Saturday, October 1, 2016

လူထုကိုအလေးထားတဲ့ လူထုဗဟိုပြုအဖွဲ့အစည်းတစ်ရပ်ဖြစ်စေရန် ရည်ရွယ်ချက်များနဲ့ အာဆီယံအဖွဲ့ကြီးကို ဖွဲ့စည်းထားတာဖြစ်ရင်ဆိုင်နေရတဲ့အခွင့်အလမ်းတွေ၊ စိန်ခေါ်မှုတွေကို နိုင်ငံတကာရဲ့ ပူးပေါင်းဆောင် ရွက်မှုမပါဘဲ အကောင်အထည်ဖော်ဖို့၊ ရင်ဆိုင်ကျော်လွှားဖို့မဖြစ်နိုင်


နေပြည်တော် စက်တင်ဘာ ၃ဝ
(၃၇)ကြိမ်မြောက် အာဆီယံပါလီမန်များ အထွေထွေညီလာခံဖွင့်ပွဲအခမ်း အနားတွင် နိုင်ငံတော်၏အ တိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ပြောကြားခဲ့သည့် မိန့်ခွန်းအပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

လေးစားအပ်ပါသော အာဆီယံပါလီမန်များ ညီလာခံဥက္ကဋ္ဌ၊ အာဆီယံ ပါလီမန်အသီးသီးမှ ဥက္ကဋ္ဌများ၊ ပါလီမန် ကိုယ်စားလှယ်များ၊ အာဆီယံ အတွင်းရေးမှူးချုပ်နဲ့ ဧည့်သည်တော်များရှင့်-
ဒီကနေ့ (၃၇) ကြိမ်မြောက် အာဆီယံပါလီမန်များ အထွေထွေညီလာခံ ဖွင့်ပွဲအခမ်းအနားမှာ အဖွင့်မိန့်ခွန်း ပြောကြား ခွင့်ရတဲ့အတွက် ကျေးဇူးဥပကာရ အထူးပင်တင်ရှိကြောင်း ပြောကြားလိုပါတယ်။ ယခုနှစ် အာဆီယံ ပါလီမန်များ ညီလာခံကို ပြည်ထောင်စုလွှတ်တော်နာယက မန်းဝင်းခိုင်သန်း လက်ထက်မှာ မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပခွင့်ရရှိတဲ့အတွက်လည်း ဂုဏ်ယူဝမ်းမြောက်မိပါတယ်။
ဒီကနေ့အခမ်းအနားကို တက်ရောက်လာကြတဲ့ လူကြီးမင်းများအားလုံး၊ ဒီညီလာခံကို ထောက်ခံကြောင်း ပြောကြားခဲ့ကြတဲ့ အာဆီယံခေါင်းဆောင် များအားလုံးကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရကိုယ်စား ကျေးဇူးတင်ရှိပါကြောင်း ပြောကြားလိုပါတယ်။
လွှတ်တော်မရှိဘဲ နှစ်ပေါင်းများစွာကြာမြင့်ခဲ့တဲ့မြန်မာနိုင်ငံဟာ ၂ဝ၁၁ ခုနှစ်မှာ လွှတ်တော်ပြန်လည် ပေါ်ပေါက် လာပြီး နောက်ပိုင်းကစလို့ အာဆီယံပါလီမန်များညီလာခံကို တက်ရောက်ပါဝင်ခဲ့တာ အခုဆိုရင် (၆)ကြိမ် ပြည့်မြောက်ခဲ့ပါပြီ။ ကျွန်မတို့နိုင်ငံမှာ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရကတည်းက ပါလီမန်ဒီမိုကရေစီစနစ်ကို စတင်ကျင့် သုံးခဲ့ပါတယ်။ အဲဒီကာလတုန်းက မြန်မာနိုင်ငံဟာ အာရှမှာ ပါလီမန်ဒီမိုကရေစီစနစ်ကျင့်သုံးတဲ့ အစောဆုံး နိုင်ငံတွေအထဲမှာ ပါခဲ့ပါတယ်။
ဒါပေမယ့် မြန်မြန်ပြေးနိုင်တိုင်းပြေးပွဲမှာ အမြဲအနိုင်မရနိုင်၊ ခွန်အားကြီးမားတိုင်းလည်း တိုက်ပွဲမှာ အမြဲအနိုင် မရတတ် ဆိုသလိုပဲ ကျွန်မတို့ဟာ ဖြစ်ရပ်ဆိုးတွေနဲ့ကြုံတွေ့ပြီး ပါလီမန် ဒီမိုကရေစီစနစ်ကို ဆုံးရှုံးခဲ့ရပါတယ်။ ဒါပေမယ့်လည်း အမျိုးမျိုးသော အားထုတ်မှုတွေနဲ့ မလျှော့သောဇွဲလုံ့လတို့ကြောင့် ကျွန်မ တို့ဟာ ပြည်သူ့လိုလားချက်ဆန္ဒကို ထင်ဟပ်စေတဲ့ ပါလီမန်ဒီမို ကရေစီလမ်းကြောင်းပေါ်ကို တစ်ဖန်ပြန်ပြီး ခြေချလျှောက်လှမ်း နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဒီလွှတ်တော်ဟာ အားမာန်အပြည့်နဲ့ တက်တက်ကြွကြွရှိမယ်လို့ ကျွန်မတို့ မျှော်လင့်ပါတယ်။
ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ
အာဆီယံပါလီမန်များညီလာခံရဲ့ ယခုနှစ်ဆောင်ပုဒ်ကတော့ ''အာဆီယံအသိုက်အဝန်း တိုးတက်ထွန်းကားရေး-အာဆီယံ ပါလီမန်များ ညီလာခံက တက်ကြွလှုပ်ရှားပေး'' ပဲ ဖြစ်ပါတယ်။ ဒီနေ့အခမ်းအနားကို ကြွရောက် လာကြတဲ့ ကိုယ်စားလှယ်တော်များအနေနဲ့ ဒီဆောင်ပုဒ်ထက်သာလွန်ပြီး ကြိုးပမ်းလုပ်ကိုင် ဆောင်ရွက်ကြ မယ်ဆိုတာ ယုံကြည်ထားပါတယ်။ ကျွန်မရဲ့အတွေ့ အကြုံအရ ကမ္ဘာတစ်ဝန်းက လွှတ်တော်ကိုယ်စား လှယ်တွေဟာ ပါတီတွေ၊ အယူအဆတွေ မတူကွဲပြားနေတဲ့ကြားမှာ အံ့အား သင့်ဖွယ်ရာကောင်း လောက်တဲ့ စိတ်ဓာတ်နဲ့ တက်တက်ကြွကြွ ညီညီညွတ်ညွတ်လုပ်ကိုင်တတ်ကြပါတယ်။ ဒီလိုတက်ကြွတဲ့စိတ်ဓာတ် ဟာလည်း မဲဆန္ဒရှင်ပြည်သူတွေက သူတို့ကို အပ်နှင်းလိုက်တဲ့ ကြီးလေးတဲ့တာဝန်ဝတ္တရားတွေကို အလေး အမြတ်ထားမှု၊ ဒီတာဝန်တွေကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ အကောင်းမွန်ဆုံး ထမ်းရွက်သွားမယ်ဆိုတဲ့ စိတ်ပိုင်းဖြတ် ထားမှုတွေကြောင့်ပဲ ဖြစ်မှာပါ။
လူထုဗဟိုပြုမူဘောင်များ
အာဆီယံအဖွဲ့ကြီးဟာ စည်းမျဉ်းစည်းကမ်းကို အခြေခံပြီး ပြည်သူလူထုကိုရှေးရှုဖို့၊ လူထုဗဟိုပြု အသိုက်အ ဝန်းတစ်ခုဖြစ်လာဖို့ လမ်းစဉ်ချမှတ်ပြီး ကြိုးပမ်းဆောင်ရွက်နေတဲ့အဖွဲ့ကြီး ဖြစ်ပါတယ်။ စည်းမျဉ်း အခြေပြုပြီး လူထုကို အလေးထားတဲ့ လူထုဗဟိုပြုအဖွဲ့အစည်းတစ်ရပ် ဖြစ်စေရန် ရည်ရွယ်ချက်များနဲ့ အာဆီယံအဖွဲ့ကြီးကို ဖွဲ့စည်းထားတာဖြစ်ပါတယ်။ စည်းမျဉ်းအခြေပြုဆိုတာဟာ အထူးသဖြင့် ဥပဒေပြုလွှတ်တော် အမတ်များ အတွက် လွန်စွာပဲအရေးကြီးပါတယ်။ ဥပဒေပြုသူတွေဟာ ဥပဒေကို ချိုးဖောက် သူတွေဖြစ်နေ လို့မရပါဘူး။ လွှတ်တော် တစ်ရပ်လုံး အနေနဲ့ရော သူတို့ကိုယ်တိုင်ကိုယ်ကျပါ ဥပဒေစည်းမျဉ်းတွေနဲ့ လုပ်ထုံး လုပ်နည်းတွေ အပြင် ဒီမိုကရက်တစ်အစိုးရရဲ့ ဥပဒေပြုမဏ္ဍိုင်ကို အမှန် တကယ်ကိုယ်စားပြုနေတဲ့ ဥပဒေတွေ ကိုပါ သိရှိနား လည်နေရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် စည်းမျဉ်းအခြေပြုပြီး လူထုကိုအလေးထားတဲ့ လူထုဗဟိုပြု မူဘောင်များကို အကောင်းဆုံး အကောင်အထည်ဖော်ပေးနိုင်တဲ့ နိုင်ငံတော် အဆင့်အဖွဲ့အစည်းဟာ လွှတ်တော်ပဲဖြစ်ပါတယ်။
အာဆီယံရဲ့ လူထုဗဟိုပြုတဲ့ ဒီလမ်းစဉ်ကို အာဆီယံအဖွဲ့ဝင်နိုင်ငံတွေမှာ အကောင်းဆုံး ပုံဖော်နေတာက လွှတ်တော်ဆိုတဲ့ အဖွဲ့အစည်းတွေပဲဖြစ်ပါတယ်။ ဒါကြောင့်လည်း AIPA နဲ့ အာဆီယံအကြား မိတ်ဖက်ဖြစ်တည် မှုဟာ နှစ်ပေါင်းများစွာ တန်ဖိုးကြီးကြီး၊ သိက္ခာရှိရှိ၊ လက်တွေ့ကျကျနဲ့ အခိုင်အမာတည်ရှိလာခဲ့တာပဲ ဖြစ်ပါတယ်။ ဥပဒေပြုလွှတ်တော်တွေရဲ့ စိစစ်ကြီးကြပ်မှု၊ ထောက်ခံပံ့ပိုးမှုတွေကြောင့် အာဆီယံနိုင်ငံတွေဟာ အာဆီယံရဲ့ သဘောတူစာချုပ်တွေကို အတည်ပြုနိုင်ခဲ့ကြပြီး သက်ဆိုင်တဲ့ဥပဒေတွေကို အချိန်မီပြဋ္ဌာန်း ပေးနိုင်ခဲ့တဲ့ အတွက် အာဆီယံရဲ့ နိုင်ငံရေး ရည်မှန်းချက်တွေကို တရားဥပဒေစိုးမိုးရေးအောက်မှာ လက်တွေ့ ကျကျ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့တာပဲဖြစ်ပါတယ်။
မကြာသေးခင်က လာအိုနိုင်ငံ ဗီယန်ကျင်းမြို့မှာ အာဆီယံခေါင်းဆောင်တွေနဲ့ AIPA ကိုယ်စားလှယ်တွေ အကြား ကျင်းပပြုလုပ်ခဲ့တဲ့ အာဆီယံထိပ်သီးအစည်းအဝေးမှာ အကျိုးရှိတဲ့ဆွေးနွေးမှုတွေရရှိခဲ့တဲ့အတွက် အားတက် ခဲ့ရပါတယ်။ အာဆီယံအသိုက်အဝန်းမျှော်မှန်းချက် ၂ဝ၂၅ နဲ့ ကုလသမဂ္ဂရဲ့ ထောင်စုနှစ် ဖွံ့ဖြိုးရေးရည်မှန်းချက်တွေပြည့်ဝဖို့ ဦးတည် ကြိုးပမ်းဆောင်ရွက်နေတဲ့ ကျွန်မတို့အကြားမှာ ဒီနှစ်တွေ့ ဆုံဆွေးနွေးမှုလိုပဲ နောင်လာမယ့် နှစ်ပေါင်းများစွာအထိ ဆက်လက်ဆွေးနွေးသွားကြဖို့ မျှော်လင့်ထားပါတယ်။
ဦးစားပေးလုပ်ငန်းစဉ်တွေ
AIPA အဖွဲ့ကြီးဟာ အာဆီယံဒေသအတွင်းမှာ လူ့အခွင့်အရေး အခြေခံစံနှုန်းတွေမြှင့်တင်ဖို့၊ ဒီမိုကရေစီ၊ ငြိမ်းချမ်းရေး၊ လုံခြုံရေးနဲ့ သာယာဝပြောရေးတို့ကိုမြှင့်တင်ဖို့ ရည်ရွယ်ပြီး ကြိုးပမ်းဆောင်ရွက်နေတာ သိရှိ ရတဲ့အတွက်လည်း ဝမ်းမြောက်ဝမ်းသာဖြစ်ရပါတယ်။ AIPA အဖွဲ့ကြီးရဲ့ ရည်မှန်းချက်တွေဟာ ခရီးရှည်လျားပြီး စိန်ခေါ်မှုတွေ ပြည့်နှက်နေတဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးလမ်းကြောင်းကို ဆက်လက်လျှောက်လှမ်း နေတဲ့ ကျွန်မတို့ မြန်မာနိုင်ငံအတွင်းက ဦးစားပေးလုပ်ငန်းစဉ်တွေနဲ့ ထပ်တူထပ်မျှ တူညီနေတာကို သတိပြုမိကြမယ် ထင်ပါတယ်။
၂ဝ၁၅ ခုနှစ် နိုဝင်ဘာလ အထွေထွေရွေးကောက်ပွဲမှာ ကျွန်မတို့ အနိုင်ရရှိပြီးတဲ့နောက် ယခုနှစ် မတ်လကုန်မှာ အစိုးရသစ်ကို ဖွဲ့စည်းခဲ့ပါတယ်။ ဒီနေ့မှာဆိုရင် ကျွန်မတို့အစိုးရသစ် တာဝန်ထမ်းဆောင်ခဲ့တာ ၆ လတိ တိပြည့်မြောက် ခဲ့ပါပြီ။ အခွင့်သင့်ခိုက်မှာ ကျွန်မတို့အစိုးရ ကြိုးပမ်းဆောင်ရွက်နေတဲ့ အဓိကလုပ်ငန်း စဉ်အချို့ကို အကျဉ်းချုံးပြီး တင်ပြလိုပါတယ်။
ကျွန်မတို့ အစိုးရသစ်ရဲ့ ပထမဦးစားပေးလုပ်ငန်းစဉ်ကတော့ ကျွန်မတို့ လူ့အဖွဲ့အစည်းတစ်ခုလုံးမှာရှိတဲ့ အစိတ်အပိုင်း အားလုံးအကြား အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးနဲ့ သဟဇာတဖြစ်ရေးကို ဖော်ဆောင်ဖို့ပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့လမှာပဲ စစ်မှန်တဲ့ ဒီမိုကရက်တစ်ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ဖို့ ခြေလှမ်းတစ်ရပ် အနေနဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံကို နေပြည်တော်မှာ ကျင်းပခဲ့ပါတယ်။ ကျွန်မတို့နိုင်ငံ လွတ်လပ်ရေးရရှိချိန်က စလို့ ဆယ်စုနှစ်နဲ့ချီပြီး ဖြစ်ပွားခဲ့ရတဲ့ပဋိပက္ခတွေကို နိဂုံးချုပ်အဆုံး သတ်နိုင်ဖို့ ယခင်အစိုးရစတင်ခဲ့တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ကျွန်မတို့အနေနဲ့ ပြီးမြောက် အောင်မြင်အောင် လုပ်ဆောင်ပြီး ကျွန်မတို့ ပြည်သူအားလုံး နှစ်ပေါင်းများစွာ မျှော်လင့်တောင့်တနေတဲ့ ထာဝရငြိမ်းချမ်းရေး ရရှိအောင် ဆောင်ကြဉ်းပေးဖို့ ရည်မှန်းထားပါတယ်။
သာယာဝပြောတဲ့အနာဂတ်
