Thursday, October 13, 2016

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ အပြည်ပြည်ဆိုင်ရာ သဘာဝဘေး လျော့ပါးရေးနေ့ အခမ်းအနားသို့ တက်ရောက် အမှာစကားပြောကြား


နေပြည်တော် အောက်တိုဘာ  ၁၃           
ပြီးခဲ့သည့် ၂၅ နှစ်အတွင်း မြန်မာနိုင်ငံတွင် ထိခိုက်ဆုံးရှုံးမှုများသည့် ဘေး စုစုပေါင်း(၂၄)ကြိမ် ဖြစ်ပွားခဲ့သည့်အတွက် ပျမ်းမျှတစ်နှစ်လျှင် တစ်ကြိမ်ခန့် ကြီးမား သည့် ဘေးအန္တရာယ်များနှင့် ရင်ဆိုင်ကြုံတွေ့နေရသည်ဟု ဆိုနိုင်ကြောင်း၊
 


ယခုကဲ့သို့ ဖြစ်ပွားခဲ့သည့်ဘေးများကြောင့် လူဦးရေ(၄)သန်းခန့် ဘေးသင့်ရခဲ့ပြီး သဘာဝဘေး ကြောင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုး  စုစုပေါင်းအမေရိကန်ဒေါ်လာ (၄ ဒသမ ၇) ဘီလီယံခန့် ရှိခဲ့ကြောင်း ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက သဘာဝဘေးလျော့ပါးရေးနေ့ အခမ်းအနားတွင် ပြောကြားလိုက်သည်။  
အဆိုပါအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း ဗဟိုဌာန-၂ တွင်ကျင်းပရာ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များ၊ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီအသီးသီးမှဥက္ကဋ္ဌများနှင့် ဒုတိယဥက္ကဋ္ဌများ၊ သံရုံးအသီးသီးမှ သံအမတ်ကြီး များနှင့် သံရုံးတာဝန်ခံများ၊ ဌာနဆိုင်ရာကိုယ်စားလှယ်များ၊ ပြည်တွင်းပြည်ပအဖွဲ့ အစည်းများမှ ကိုယ်စားလှယ်များ၊ လူမှုရေးအဖွဲ့အစည်းများနှင့် ပုဂ္ဂလိကအဖွဲ့အစည်း များမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
ထို့ပြင် အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူက ၂၀၁၆ ခုနှစ် ဘေးအန္တရာယ်ကြောင့် ထိခိုက် ဆုံးရှုံးနိုင်ခြေညွှန်းကိန်းအရ မြန်မာနိုင်ငံသည် ဘေးအန္တရာယ်ကြောင့် ဆုံးရှုံးနိုင်ခြေ ညွှန်းကိန်း (၆ ဒသမ ၈)ရှိပြီး နိုင်ငံပေါင်း(၁၉၁)နိုင်ငံတွင် နံပါတ်စဉ်(၉)အဆင့်တွင် ရှိနေကြောင်း။
ဘေးအန္တရာယ်ဖြစ်စဉ်များကို လေ့လာပါက ပြီးခဲ့သည့် ဆယ်စုနှစ် နှစ်ခုအတွင်း တစ်ကမ္ဘာလုံးတွင် သဘာဝဘေးကြောင့် သေဆုံးသူ(၆)သိန်းနှင့်အထက် ရှိခဲ့ပြီး ဖြစ်ပွား ခဲ့သည့်ဘေးအန္တရာယ်များတွင် မြေငလျင်ဘေးကြောင့် လူသေဆုံးမှုအများဆုံး ဖြစ်ခဲ့ပါ ကြောင်း၊ ဒုတိယအသေအပျောက်အများဆုံးဘေးသည် မုန်တိုင်းဘေးဖြစ်ပြီး အပူလှိုင်း ဖြတ်ခြင်းနှင့် မိုးခေါင်ရေရှားဘေးတို့ကြောင့် လူသေဆုံးမှုများပြားခဲ့ပါကြောင်း။
စီးပွားရေး ထိခိုက်ဆုံးရှုံးမှုတွင် ၁၉၉၅ ခုနှစ်မှ လက်ရှိအချိန်အထိ မုန်တိုင်းကြောင့် ကမ္ဘာတစ်ဝှမ်းတွင် စီးပွားရေးပျက်စီးဆုံးရှုံးမှု အများဆုံးဖြစ်ခဲ့ပြီး အမေရိကန်ဒေါ်လာ (၁)ထရီလီယံကျော် ရှိခဲ့ပါကြောင်း၊ လူသေဆုံးမှုနှုန်းအများဆုံးဘေးများ၏ ၈၀ ရာခိုင် နှုန်းသည် သက္ကရာဇ် ၂၀၀၀ နောက်ပိုင်းတွင် ဖြစ်ပွားခဲ့သည်ကို လေ့လာတွေ့ရှိရ ပါကြောင်း၊ ယခုကဲ့သို့ ဖြစ်ပွားခြင်းသည် တစ်ကမ္ဘာလုံးတွင် ရာသီဥတုဖောက်ပြန် ပြောင်းလဲမှု၏ အကျိုးဆက်များကြောင့် ဖြစ်သည်ကို ငြင်း၍မရနိုင်ပါကြောင်း။
