမိုပူးပေါင်း ဆောင်ရွက်ရန်ကိစ္စများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် အောက်တိုဘာ ၁၆ ရက် ညနေ ၆ နာရီတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment