Tuesday, October 25, 2016

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနား တက်ရောက်


နေပြည်တော် အောက်တိုဘာ ၂၅
 
(၂၂)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကို အောက်တိုဘာ ၁၈ ရက်နေ့မှစတင်၍ နေပြည်တော်၌ စည်ကားသိုက်မြိုက် စွာ ကျင်းပခဲ့ရာ ပြိုင်ပွဲများမှ ရွှေတံဆိပ် (၁၅၃)ဆု၊ ငွေတံဆိပ် (၁၃၂)ဆု၊ ကြေးတံဆိပ် (၁၁၂)ဆု၊ နှစ်သိမ့်ဆု (၄၇)ဆုနှင့် အထူးဆု (၃) ဆုတို့ကို ရွေးချယ်ချီးမြှင့်နိုင်ခဲ့သည်။

အဆိုပါ ဆုချီးမြှင့်ပွဲကို ယနေ့နံနက်(၉)နာရီခွဲတွင် နေပြည်တော် မြန်မာအပြည်ပြည် ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန - ၂ ၌ ကျင်းပရာ ပြိုင်ပွဲ ကျင်းပရေး ဦးစီးကော်မတီ နာယက ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်၍ ဆုများ ချီးမြှင့်သည်။
အခမ်းအနားတွင် ပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီ နာယက က တစ်ဦးချင်းနှင့် အဖွဲ့ လိုက်ဆုများ ရရှိကြသည့် တိုင်းဒေသကြီး၊ ပြည်နယ်များမှ ဆုရရှိသူများအတွက် ဂုဏ်ယူ ဝမ်းမြောက်ပါကြောင်း၊ ဆုမရရှိသော်လည်း ရိုးရာယဉ်ကျေးမှုများကို မြတ်နိုးစိတ်နှင့် အားကြိုး မာန်တက် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည့် တိုင်းဒေသကြီး၊ ပြည်နယ်များမှ ပြိုင်ပွဲဝင်များ၏ ယှဉ်ပြိုင်ခဲ့မှုကိုလည်း အလေးထား မှတ်တမ်းတင်ပါကြောင်း။ မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲများ ကို စဉ်ဆက်မပြတ် ကျင်းပနေခြင်းသည် တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှု အနုသုခုမ များကို ထိန်းသိမ်းခြင်းအပြင် တိမ်မြုပ်ပျောက်ကွယ် မသွားသင့်သော အမွေအနှစ်များ စဉ်ဆက်မပြတ် ထွန်းကားပြန့်ပွားစေလိုသည့် ရည်ရွယ်ချက်များ ပါရှိသကဲ့သို့ ယခုပြိုင်ပွဲ ကြီးသည် လူမျိုးတစ်မျိုး၊ တိုင်းဒေသကြီးနှင့် ပြည်နယ် တစ်ခုအတွက် သက်သက် မဟုတ်ဘဲ ဒီနိုင်ငံ၊ ဒီရေ၊ ဒီမြေပေါ်ရှိ တိုင်းရင်းသားအားလုံး၏ ရိုးရာဓလေ့ ထုံးစံများ၊ အနုသုခုမများကို အညီအမျှ ထွန်းကားစေရန် ရည်ရွယ်ကျင်းပနေခြင်း ဖြစ်ပါကြောင်း။
ယခုနှစ်ပြိုင်ပွဲတွင် တိုင်းရင်းသားများ၏ ပြည်ထောင်စုအကပြိုင်ပွဲအဖြစ် ကရင် တိုင်းရင်းသားများနှင့် ရခိုင်တိုင်းရင်းသားများ၏ အကများကို ကျန်ရှိနေသော တိုင်းဒေသ ကြီးနှင့် ပြည်နယ်များမှ တိုင်းရင်းသား ညီအစ်ကိုမောင်နှမများက အားကြိုးမာန်တက် စုပေါင်းပါဝင် ယှဉ်ပြိုင်ကြခြင်းသည် ကြည်နူးဖွယ် ဖြစ်ပါကြောင်း၊ တန်းတူညီမျှခြင်း၊ တိုင်းရင်းသား လူမျိုးတစ်မျိုး၏ ဓလေ့ထုံးစံ အနုသုခုမကို အခြားညီအစ်ကို မောင်နှမများက လေးနက်စွာ တန်ဖိုးထားခြင်းဆိုသည့် အဓိပ္ပာယ်ကို ပေါ်လွင်စေသော ပြည်ထောင်စု စိတ်ဓာတ် ဖြစ်ပါကြောင်း၊ လာမည့်နှစ်များတွင် ပြိုင်ပွဲဝင်ရန် ကျန်ရှိနေသေးသည့် တိုင်းရင်း သား ညီအစ်ကိုမောင်နှမများ၏ ရိုးရာအကများကို ဆက်လက် ယှဉ်ပြိုင်နိုင်ရေးအတွက် ပြင်ဆင်ကြိုးပမ်းကြပါရန် ကြိုတင်တိုက်တွန်းပါကြောင်း၊ ယခုပြိုင်ပွဲတွင် ကရင်နှင့် ရခိုင် တိုင်းရင်းသားတို့၏ အကပြိုင်ပွဲများအပြင် တိုင်းရင်းသားရိုးရာအကနှင့် ကျေးလက်ရိုးရာ အက စွမ်းရည်ပြခြင်းနှင့် ယဉ်ကျေးမှုဖလှယ်ခြင်း အစီအစဉ်များကိုလည်း ထည့်သွင်းထား ပါကြောင်း၊ ညီအစ်ကိုမောင်နှမ အချင်းချင်း ရိုးရာယဉ်ကျေးမှု အဆို၊ အကများကို အပြန် အလှန် ကူးလူးယှက်သွယ် ပူပေါင်းဖလှယ်ကြရန် ဖြစ်ပါကြောင်း။
တေးသီချင်း အဆိုပြိုင်ပွဲတွင် ပါဝင်သည့် သီချင်းအမျိုးအစားများထဲမှ အမျိုးဂုဏ် ဇာတိဂုဏ် မြှင့်တင်ရေး တေးသီချင်းများသည် မျိုးဆက်သစ်လူငယ်များနှင့် လွန်စွာနီးစပ် ပါကြောင်း၊ လူအများ နားလည်နိုင်သော နေ့စဉ်သုံးစကားလုံးများကို ရိုးရှင်းသည့် သံစဉ်များ နှင့် သီကုံးဖွဲ့ဆိုထားခြင်း ဖြစ်ပါကြောင်း၊ အဆင့်မြင့်ပညာ အဆင့်ပြိုင်ပွဲတွင် ပါဝင်သည့် တေးရေး ရေနံ့သာဝင်းမောင်၏ မြန်မာပြည်သား အမျိုးသားတေးသီချင်းကို ထုတ်နှုတ်တင်ပြ လိုပါကြောင်း၊ သီဆိုသူ၊ ကြားရသူ များအတွက် အားမာန်တက်ကြွဖွယ် ဖြစ်စေပြီး သီချင်း၏ ဦးတည်ချက်နှင့် သုံးစွဲထားသော စာသားစကားလုံးများသည် ခေတ်တစ်ခေတ် စနစ်တစ်ခု ကို ကိုယ်စားပြုထားခြင်း မဟုတ်ဘဲ ခေတ်စနစ်တိုင်းတွင် မှန်ကန်နေသော အယူအဆ အကြောင်းအရာ ဖြစ်သည့်အတွက် ပြည်ထောင်စုကြီးနှင့်အတူ ထာဝစဉ်အဓွန့်ရှည် တည်တံ့နေမည့် တေးသီချင်းဖြစ်ပါကြောင်း၊ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း အစရှိသည့် တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ ရေမြေဒေသ မခွဲခြားဘဲ မည်သို့ သော အခက်အခဲရှိသည်ဖြစ်စေ ပြည်ထောင်စုကြီးကို အသက်သွေးချွေး ပေးဆပ်ပြီး စုပေါင်းကာကွယ်တည်ဆောက်ရန် သန္နိဋ္ဌာန်ချထားသည်ကို အနုပညာမြောက်စွာ ဖွဲ့ဆို ထားသည့် တေးသီချင်းဖြစ်သည်ကို ဂုဏ်ပြုပြောကြားလိုပါကြောင်း။
မြန်မာနိုင်ငံ၏ သမိုင်းဖြစ်စဉ်အရ ဆင့်ကဲလာခဲ့သော ဂန္တဝင်အနုသုခုမ လက်ရာများ၊ တေးဂီတ အဆို၊ အကများသည် ရေမြေဒေသအားလုံးတွင် စုစည်းနေထိုင်ကြသော နိုင်ငံသူ နိုင်ငံသား တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ အားလုံးအတွက် အဖိုးတန် အမွေအနှစ် များ ဖြစ်ပါကြောင်း၊ ထိုကြောင့် နှစ်ပေါင်းထောင်ချီကြာမြင့်၍ မျက်မှောက်ကာလအထိ ကြိုး၊ ဘွဲ့၊ သီချင်းခံ၊ ပတ်ပျိုး အစရှိသော မဟာဂီတတန်းဝင် တေးသီချင်းများ၊ တေးဂီတများ၊ အဆို၊ အကများ တည်တံ့ကျန်ရှိနေခြင်း ဖြစ်ပါကြောင်း၊ အဆိုပါ အဖိုးတန်ရတနာများကို တစ်ဘက်က စောင့်ထိန်းကာကွယ်သကဲ့သို့ အခြားတစ်ဘက်မှလည်း ဆင့်ကမ်းသယ် ဆောင်နိုင်ရန် ဆောင်ရွက်သွားကြ ရမည်ဖြစ်ပါကြောင်း။
ထိုသို့ ဆင့်ကမ်းသယ်ဆောင်ရန်အတွက် မလွဲမသွေ တာဝန်ယူကြရမည်မှာ တိုင်းဒေသကြီး၊ ပြည်နယ်နှင့် နိုင်ငံအဝှမ်းရှိ မျိုးဆက်သစ်လူငယ်များ ဖြစ်ပါကြောင်း၊ ဆုရ သည်ဖြစ်စေ ဆုမရသည်ဖြစ်စေ ယခုပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသော လူငယ်များသည် မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အဆင့်များမှ ဗဟိုအဆင့်အထိ အဆင့် ၄ ဆင့် လုံးကို မလျော့သော ဇွဲလုံ့လနှင့် အားကြိုးမာန်တက် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသူများ ဖြစ်ပါ ကြောင်း၊ လူငယ်သည် ဖြူစင်ရိုးသားရဲရင့် ပါကြောင်း၊ တိုင်းပြည်တစ်ပြည်၏ အလုံးစုံသော အနာဂတ်သည် ယင်းနိုင်ငံရှိ ဖြူစင်ရိုးသားရဲရင့်သော လူငယ်များ၏ လက်ထဲတွင် ဖြစ်ပါ ကြောင်း၊ ယနေ့ ပွင့်လင်းလွတ်လပ်မှု အပြည့်အဝရှိသော အချိန်၊ ကမ္ဘာကြီးတစ်ခုလုံး နည်းပညာစွမ်းအားနှင့် အရှေ့၊ အနောက်၊ တောင်၊ မြောက် ဒိုးယိုပေါက် ဖြစ်နေသည့် ကာလမျိုးတွင်လူငယ်များ လမ်းမှားမရောက်ရန်အတွက် အဓိကလိုအပ်ချက်သည် ကိုးကွယ် ယုံကြည်ရာ ဘာသာတရား၏ အဆုံးအမများကို နာယူခြင်း၊ လူမှုအကျိုးပြု ပရဟိတ လုပ်ငန်းများတွင် ပါဝင်ခြင်း၊ အားကစား အပါအဝင် ရိုးရာယဉ်ကျေးမှု အနုသုခုမ ပညာရပ် များတွင် မွေ့လျော်စွာပါဝင်ခြင်းတို့ ဖြစ်ပါကြောင်း၊ ယဉ်ကျေးသိမ်မွေ့သော စိတ်သည် လူသားများအတွက် ပျော်ရွှင်ချမ်းမြေ့ခြင်း၊ ငြိမ်းအေးခြင်းကို ပေးစွမ်းနိုင်ပါကြောင်း။
ထိုကြောင့် ယနေ့ကျင်းပပြုလုပ်နေသော အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲသည် ယဉ်ကျေးမှု အနုသုခုမ နယ်ပယ်တွင် လူငယ်များအတွက် စွမ်းရည်မြှင့်တင်ပေး ဆိုသည့် နိုင်ငံတော်၏ အစီအစဉ်တစ်ခု ဖြစ်ပါကြောင်း၊ ကိုယ်ချင်းစာတရား၊ အကြင်နာမေတ္တာတရား၊ အခြားသူများရရှိအပ်သော ကံကြမ္မာအကောင်းများအပေါ်တွင် မျှဝေဝမ်းမြောက်သည့်စိတ် များ မွေးမြူပြီး ပိုမိုကောင်းမွန်သော အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီး၏ ရလဒ် ကောင်းများကို တိုင်းရင်းသား ညီအစ်ကိုမောင်နှမများက ဝိုင်းဝန်းပူးပေါင်းပြီး ဖန်တီးကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ထို့နောက် ဆုများပေးအပ်ချီးမြှင့်ရာ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက မဟာ ဂီတ အဆိုပြိုင်ပွဲ၏ ၀ါသနာရှင်အဆင့် (ပထမတန်း)၊ ၀ါသနာရှင်အဆင့် (ဒုတိယတန်း)၊ အဆင့်မြင့်ပညာအဆင့်၊ အခြေခံပညာအဆင့် (အသက် ၁၅နှစ်မှ ၂၀နှစ်) နှင့် အခြေခံ ပညာအဆင့် (အသက် ၁၀နှစ်မှ ၁၅နှစ်) ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆု ရရှိခဲ့ကြသူများအား ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်ချီးမြှင့် သည်။
ဆက်လက်၍ ပြည်ထောင်စုလွှတ်တော် နာယက၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက ခေတ်ဟောင်း/ ကာလပေါ် အဆိုပြိုင်ပွဲ၏ ၀ါသနာရှင်အဆင့် (ပထမ တန်း)၊ ၀ါသနာရှင်အဆင့် (ဒုတိယတန်း)၊ အဆင့်မြင့်ပညာအဆင့်၊ အခြေခံပညာအဆင့် (အသက် ၁၅နှစ်မှ ၂၀နှစ်) နှင့် အခြေခံ ပညာအဆင့် (အသက် ၁၀နှစ်မှ ၁၅နှစ်) ပြိုင်ပွဲများ တွင် ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆု ရရှိခဲ့ကြသူများအား ဂုဏ်ပြုဆုနှင့် ဂုဏ်ပြု မှတ်တမ်းလွှာများကို ပေးအပ်ချီးမြှင့်သည်။
ပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက အမျိုးဂုဏ်ဇာတိဂုဏ် အဆိုပြိုင်ပွဲ၏ အဆင့်အလိုက်ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယ နှင့် နှစ်သိမ့်ဆု ရရှိခဲ့ကြသူများအား ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ် သည်။
ယင်းနောက် အခြေခံပညာအဆင့် (အသက် ၁၅နှစ်မှ ၂၀နှစ်) ခေတ်ဟောင်း၊ ကာလပေါ် အဆိုပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုရ ရန်ကုန်တိုင်းဒေသကြီးမှ မမေသက်ထားဆွေ က တစ်ကျော့နှစ်ကျော့ တေးကိုသီ သီချင်းဖြင့် သီဆိုဖြေဖျော်သည်။
ထို့နောက် နိုင်ငံတော်အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌ ဦးမျိုးညွန့်က အကပြိုင်ပွဲ၏ အဆင့်အလိုက် ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆု ရရှိခဲ့ကြသူများအား ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်သည်။
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းက အကပြိုင်ပွဲ၏ ရုပ်သေး ပြိုင်ပွဲ၊ ရခိုင်ရိုးရာယိမ်းအက၊ ကရင်ဒုံးယိမ်းအက၊ ကဗျာလွတ်အကနှင့် ကွက်စိပ် ပြိုင်ပွဲများ ၏ အဆင့်အလိုက် ပထမ၊ ဒုတိယ၊ တတိယ၊ နှစ်သိမ့်ဆုနှင့် အထူးဆု ရရှိခဲ့ကြသူများအား ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်သည်။
ယင်းနောက် ရခိုင်တိုင်းရင်းသားရိုးရာ သာလီစွရခိုင်ပြည် ယိမ်းပြိုင်ပွဲတွင် ပထမဆုရ ရခိုင်ပြည်နယ်၊ ကရင်တိုင်းရင်းသားရိုးရာ လက်တွဲညီညီရှေ့သို့ချီ ဒုံးယိမ်းအက ပြိုင်ပွဲတွင် ပူးတွဲပထမဆုရ ကရင်ပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီး တို့မှ အဖွဲ့ဝင်များက ယိမ်းအက များဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။
ဆက်လက်၍ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေက အရေးပြိုင်ပွဲ၏ အဆင့်လိုက် ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆု ရရှိခဲ့ကြသူများအား ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်သည်။
ယင်းနောက် အရေးပြိုင်ပွဲ၏ ၀ါသနာရှင်အဆင့် (ပထမတန်း) ပြိုင်ပွဲတွင် ရွှေတံဆိပ် ဆုရ ရန်ကုန်တိုင်းဒေသကြီးမှ ဦးသန်းဝင်းက လက်တွဲညီညီ ရှေ့သို့ချီ တေးသီချင်းဖြင့် သီဆိုဖျော်ဖြေသည်။
ဆက်လက်၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်ဇင်မောင်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ တိုင်းရင်းသားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်၊ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်း၊ တနင်္သာရီတိုင်းဒေသကြီး ၀န်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်၊ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်၊ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဆန်းဦး၊ စစ်ရာထူးခန့်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး လူအေး၊ ဒုတိယ၀န်ကြီးများနှင့် နေပြည်တော် ကောင်စီ အဖွဲ့ဝင်များက အတီးပြိုင်ပွဲ၏ စောင်း၊ စန္ဒရား၊ ပတ္တလား၊ နှဲ၊ တယော၊ မယ်ဒလင်၊ ဂီတာ၊ ဒုံမင်း၊ အိုးစည်၊ ဒိုးပတ်၊ ဆိုင်းတစ်ဦးချင်း၊ ဆိုင်းအဖွဲ့အလိုက် ပြိုင်ပွဲများ၌ အဆင့်လိုက် ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆု ရရှိခဲ့ကြသူများအား ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ကြသည်။
ယင်းနောက် စောင်းအတီးပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုရ ရန်ကုန်တိုင်းဒေသကြီးမှ မနှင်းသဲဆုလှိုင်၊ တနင်္သာရီတိုင်းဒေသကြီးမှ မောင်ကောင်းမြတ်ဘုန်းနှင့် ဧရာဝတီတိုင်း ဒေသကြီးမှ မတင်နီလာဝင်း တို့က မြမန်းဂီရိ တေးသီချင်းကို တီးခတ်၍ အကပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုရ ဧရာဝတီတိုင်းဒေသကြီးမှ မခက်ပိုပိုနိုင်က အကဖြင့် ဖျော်ဖြေတင်ဆက်ကြ သည်။
ထို့နောက် ဒုတိယသမ္မတက တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့များကို ဂုဏ်ပြုဆုများပေးအပ်ပြီး (၂၂)ကြိမ်မြောက် မြန်မာတိုင်းရင်းသား တို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲတွင် ဆုတံဆိပ်အများဆုံး ရရှိသည့် ရန်ကုန်တိုင်းဒေသကြီးအဖွဲ့အား တံခွန်စိုက်ဆုဖလား ပေးအပ်ချီးမြှင့်သည်။
(၂၂)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲတွင် ကချင်ပြည်နယ်မှ ၁၁ ဆု၊ ကယားပြည်နယ်မှ ၁၄ ဆု၊ ကရင်ပြည်နယ်မှ ၁၃ ဆု၊ ချင်းပြည်နယ်မှ ၄ ဆု၊ မွန်ပြည်နယ်မှ ၁၈ ဆု၊ ရခိုင်ပြည်နယ်မှ ၂၃ ဆု၊ ရှမ်းပြည်နယ်မှ ၂၃ ဆု ၊ရန်ကုန်တိုင်းဒေသကြီးမှ ၁၂၃ ဆု၊ မန္တလေးတိုင်းဒေသကြီးမှ ၇၇ ဆု၊ စစ်ကိုင်းတိုင်းဒေသကြီးမှ ၃၂ ဆု၊ မကွေးတိုင်းဒေသကြီးမှ ၁၂ ဆု၊ ပဲခူးတိုင်းဒေသ ကြီးမှ ၃၈ ဆု၊ ဧရာဝတီတိုင်းဒေသကြီးမှ ၄၄ ဆုနှင့် တနင်္သာရီတိုင်းဒေသကြီးမှ ၁၅ ဆု ရရှိကြသည်။

No comments:

Post a Comment