Tuesday, October 11, 2016

ပြည်ထောင်စုဝန်ကြီးများနှင့် စစ်တွေမြိုရှိ မြို့မိမြို့ဖများ၊ ဌာနဆိုင်ရာဝန်ထမ်းများ တွေ့ဆုံ


စစ်တွေ အောက်တိုဘာ ၁၁
ရခိုင်ပြည်နယ် မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်များအတွင်း ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များနှင့် ပတ်သက်၍ အခြေအနေမှန်များ သိရှိနိုင်ရန်နှင့် တည်ငြိမ် အေးချမ်းမှုရရှိစေရန်အတွက် ရှင်းလင်းပြောကြားရန် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ ဦးသိန်းဆွေ၊ ဒုတိယ၀န်ကြီး ဗိုလ်ချုပ် မြင့်နွယ်၊ ဗိုလ်ချုပ် သန်းထွဋ်၊ ဦးခင်မောင်တင်နှင့် အဖွဲ့သည် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြိှု့မှ လေကြောင်း ခရီးဖြင့် ထွက်ခွာရာ နံနက် ၇ နာရီ ၄၅ မိနစ်တွင် စစ်တွေမြို့သို့ ရောက်ရှိကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးများနှင့် အဖွဲ့သည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံး၌ ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ တာဝန်ရှိသူ များနှင့် တွေ့ဆုံ၍ လတ်တလောဖြစ်ပွားခဲ့သည့် ဖြစ်ရပ်နှင့် ပတ်သက်၍ နောက်ဆုံး အခြေအနေ၊  ပြည်သူလူထု၏ သဘောထားအမြင်များ၊ ခရီးစဉ်အတွင်း ဆောင်ရွက် သွားမည့် အခြေအနေများကို ညှိနှိုင်းဆွေးနွေးကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ် ၀န်ကြီးချုပ် နှင့် တာဝန် ရှိသူများသည် စစ်တွေမြို့ရှိ မြို့မိမြို့ဖများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် နံနက် ၉ နာရီတွင် ဦးဥတ္တမ ခန်းမ၌ တွေ့ဆုံသည်။
တွေ့ဆုံပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက လတ်တလောဖြစ်ပေါ်နေသည့် အခြေအနေများကို ပြည်သူများ စိုးရိမ်ပူပန်မှု မရှိစေရန်၊ တည်ငြိမ်မှုရရှိစေရန် ဆောင်ရွက်နေမှု၊  ပြည်နယ်အစိုးရ၏ ဆောင်ရွက်ချက်များကို ပြည်ထောင်စု အစိုးရ အဖွဲ့က ပူးပေါင်းပါဝင်ဆောင်ရွက်နေမှု၊  ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးမှု တိုးတက်ရေးအကောင်အထည်ဖော်ရေး ဗဟိုကော်မတီ ဖွဲ့စည်းပြီး ရခိုင်ပြည်နယ် အတွင်း တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် အကောင်အထည်ဖော် ဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့်က ရခို်င်ပြည်နယ် အတွင်း တွင် ဖြစ်ပွားနေသည့် ပြဿနာ သည် ရေရှည် အမြစ်တွယ်လာခဲ့သည့် ပြဿနာဖြစ် သဖြင့် ဤပြဿနာကို ဖြေရှင်းကိုင်တွယ်မည်ဆိုလျှင် ရေရှည်ကို ကြည့်ပြီး ဆောင်ရွက်ရန် လိုအပ်မှု၊  ဤပြဿနာသည် သိမ်မွေ့ပြီး အထိအခိုက်မခံသည့်၊  ထိလွယ်ရှလွယ်သည့် ပြဿနာဖြစ်သည့်အတွက် ဖြေရှင်းဆောင်ရွက်ရာတွင် သေချာ စဉ်းစားပြီး နည်းလမ်းရှာ ဆောင်ရွက်သွားရန်လိုအပ်မှု၊  ဒေသတည်ငြိမ်ရန် လိုအပ်မှုနှင့် အခါအားလျှော်စွာ ယခုကဲ့သို့ မတည်ငြိမ်မှုများ ပေါ်ပေါက်ခြင်းမှာ  တည်ငြိမ်မှုကို မလိုလားသူများ၊ အဖွဲ့အစည်းများက ယခုကဲ့သို့ဆောင်ရွက်ခြင်းဖြစ်သည်ဟု ယေဘုယျ မှတ်ယူနိုင်မှု၊ မိမိတို့အနေဖြင့် တည်ငြိမ်မှုကို ထိန်းသိန်းရန်အလေးထားမှု၊ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားသည့်ကိစ္စသည် ပြည်ထောင်စုနိုင်ငံတစ်ခုလုံးအတွက် သက်ရောက်သည့်ကိစ္စ ဖြစ်မှုနှင့် နိုင်ငံ၏ ကိစ္စဟု သဘောထား ဆောင်ရွက်လျက်ရှိမှု၊ ယခုဖြစ်ရပ်ဖြစ်ပွားစဉ်ကပင် ဆွေးနွေးမှုများ၊ အစည်းအဝေးများ ပြုလုပ်ပြီး လုံခြုံရေးထိန်းသိမ်းသည့် လုပ်ငန်းကို သက်ဆိုင်ရာ လုံခြုံရေးထိန်းသိမ်းသည့် အဖွဲ့အစည်းများက ကြပ်ကြပ်မတ်မတ် ထိထိရောက်ရောက်၊ မြန်မြန်ဆန်ဆန် လုပ်ငန်းများ ဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့မှု၊ တစ်ချိန် တည်းတွင် ပြည်သူများ စိုးရိမ် ပူပန်မှု မရှိစေရန် အခုဖြစ်ပေါ် နေသည့် ကောလာဟလများကို ထင်မြင်မှုများ၊ စိုးရိမ်ပူပန်မှုများ မဖြစ်စေရန်၊ ယခုထက်ပို၍ တည်ငြိမ်မှုကို မလိုလားသည့် ပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများက မဆိုင်သည့်ဘက်ကို ပုံကြီးချဲ့ပြီး ဆွဲဆန့်လုပ်ကိုင်မှု မရှိရအောင်၊ မတည်ငြိမ်မှုများ ထပ်မံမဖြစ်ပွားရအောင် ထိန်းသိမ်းနိုင်ရန် ကြိုးစားခဲ့မှု၊  စိုးရိမ်ပူပန်မှုများ ရှိနိုင် သော်လည်း စိုးရိမ်ကြောင့်ကျမှုများကို  လိုသည်ထက်ပိုပြီး ပြန်လည်တုန့်ပြန်ပါက တစ်ခါတစ်ရံ တိမ်းစောင်းလွဲချော်မှုများ ရှိနိုင်သည့်အတွက် ချိန်ဆဆောင်ရွက်ရန် လိုအပ်မှုတို့ကို ဆွေးနွေးပြောကြားသည်။
 ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ဖြစ်စဉ်အမှန်များကို အချိန်နှင့် တစ်ပြေးညီ တင်ပြသွားရန်စီစဉ်ထားမှု၊ ပြည်သူများ ပူးပေါင်းဆောင်ရွက်မှုနှင့်  အကြံဥာဏ်များ ရယူပြီး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ကျူးလွန်သူ များကို တည်ဆဲဥပဒေများ နှင့်အညီ ထိထိရောက်ရောက် ပြတ်ပြတ်သားသား အရေးယူမည်ဖြစ်ကြောင်း၊ နိုင်ငံတကာ ဆက်ဆံရေး နယ်ပယ်တွင် အမှန်အတိုင်း သိရှိအောင် တစ်ချိန်တည်းတွင် ဖြေရှင်း ဆောင်ရွက် လျက်ရှိမှု၊ ဥပဒေ နှင့် အညီ ဆက်လက်ဆောင်ရွက်သွားမည့် အခြအနေတို့ကို  ဆွေးနွေးပြောကြားသည်။
ယင်နောက် ဒုတိယ၀န်ကြီး ဗိုလ်ချုပ်မြင့်နွယ်၊ ဗိုလ်ချုပ်သန်းထွဋ်နှင့် ဦးခင်မောင်တင်တို့က မိတ်ဆက် စကားပြောကြားကြသည်။
ထို့နောက် အောက်တိုဘာ ၉ ရက်တွင် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်နှင့် ပတ်သက်၍ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ရဲမှူးချုပ် သူရစန်းလွင်က ရှင်းလင်းပြောကြားသည်။
ယင်းနောက် ဆွေးနွေးပွဲတက်ရောက်လာကြသည့် မြိုမိမြို့မ ဥက္ကဋ္ဌ၊ အဖွဲ့ဝင်နှင့် ဒေသခံပြည်သူများက ၎င်းတို့၏ သဘောထားအမြင်များ၊ အကြံပြုချက်များ၊ ခံစားချက် များကို ဆွေးနွေးတင်ပြကြသည်။
