Wednesday, October 5, 2016

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ဘီလူးချောင်း လျှပ်စစ်ဓာတ်အားပေး စက်ရုံများ ကြည့်ရှုစစ်ဆေး



နေပြည်တော် အောက်တိုဘာ ၅

ကယားပြည်နယ် လွိုင်ကော်မြို့နယ်တွင် ရောက်ရှိနေသည့် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယ ၀န်ကြီးများ၊ တာဝန်ရှိသူများ နှင့်အတူ ယနေ့နံနက်(၇)နာရီတွင် လွိုင်ကော်မြို့နယ်ရှိ ဘီလူးချောင်းအမှတ်(၂)နှင့် အမှတ်(၃) ရေအားလျှပ်စစ် ဓာတ်အားပေး စက်ရုံများ၏ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပေးနေမှုကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။

ရှေးဦးစွာဒုတိယသမ္မတ နှင့်အဖွဲ့ဝင်များအား ဘီလူးချောင်း အမှတ်(၂) ရေအား လျှပ်စစ်စက်ရုံ၏ ပင်မရှင်းလင်းဆောင်၌ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်း ဒုတိယ ဦးဆောင်ညွှန်ကြားရေးမှူး ဦးခင်မောင်လေးက ဘီလူးချောင်း ရေအားလျှပ်စစ် ဓာတ်အား ပေးစက်ရုံများ၏ စက်တပ်ဆင် အင်အား၊ ဓာတ်အား ထုတ်ယူနိုင်မှု၊ ဓာတ်အား ဖြန့်ဖြူးပေးမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ လျှပ်စစ်နှင့် စွမ်းအင် ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာထွန်းနိုင်က ဖြည့်စွက်ရှင်းလင်း တင်ပြသည်။
တင်ပြချက်များအပေါ် ဒုတိယသမ္မတက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးပြီး နိုင်ငံ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၏ အဓိက အခြေခံဖြစ်သည့် လျှပ်စစ်စွမ်းအား အပြည့်အ၀ အသုံးပြုနိုင်ရေးသည် အရေးကြီးပါကြောင်း၊ ထို့ပြင် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများ တိုးတက် လာသည်နှင့်အမျှ  လျှပ်စစ်ဓာတ်အား လိုအပ်ချက်သည်လည်း မြင့်မားလာမည် ဖြစ်ပါ ကြောင်း၊ ရေအားမှ လျှပ်စစ်ဓာတ်အား ထုတ်ယူရန် အချိန်ပေးရသည့်အတွက် လတ်တ လော စွမ်းအင်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည့် ရေအားလျှပ်စစ် စီမံကိန်းများကို ပြန်လည်သုံးသပ်ပြီး နိုင်ငံတော်သို့ တင်ပြသွားရန် လိုအပ်ပါကြောင်း၊ အနာဂတ်တွင် ကြုံတွေ့ရမည့် ဓာတ်အားလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် လျှပ်စစ်ဓာတ်အား ထုတ်ယူနိုင်မည့် အရင်းအမြစ်များကို အခြေခံ၍ စီမံချက်ရေးဆွဲ ဆောင်ရွက်သွားရန်လည်း လိုအပ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယသမ္မတ နှင့်အဖွဲ့ဝင်များသည် ဘီလူးချောင်း အမှတ်(၂) စက်ရုံ ရှုရပ်မှ ရေယူ အဆောက်အအုံ၊ ရေသွယ် ပိုက်လိုင်း၊ ဓာတ်အား ထိန်းချုပ်ခန်း၊ ဓာတ်အား ပို့လွှတ်ရေးလိုင်းများကို ကြည့်ရှုလေ့လာသည်။
