Friday, October 28, 2016

မော်လိုက်မြို့ အခြေခံပညာအထက်တန်းကျောင်းသို့ ပညာရေး ငွေပဒေသာပင်အဖြစ် ငွေကျပ်သိန်းတစ်ရာ လှူဒါန်းပွဲ ကျင်းပ


 မော်လိုက် အောက်တိုဘာ ၂၈
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့ အခြေခံပညာအထက်တန်းကျောင်းသို့ ဒေါ်ခင်ဝင်းကြည်၊ စီမံထူးချွန် (တတိယအဆင့်) ဒုတိယညွှန်ကြားရေးမှူး (ငြိမ်း)မှ ပညာရေးငွေပဒေသာပင်အဖြစ် ငွေကျပ် သိန်းတစ်ရာ လှူဒါန်းပွဲကို အောက်တိုဘာလ ၂၈ ရက်နေ့ နံနက် (၁၀)နာရီအချိန်တွင် မော်လိုက်မြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်းရှိ စုံညီခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။



အခမ်းအနားတွင် မော်လိုက်မြို့ အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်သင်းသင်းနွယ်က လှူဒါန်းမှုအတွက် ၀မ်းမြောက်ကြောင်း ကျေးဇူးတင်စကားပြောကြားခဲ့ပြီး၊ အလှူရှင် ဒေါ်ခင်ဝင်းကြည်၊ စီမံထူးချွန် (တတိယအဆင့်)ဒုတိယညွှန်ကြားရေးမှူး(ငြိမ်း)မှ ပညာရေးငွေပဒေသာပင် အဖြစ် လှူဒါန်းရခြင်း အကြောင်းကို ရှင်းလင်း ပြောကြားရာတွင် “ဒီအထက်တန်းကျောင်းဟာ ကျွန်မတို့ မောင်နှမ(၇)ယောက်လုံး နေခဲ့ကြရတဲ့ ကျောင်းကြီးဖြစ်ပြီး၊ အမိကျောင်းတော်ကြီးဆိုရင်လည်း မမှားပါဘူး။ ယခုကျွန်မအငြိမ်းစားယူချိန်မှာ ရရှိတဲ့ ဆုကြေးငွေနဲ့ ကျွန်မစုဆောင်းရငွေများနဲ့ပေါင်းပြီး ကျပ်သိန်း (၁၀၀)ကို အမိကျောင်းတော်ကြီးမှာ ပညာသင်ကြားနေကြရတဲ့ ကျောင်းသား/သူလေးများအတွက် လိုအပ်ရာရာ ပံ့ပိုးကူညီပေးနိုင်အောင် ဒီပညာရေး ငွေပဒေသာပင်ကို မတည်လှူဒါန်းပေးရခြင်း ဖြစ်ကြောင်း” ရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက် ကျောင်းအကျိုးတော်ဆောင်တစ်ဦးမှ လှူဒါန်းမှုအတွက် ကျေးဇူး တင်စကား ပြောကြားခဲ့သည်။
ဆက်လက်ပြီး အ.ထ.က ကျောင်းသား/သူများအတွက် လှူဒါန်းသော ကျောင်းဝတ်စုံများ၊ စာရေး ကရိယာနှင့် အ.ထ.က မော်လိုက်သို့ ပညာရေး ငွေပဒေသာပင်အဖြစ် လှူဒါန်းသည့် ငွေကျပ် သိန်းတစ်ရာအား အလှူရှင် ဒေါ်ခင်ဝင်းကြည်မှ ပေးအပ်လှူဒါန်းရာ ကျောင်းအုပ်ဆရာမကြီးနှင့် ကျောင်းအကျိုးတော်ဆောင်များမှ လက်ခံရယူခဲ့ပြီး ကျောင်းအုပ်ဆရာမကြီးမှ အလှူရှင် ဒေါ်ခင်ဝင်းကြည်အား မှတ်တမ်း ဂုဏ်ပြုလွှာ ပြန်လည်ပေးအပ်ခဲ့သည်။
အဆိုပါလှူဒါန်းပွဲတွင် ဒေါ်ခင်ဝင်းကြည်၊ စီမံထူးချွန် (တတိယအဆင့်) ဒုတိယညွှန်ကြားရေးမှူး(ငြိမ်း) မှ မော်လိုက်မြို့နယ် အခြေခံပညာအထက်တန်းကျောင်းသို့ ပညာရေး ငွေပဒေသာပင်အဖြစ် မတည်အလှူငွေ ကျပ်သိန်းတစ်ရာနှင့် ကျောင်းသား/သူများအတွက် ကျောင်းသုံးဗလာစာအုပ် ဒါဇင်(၁၀၀)၊ ဘောပင် (၃)ချောင်းတွဲကတ် (၁၀၀)၊ ယောက်ျားလေးဝတ် ကျောင်းဝတ်စုံ(၅၀)စုံ၊ မိန်းကလေးဝတ် ကျောင်းဝတ်စုံ (၅၀)စုံနှင့် ကျောင်းစာကြည့်တိုက်အတွက် English Essays စာအုပ်(၃၀)အုပ်တို့ကို လှူဒါန်းပေးခဲ့ကြောင်း နှင့် ပညာရေးငွေပဒေသာအဖြစ် မတည်လှူဒါန်းပေးသည့် ငွေကျပ်သန်းတစ်ရာကိုလည်း “မေတ္တရှင် ဖောင်ဒေးရှင်း” အမည်ပေး ဖွဲ့စည်းပြီး မော်လိုက်မြို့ မြန်မာ့စီးပွားရေးဘဏ်တွင် စာရင်းဖွင့်လှစ် အပ်နှံသွားမည်ဖြစ်ကြောင်း သိရသည်။

မော်လိုက်(ပြန်/ဆက်)

No comments:

Post a Comment