ယခုကဲ့သို့ အခမ်းအနားများ နှစ်စဉ်ကျင်းပပြီး သဘာဝဘေးလျော့ပါးရေး လုပ် ငန်းများတွင် ပြည်သူများ၏ နိုးကြားတက်ကြွမှု၊ ပူးပေါင်းပါဝင်မှုများ တိုးပွားလာစေရန် မိမိတို့အနေဖြင့် ဆောင်ရွက်ပေးခြင်းဖြစ်ပါကြောင်း၊ ကူညီကယ်ဆယ်ရေးလုပ်ငန်း၊ သဘာဝဘေးပြန်လည် ထူထောင်ရေး လုပ်ငန်းများတွင် ပြည်သူများ ပူးပေါင်း ဆောင်ရွက် မှ အောင်မြင်မှုရရှိနိုင်မည်ဖြစ်ပါကြောင်း။
သဘာဝဘေးအန္တရာယ်ရင်ဆိုင်တုံ့ပြန်နိုင်သည့် နိုင်ငံတစ်ခုဖြစ်လာစေရန် သဘာ ၀ဘေးလျော့ပါးရေး လုပ်ငန်းများတွင် မိမိတို့အားလုံး၏ ခိုင်မာသည့် သန္နိဌာန်ချမှတ် ဆောင်ရွက်မှုမှာ များစွာအရေးကြီးပါကြောင်း၊ နိုင်ငံတော်အဆင့်က စတင်လုပ်ဆောင် ရမည့်လုပ်ငန်းများရှိသကဲ့သို့ ပြည်သူများက အစပျိုးဦးဆောင်ရမည့် လုပ်ငန်းများလည်း ရှိပါကြောင်း၊ သဘာဝဘေးလျော့ပါးရေးလုပ်ငန်းသည် တစ်ရက်၊ တစ်လ၊ တစ်နှစ်ထဲ ဆောင်ရွက်ရသည့်လုပ်ငန်း မဟုတ်သည့်အတွက် တာဝန်ရှိသူအားလုံးအနေဖြင့် မလျှော့သော ဇွဲလုံ့လနှင့် ပူးပေါင်းပါဝင်ဆောင်ရွက်ပြီး ပြည်သူများအတွက် ဘေးကင်း လုံခြုံသည့် လူနေမှုဘ၀များ ဖန်တီးပေးကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ UNDP ၏ ဌာနေကိုယ်စားလှယ် Mr. Peter Batchelor က ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ သ၀ဏ်လွှာကိုဖတ်ကြားပြီး အပြည်ပြည်ဆိုင်ရာ သဘာဝဘေး လျော့ပါးရေးနေ့ အထိမ်းအမှတ် ဗွီဒီယိုမှတ်တမ်းကို ပြသသည်။
အခမ်းအနားအပြီး၌ ဒုတိယသမ္မတသည် အခမ်းအနားသို့ တက်ရောက်လာ ကြသူများနှင့် မှတ်တမ်းဓာတ်ပုံရိုက်ကူးပြီး သဘာဝဘေးလျော့ပါးရေးအတွက် ဆောင် ရွက်ခဲ့မှု မှတ်တမ်းပြခန်းနှင့် အရေးပေါ်ကယ်ဆယ်ရေးအထောက်အကူအပြုပစ္စည်းများ အား လိုက်လံကြည့်ရှုခဲ့သည်။
အောက်တိုဘာလ ၁၃ ရက်ကို အပြည်ပြည်ဆိုင်ရာ သဘာဝဘေးလျော့ပါးရေး နေ့အဖြစ်  ၂၀၀၉ခုနှစ် ဒီဇင်ဘာ ၂၁ ရက်တွင် ကျင်းပသည့် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံက သတ်မှတ်ခဲ့ပြီး ကမ္ဘာ့နိုင်ငံအသီးသီးတွင် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးလျော့ပါးရေးနေ့ အထိမ်းအမှတ် အခမ်းအနားများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံတွင် ၂၀၁၀ ခုနှစ်မှစတင်ပြီး အပြည်ပြည်ဆိုင်ရာ သဘာဝဘေး လျော့ပါးရေးနေ့ကို နှစ်စဉ်ကျင်းပခဲ့ရာ ယခုဆိုလျှင် (၇)နှစ်တိုင်ရှိပြီဖြစ် ကြောင်း၊ ယခုနှစ်အပြည်ပြည်ဆိုင်ရာ သဘာဝဘေးလျော့ပါးရေးနေ့အခမ်းအနား ကို" ဘ၀ ရှင်သန်နေထိုင်ဖို့ ဘေးအန္တရာယ်အသိမျှဝေစို့" ဆောင်ပုဒ်ဖြင့်ကျင်းပခြင်းဖြစ် ကြောင်းသိရသည်။

No comments:

Post a Comment