ဘီလူးချောင်း အမှတ်(၂) စက်ရုံသည် လွိုင်ကော်မြို့ အရှေ့တောင်ဘက် (၁၄)မိုင် ခန့်အကွာ ဘီလူးချောင်း၏ လက်ယာ ဘက်ကမ်း၌ ၁၉၅၄ ခုနှစ်တွင် ပထမအဆင့် စက် (၃) လုံး စတင်တည်ဆောက်ခဲ့ပြီး ၁၉၆၀ ခုနှစ်တွင် (၈၄) မဂ္ဂါဝပ် ဓာတ်အား စတင်ထုတ်လုပ် ဖြန့်ဖြူးပေးသည်။ ၁၉၇၀ ခုနှစ်တွင် (၂၈) မဂ္ဂါဝပ် စက်(၃)လုံး စတင် တည်ဆောက်ခဲ့ပြီး ၁၉၇၄ ခုနှစ် တည်ဆောက် ပြီးစီးခဲ့ပြီး ဓာတ်အားဖြန့်ဖြူးပေးသည်။
ယင်းနောက် ဒုတိယသမ္မတသည် ဘီလူးချောင်း အမှတ်(၃)စက်ရုံသို့ ကြည့်ရှု လေ့လာရာ အနာဂတ်စွမ်းအင် ကုမ္ပဏီမှ တာဝန်ရှိသူများက စီမံကိန်း ဆောင်ရွက်မှု အခြေ အနေများကို ရှင်းလင်းပြသည်။
ထို့သို့ စက်ရုံအတွင်း လှည့်လည်ကြည့်ရှု လေ့လာစဉ် ဒေသခံဝန်ထမ်းများအား တွေ့ဆုံအားပေး စကားပြောကြားသည်။
ဘီလူးချောင်း အမှတ်(၃)စက်ရုံကို ၂၀၀၈ ခုနှစ်တွင် (၂၆) မဂ္ဂါဝပ် ဓာတ်အား ထုတ်လုပ်နိုင်သည့် စက် နှစ်လုံး တပ်ဆင်တည်ဆောက်ခဲ့သည်။ ၂၀၁၄ ခုနှစ်၌ ဓာတ်အား (၅၂) မဂ္ဂါဝပ် စတင်ထုတ်လုပ်ခဲ့သည်။ ဘီလူးချောင်း အမှတ်(၃) စက်ရုံကို ရေအားလျှပ်စစ် အကောင်အထည် ဖော်ရေးဦးစီးဌာနနှင့် အနာဂတ်စွမ်းအင် ကုမ္ပဏီ တို့ နားလည်မှု စာချွန်လွှာ ရေးထိုး၍ စီးပွားဖြစ် ဓာတ်အားထုတ်လုပ်ရေးကို ၂၀၁၄ ခုနှစ် ဇန်န၀ါရီလတွင် စတင်ဆောင်ရွက်ခဲ့သည်။ အဆိုပါစက်ရုံတွင် ကယားပြည်နယ်မှ ဒေသခံဝန်ထမ်း ၁၄၈ ဦး နှင့် ကျွမ်းကျင်ဝန်ထမ်း ၁၀ ဦး စုစုပေါင်းဝန်ထမ်း ၁၅၈ ဦးဖြင့် လုပ်ငန်းဆောင်ရွက် လျက်ရှိ ကြောင်းသိရသည်။
နိုင်ငံပိုင်၊ ပုဂ္ဂလိကပိုင် ဓာတ်အားပေး စက်ရုံများမှ ရေအားလျှပ်စစ် ၃၁၈၁ မဂ္ဂါဝပ်၊ ဓာတ်ငွေ့သုံးနှင့် စွန့်ပစ်အပူသုံး ၁၃၄၄ မဂ္ဂါဝပ်၊ Gas Engine ၅၇၀ မဂ္ဂါဝပ်နှင့် ကျောက်မီးသွေးသုံး မဂ္ဂါဝပ် ၁၂၀ စုစုပေါင်းစက်တပ်ဆင်အင်အား ၅၂၁၅ မဂ္ဂါဝပ် ဖြန့်ဖြူး ပေးလျက်ရှိပြီး ဘီလူးချောင်း စက်ရုံ(၃)ရုံ၏ စုစုပေါင်းစက်တပ်ဆင်အင်အား ၂၄၈ မဂ္ဂါဝပ်သည် တစ်နိုင်ငံလုံး၏ ၄ ဒသမ ၇ ရာခိုင်နှုန်းတွင် ရှိသည်။
ထို့နောက် ဒုတိယသမ္မတ နှင့်အဖွဲ့ဝင်များသည် လွိုင်ကော်မြို့ လွိုင်ကော် - လောပိတ လမ်းပေါ်ရှိ ဘီလူးချောင်း ဖြတ်တံတား(ရှမ်းပိုင်း)အား သံကူကွန်ကရစ် တံတား အဖြစ် အဆင့်မြင့်တင် ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်ကာလအတွင်း ပြီးစီးအောင် ဆောင်ရွက်သွားရန် မှာကြားသည်။
ယင်းနောက် ဒုတိယသမ္မတသည် လွိုင်ကော်မြို့ ကန္ဒရ၀တီလမ်းရှိ ပြည်သူ့ ၀န်ဆောင်မှုရုံး၌ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာန၊ လူမှုဝန်ထမ်း ဦးစီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း၊ ပြည်တွင်းအခွန်ဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နှင့် မြို့နယ် ကျန်းမာရေးဦးစီးဌာန တို့၏ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများဆောင်ရွက်နေမှုများကို လှည့်လည် ကြည့်ရှုအားပေးသည်။
ထို့နောက် ဒုတိယသမ္မတသည် လွိုင်ကော်မြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်း အဝေးခန်းမ၌ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဒေသခံ ပြည်သူများ နှင့်တွေ့ဆုံ၍ ဒေသ ဖွံ့ဖြိုးရေး ဆိုင်ရာများကို ဆွေးနွေးပြောကြားသည်။
တွေ့ဆုံပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်ရှိုးနှင့် ပြည်နယ်အစိုးရ အဖွဲ့ဝင် များက ဒေသဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်နေမှုများနှင့် လိုအပ်ချက်များကို ရှင်းလင်း တင်ပြကြသည်။
တင်ပြချက်များအပေါ် ဒုတိယ၀န်ကြီး ဗိုလ်ချုပ်အောင်စိုး၊ ဗိုလ်ချုပ်သန်းထွဋ်နှင့် ဒေါက်တာထွန်းနိုင် တို့က ဒေသဖွံ့ဖြိုးရေးအတွက် သက်ဆိုင်ရာကဏ္ဍအလိုက် ဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည့် အခြေအနေများကို ဖြည့်စွက်ဆွေးနွေး တင်ပြကြသည်။
ထို့နောက် ဒုတိယသမ္မတက ကယားပြည်နယ်၏ ဖွံ့ဖြိုးတိုးတက်မှု အခြေအနေ များကို မျက်မြင်တွေ့ရှိနိုင်ရန် လာရောက်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ ပြည်နယ်အတွင်း လမ်းပန်း ဆက်သွယ်ရေးသည် ယခင်က ခက်ခဲခဲ့သော်လည်း ယခုပိုမို ကောင်းမွန်လာသည်ကို တွေ့ရပါကြောင်း၊ လမ်းပန်းဆက်သွယ်ရေး တိုးတက်ကောင်းမွန် လာသည်နှင့်အမျှ ဒေသအတွင်း အလုပ်အကိုင် ရရှိမှုနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် ဒေသခံ ပြည်သူများနှင့် ဌာနဆိုင်ရာ ၀န်ထမ်းများက တက်ညီလက်ညီ ၀ိုင်းဝန်းကြိုးပမ်း ဆောင်ရွက် သွားကြရန် လိုအပ်ပါကြောင်း။