စစ်တွေမြို့ မြို့မိမြို့ဖ ဥက္ကဋ္ဌ ဦးမောင်သာစိန်က ယခုဖြစ်ပွားမှုမှာ လတ်တလော အခြေအနေဖြစ်သော်လည်း သမိုင်းကွင်း ဆက်အရ အစိုးရအဆက်ဆက်တွင် တာဝန် ရှိကြောင်း၊ အနောက်ဖက်တံခါးသည် ကျိုးပေါက် နေကြောင်း၊ တရားမ၀င် ၀င်ရောက်မှု များ များပြားနေကြောင်း၊ ယခုဖြစ်စဉ်နှင့် ပတ်သက်၍ စိတ်ဒဏ်ရာကို အမြန်ဆုံး ကုသရန် အရေးကြီးကြောင်း၊  ၎င်းတို့နောက် ပါရှိသွားသည့် လက်နက်ခဲယမ်း များကို အမြန်ပြန်ယူနိုင်ရန် လိုအပ်ကြောင်း၊ ယခုဖြစ်စဉ်ကို အခွင့်အခါကောင်းအဖြစ် မှတ်ယူပြီး စဉ်းစားဆုံးဖြတ်ရန် လိုကြောင်း၊ မိမိတို့ မြို့မိမြို့ဖများအနေဖြင့် ရခိုင်ပြည် နယ်အစိုးရနှင့် ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း ဆွေးနွေးတင်ပြသည်။
စစ်တွေမြို့ မြို့မိမြို့မ အဖွဲ့ဝင်၊ မြို့နယ် စာရေးဆရာ အဖွဲ့ဝင် မိုးယံစိုးဝင်းက ယခုဖြစ်စဉ်နှင့် ပတ်သက်၍ ကြိုတင်သတင်းရယူနိုင်မှု အားနည်းခဲ့သည်ဟု သုံးသပ်နိုင် ကြောင်း၊ လာရောက် တိုက်ခိုက်သူများမှာ မည်သူမည်ဝါဖြစ်သည်ကို ဖော်ထုတ်ရန် လိုကြောင်း၊ ၎င်းတို့အနေဖြင့် ရည်ရွယ်ချက် ရှိရှိ လုပ်ဆောင် သွားခြင်းဖြစ်ကြောင်း၊ အဓိက ရည်ရွယ်ချက်ကို သိရှိရန် လိုကြောင်း၊ ဘယ်လိုကာကွယ်မလဲဆိုသည်ကို ရဲရဲဝံ့ဝံ့ ဖော်ထုတ်ရန် လိုကြောင်း၊ ရခိုင်ပြည်နယ်အရေးကို စဉ်းစားလျှင် နိုင်ငံသားအခွင့်အရေး၊ တိုင်းရင်းသားများ၏ အခွင့်အရေးကို ဦးစားပေး ဆောင်ရွက်ရန် လိုအပ်ပါကြောင်း ဆွေး  နွေးတင်ပြသည်။
စစ်တွေမြို့မ မြို့မိမြို့မ အဖွဲ့ဝင် ဦးသန်းရွှေက မိမိတို့ ပကတိ ခံစားနေရသည့် အနေအထားကို သိရှိရန် လိုပါကြောင်း၊ ၁၉၄၂ ခုနှစ်မှစတင်ပြီး ၂၀၁၆ ခုနှစ်အထိ မိမိ တို့ခံစားနေရသည့် ပြဿနာဖြစ်ပါကြောင်း၊ ခေတ်အဆက်ဆက်က မွေးဖွားလာသည့် ပြဿနာ ဖြစ်ပါကြောင်း၊ ပြည်သူ၊ အစိုးရ၊ တပ်မတော် အတူတကွ ပူးပေါင်း ဆောင်ရွက်ရန် လိုပါကြောင်း၊ မိမိတို့ကို ယုံကြည်မှုရအောင် ဆောင်ရွက်ပေးစေ လိုပါကြောင်း ဆွေးနွေးတင်ပြသည်။
ဒေသခံပြည်သူတစ်ဦးဖြစ်သူ ဦးမောင်ရွှေကျော်က မိမိတို့သည် ဗုဒ္ဓဘာသာ မြန်မာလူမျိုးများဖြစ်ပြီး ဗြမ္မာစိုရ်တရားလက်ကိုင်ထားသူများဖြစ်ပါကြောင်း၊ မိမိတို့ အနေဖြင့် သူတပါးအပေါ် ကိုယ်ချင်းစာတရားနှင့် နားလည်စာနာမှု ရှိပါကြောင်း၊ မိမိတို့၏ လုံခြုံရေးစိတ်ချရရေးအတွက် ကြိုးပမ်းဆောင်ရွက်ပေးစေလိုပါကြောင်း ဆွေးနွေးတင်ပြသည်။
ဒေသခံတစ်ဦးက မလေးရှားနိုင်ငံတွင် သွားရောက်အလုပ်လုပ်ကိုင်စဉ် ကြုံတွေ့ခဲ့ရသည့် ကိုယ်တွေ့ ဖြစ်ရပ်များကို ရှင်းလင်းပြောကြားပြီး နိုင်ငံတော်အစိုးရ အနေဖြင့် မိမိတို့နိုင်ငံသား၊ ရခိုင်တိုင်းရင်းသားများ၏ စကားကို ယုံကြည်လက်ခံပြီး လိုအပ်သလို ဖြေရှင်းဆောင်ရွက်ပေးသင့်ပါကြောင်း ဆွေးနွေးတင်ပြသည်။
ဒေသခံတစ်ဦးကလည်း လက်ရှိကြုံတွေ့ခံစားနေရမှုများကို ဆွေးနွေးတင်ပြ သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့်က နိဂုံးချုပ်ပြောကြား ရာတွင် မြို့မိမြို့ဖများ၏ တင်ပြချက် များမှာ အကြောင်းအရာအားဖြင့် ပြည့်စုံပါကြောင်း၊ မိမိအနေဖြင့် အဆိုပါတင်ပြချက်များကို ဆက်လက်သယ် ဆောင်သွားပြီး တာဝန်ရှိ သူများထံ ဆက်လက်တင်ပြသွားမည်ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားပြီး တွေ့ဆုံပွဲကို ရုပ်သိမ်းလိုက်သည်။ 

No comments:

Post a Comment