မကြာမီကာလအတွင်း အမေရိကန်နိုင်ငံမှ စီးပွားရေး ပိတ်ဆို့မှုများကို တရားဝင် ရုပ်သိမ်းပေးမည့်အပြင် စီးပွားရေးဆိုင်ရာ အထူးကင်းလွတ်ခွင့်များလည်း ရရှိတော့မည် ဖြစ်ပါကြောင်း၊ အဆိုပါ အခွင့်အလမ်းများကို ရယူ၍ မိမိဒေသတွင် လာရောက် ရင်းနှီးမြုပ်နှံ လုပ်ကိုင်နိုင်ရေးအတွက် အပြိုင်အဆိုင် ဆွဲဆောင်ကြရမည် ဖြစ်ပါကြောင်း၊ ကယား ပြည်နယ်၏ ခရီးသွားလုပ်ငန်းသည် ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးသော လုပ်ငန်းတစ်ခု ဖြစ်ပါကြောင်း၊ ထို့ကြောင့် ဒေသအတွင်းရှိ ခရီးသွားနေရာများ၊ ရင်းနှီးမြုပ်နှံ လုပ်ကိုင်ဆောင်ရွက်ရန် အလားအလာ ကောင်းမွန်သည့် နေရာဒေသများကို စနစ်တကျ လေ့လာသုံးသပ်ပြီး အသင့်ပြင်ဆင်ထားရန် လိုအပ်ပါကြောင်း။
နိုင်ငံတော်၏ အနာဂတ်မျိုးဆက်သစ် လူငယ်များအတွက် အန္တရာယ် တစ်ခုဖြစ် သည့် မူးယစ်ဆေးဝါးနှင့် မူးယစ်စေတတ်သော ဆေးဝါးများကို အားလုံးက ၀ိုင်းဝန်းပူးပေါင်း တိုက်ဖျက်သွားရန် လိုအပ်ပါကြောင်း၊ နိုင်ငံတော်အနေဖြင့် မူးယစ်ဆေးဝါး ဆန့်ကျင် တိုက်ဖျက်ရေးကို အမျိုးသားရေး တာဝန်၊ အမျိုးသား လှုပ်ရှားမှုအသွင် ဆောင်ရွက်ရာတွင် ပြည်သူများ၏ ပူးပေါင်းပါဝင်မှုသည် အထူးအရေးကြီး ပါကြောင်း၊ အရက် အပါအ၀င် မူးယစ်ဆေးဝါးများကို လူငယ်များနှင့် အလှမ်းဝေးအောင် ဒေသခံပြည်သူများက သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ညီညီညွတ်ညွတ် ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါ ကြောင်း၊ ပြည်နယ် ဖွံ့ဖြိုးရေးအတွက် လုပ်ကိုင်ဆောင်ရွက် သင့်သည့်များကို ဒေသခံ ပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများက ပူးပေါင်းဆောင်ရွက် သွားကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် ဒုတိယသမ္မတသည် တွေ့ဆုံပွဲသို့ တက်ရောက် လာကြသူများကို ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။
မွန်းလွဲပိုင်းတွင် ဒုတိယသမ္မတသည် လွိုင်ကော်မြို့နယ် လင်ဖုံလေးကျေးရွာရှိ တောင်သူဦးမောင်ရိန်း၏ အောင်မြင်ဖြစ်ထွန်းနေသည့် စီပီစပ်မျိုးပြောင်း စိုက်ခင်းအား ကြည့်ရှုသည်။
ဆက်လက်၍ ဖယ်ခုံမြို့နယ် ဖယ်ခုံ - ညောင်ရွှေ မော်တော်ဆိပ်ရှိ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာန၏ ခရီးသွားလုပ်ငန်း သတင်းအချက်အလက် စင်တာ ကို ကြည့်ရှုလေ့လာသည်။
ဖယ်ခုံမြို့နယ်မှ ညောင်ရွှေမြို့နယ် အင်းလေးကန်သို့ စက်တပ်မော်တော်လှေဖြင့် လေး နာရီကြာ ခရီးသွားလုပ်ငန်းသစ်ကို လာမည့်ခရီးသွား ရာသီတွင် ဖွင့်လှစ်နိုင်ရန် စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

No comments:

Post a Comment