ကျွန်မတို့နိုင်ငံမှာ တိုင်းရင်းသားမျိုးနွယ်စုပေါင်း များစွာရှိနေတဲ့အပြင် ဆယ်စုနှစ်နဲ့ချီပြီးဖြစ်တည်လာခဲ့တဲ့ ယုံကြည်မှုပြိုကွဲခဲ့တာတွေကြောင့် ရှေ့ခရီးမှာ ရှုပ်ထွေးလှတဲ့စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရမယ်ဆိုတာ ယုံမှား သံသယ မရှိပါဘူး။ ဒါပေမယ့်လည်း ပူးပေါင်းဆောင်ရွက်လိုစိတ်၊ အပေးအယူလုပ်ညှိနှိုင်းဆွေးနွေး လိုစိတ်တွေနဲ့ ကျင်းပတဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေကတစ်ဆင့် ကျွန်မတို့ ပြည်သူအားလုံးအတွက် ငြိမ်းချမ်း လုံခြုံပြီး သာယာဝပြောတဲ့ အနာဂတ်ဆိုတဲ့ ဘုံရည်မှန်းချက်ကို လက်တွေ့ဖော်ဆောင်နိုင်မယ်လို့ ယုံကြည် ထားပါတယ်။
ရခိုင်ပြည်နယ်မှာရှိတဲ့ မတူညီတဲ့ အသိုင်းအဝိုင်းတွေအကြားမှာ သဟဇာတဖြစ်မှုနဲ့ နားလည်မှုတွေ ဆောင်ကြဉ်းပေးနိုင်ဖို့ကိုလည်း ကျွန်မတို့ ကြိုးပမ်းဆောင်ရွက်လျက် ရှိပါတယ်။ ရခိုင်ပြည်နယ် အခြေအနေဟာ ရှုပ်ထွေးနက်နဲပါတယ်။ ကျွန်မတို့နိုင်ငံရဲ့ နယ်နိမိတ်ကိုကျော်လွန်ပြီး အာဆီယံဒေသနဲ့ ပြင်ပကမ္ဘာရဲ့ အာရုံစိုက်စရာ၊ စိုးရိမ်ပူပန်စရာကိစ္စရပ်တစ်ခု ဖြစ်လာနေပါတယ်။ ကျွန်မတို့အစိုးရသစ် စတင်ဖွဲ့စည်းချိန်က စတင်ပြီးတော့ ဒီစိန်ခေါ်မှုတွေကို ဖြေရှင်းနိုင်ဖို့ ကြိုးပမ်းဆောင်ရွက်ခဲ့ပါတယ်။  ရခိုင်ပြည်နယ် အတွင်း တည်ငြိမ် အေးချမ်းမှုနဲ့ တရားဥပဒေစိုးမိုးမှု သေချာခိုင်မာစေဖို့၊ လူဝင်မှုကြီးကြပ်ရေးနဲ့ နိုင်ငံသားစိစစ်ရေး လုပ်ငန်းတွေကို စနစ်တကျ စိစစ်ကြပ်မတ်နိုင်ဖို့၊ လူမှု-စီးပွား ဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်နိုင်ဖို့ ကျွန်မကိုယ်တိုင် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်တဲ့ ''ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးမှုတိုးတက်ရေး အကောင် အထည်ဖော်ရေးဗဟိုကော်မတီ''ကို ဖွဲ့စည်းဆောင်ရွက်ခဲ့ပါတယ်။ ဒီ စိန်ခေါ်မှု တွေကို ဘက်ပေါင်းစုံ လေ့လာသုံး သပ်ဖြေရှင်းရာမှာ ကျွန်မတို့ကို ကူညီပံ့ပိုးနိုင် ဖို့အတွက် ဒေါက်တာ ကိုဖီအာနန် ဦးဆောင်တဲ့ အကြံပေးကော်မရှင်ကိုလည်း ဖွဲ့စည်းခဲ့ပါတယ်။
အပြောင်းအလဲတွေရယူ
မတူညီတဲ့ အသိုင်းအဝိုင်းနှစ်ခုအကြား နားလည်မှုတွေ၊ သဟဇာတဖြစ်မှု တွေနဲ့ ယုံကြည်မှုတွေ တည်ဆောက်နိုင်အောင် ကျွန်မတို့ ကြိုးပမ်းလုပ်ဆောင် နေပါတယ်။ တစ်ချိန်တည်းမှာပဲ ဒီအသိုင်းအဝိုင်း နှစ်ခုအကြားမှာ အမုန်းတရားတွေ၊ သည်းမခံနိုင်မှုတွေနဲ့ အစွန်းရောက်မှုတွေကို ဆန့်ကျင်လိုစိတ်တွေ အခိုင် အမာဖြစ်ပေါ် လာအောင်လည်း ကြိုးပမ်းဆောင်ရွက်နေပါတယ်။ ဒီလို ကြိုးပမ်းဆောင်ရွက်နေတဲ့အချိန်မှာ ဒေသတွင်းနိုင်ငံတွေ၊ အိမ်နီးချင်းနိုင်ငံတွေအနေနဲ့ အပြုသဘောဆောင်တဲ့ ပံ့ပိုးကူညီမှုတွေပေးကြဖို့ ကျွန်မအနေနဲ့ တောင်းဆိုလိုပါတယ်။ နေ့ချင်းညချင်း အားလုံးကောင်းအောင်၊ ဘက်စုံတိုးတက်အောင် ဆောင်ရွက်နိုင်ဖို့မဖြစ်နိုင်ပေမယ့် ရခိုင်ပြည်နယ်နဲ့ ပြည်တွင်းကပဋိပက္ခကူးစက်ခံနယ်မြေဒေသတွေမှာ ကောင်းမွန်တဲ့ အပြောင်းအလဲတွေ ရယူဆောင်ကြဉ်းပေးနိုင်ဖို့အတွက် မဆုတ်နစ်တဲ့ ဇွဲလုံ့လနဲ့ ကြိုးပမ်းသွားဖို့ ကျွန်မတို့ ခိုင်ခိုင်မာမာဆုံးဖြတ်ထားပြီး ဖြစ်ပါတယ်။
ကျွန်မတို့အနေနဲ့ မြန်မာနိုင်ငံသားအားလုံး ကောင်းကျိုးဖြစ်ထွန်းစေဖို့၊ ရေရှည်တည်တံ့တဲ့ စီးပွားရေး တိုးတက်မှုတွေ ဆောင်ကြဉ်းပေးနိုင်ဖို့အတွက်လည်း ကြိုးပမ်းဆောင်ရွက်နေပါ တယ်။ ကံကြမ္မာမျက်နှာ သာပေးမှုကြောင့် ကျွန်မတို့နိုင်ငံမှာ သဘာဝသယံဇာတအရင်းအမြစ်မျိုးစုံ ပေါများကြွယ်ဝသလို လေ့လာစူးစမ်း သင်ယူလိုစိတ်ရှိတဲ့ လူငယ်တွေရှိနေပါတယ်။ ပြီးတော့ နိုင်ငံတည်နေရာကလည်း ကမ္ဘာ့အကြီးမားဆုံးဈေးကွက် ကြီးတွေကြားမှာ တည်ရှိနေပါတယ်။ သမိုင်းရဲ့ အကြောင်းတရား တွေကြောင့် ကျွန်မတို့နိုင်ငံဟာ စီးပွားရေးအလားအလာကောင်းတွေကို ဘယ်ခေတ် ဘယ်အခါကမှ အကျိုးရှိရှိ ဖော်ဆောင်နိုင်ခဲ့ခြင်း မရှိသေးပါဘူး။ ဒီကနေ့ ဒီအချိန်မှာတော့ ကျွန်မတို့ အစိုးရနဲ့ ပြည်သူလူထုတစ်ရပ်လုံးရဲ့ ပြင်းပြင်းထန်ထန် ကြိုးစားအားထုတ်မှု၊ ဒေသတွင်းက မိတ်ဆွေနိုင်ငံတွေရဲ့ ကူညီပံ့ပိုးမှုနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကြောင့် ပိုမိုကောင်းမွန်တဲ့ အနာဂတ်ကို တည်ဆောက်နိုင်မယ့် ကြုံတောင့်ကြုံခဲ အခွင့်အလမ်းကြီး တစ်ခု ရရှိနေပြီဖြစ်ပါတယ်။
ကျွန်မတို့အနေနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ဆင်းရဲနွမ်းပါးမှုတိုက်ဖျက်ရေး၊ အမြောက်အမြား လိုအပ်နေတဲ့ အခြေခံအဆောက်အအုံတွေ ဖွံ့ဖြိုးတိုးတက်ရေး၊ တာဝန်သိ တာဝန်ယူမှုရှိတဲ့ ပြည်ပရင်းနှီးမြှုပ်နှံ မှုတွေ ဝင်ရောက်လာအောင် တွန်းအားပေးရေးနဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်ရေးတို့အတွက် ရည်ရွယ်ပြီး စီးပွားရေးမူဝါဒအသစ်ကိုလည်း ထုတ်ပြန်ထားပါတယ်။ အဆွေတော်တို့ နိုင်ငံတွေမှာ ကျင့်သုံးနေတဲ့ အောင်မြင်ဖြစ်ထွန်းနေတဲ့နည်းလမ်းတွေကိုလည်း ကျွန်မတို့ လေ့လာသင်ယူနိုင်ဖို့ကြိုးစားသွားမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဟာ ကျွန်မတို့ အာဆီယံ ဒေသကြီးတစ်ခုလုံးရဲ့တိုးတက်မှုကို အထောက်အကူဖြစ်စေပြီး အာဆီယံ အသိုက်အဝန်းရဲ့ အနာဂတ်အောင်မြင်မှုကို အားဖြည့်ပေးနိုင်မယ်လို့ ကျွန်မအနေနဲ့ ယုံကြည်ထားပါတယ်။
တက်တက်ကြွကြွပူးပေါင်း
တစ်ချိန်တည်းမှာပဲ တက်ကြွပြီး တာဝန်ယူမှုရှိတဲ့ ကမ္ဘာ့မိသားစုဝင် နိုင်ငံတစ်နိုင်ငံဖြစ်လာဖို့ မျှော်မှန်းထားတဲ့ ကျွန်မတို့နိုင်ငံဟာ နိုင်ငံတကာ ရေးရာကိစ္စရပ်တွေမှာ တာဝန်သိစိတ်အပြည့်နဲ့ ပါဝင်ဆောင်ရွက်နေပါတယ်။ မကြာသေးခင်ကပဲ ကျွန်မတို့မြန်မာနိုင်ငံဟာ ကမ္ဘာ့ကုလသမဂ္ဂ နျူကလီးယား စမ်းသပ်ဖောက်ခွဲမှု အလုံးစုံပိတ်ပင် တားဆီးရေးစာချုပ် (UN Nuclear Comprehensive Test Ban Treaty) ကို အတည်ပြုပါဝင် ခဲ့ပြီးဖြစ်ပါတယ်။ လက်ရှိအချိန်မှာ အငြင်းပွားမှုဖျန်ဖြေရေးလုပ်ငန်းစဉ်ဆိုင်ရာ အာဆီယံ ပဋိညာဉ်စာတမ်းရဲ့ နောက်ဆက်တွဲစာချုပ် (Protocol to the ASEAN Charter on Dispute Settlement Mechanisms)၊ အာဆီယံ၏ကင်းလွတ်ခွင့်နှင့် အခွင့်အရေးများဆိုင်ရာ သဘောတူစာချုပ် (ASEAN Agreement on Privileges and Immunities) နဲ့အာဆီယံ လူကုန်ကူးမှုတိုက်ဖျက်ရေး သဘောတူညီချက် (ASEAN Convention Against Trafficking in Person) တွေမှာလည်း အတည်ပြုပါဝင်နိုင်ရေးအတွက် ပြည်တွင်းလုပ်ထုံး လုပ်နည်း အဆင့်ဆင့်ကို အပြီးသတ်ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ ဒီလို ဆောင်ရွက်တဲ့နေရာမှာ ကျွန်မတို့အစိုးရရဲ့ အုပ်ချုပ်ရေး အပိုင်းနဲ့ ဥပဒေပြု ရေးအပိုင်းတို့အကြား အပြုသဘောနဲ့ တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက်ခဲ့ တာတွေဟာ တန်ဖိုးဖြတ်လို့ မရနိုင်ပါဘူး။
ကျွန်မတို့အခုလို အားကြိုးမာန်တက် ကြိုးပမ်းဆောင်ရွက်နေတဲ့အချိန်မှာ အာဆီယံဒေသတွင်း နိုင်ငံတွေဆီက စိတ်ရင်းစေတနာကောင်းနဲ့ စဉ်ဆက်မပြတ် ပံ့ပိုးကူညီမှုတွေဟာ ကျွန်မတို့အတွက် ကြီးမားတဲ့ခွန်အားတွေ၊ အားပေး မှုတွေဖြစ်လာစေမှာပါ။
အချိတ်အဆက်ရှိရှိပူးပေါင်း
ဒီကနေ့ ဒီအချိန်မှာ ကျွန်မတို့ကမ္ဘာကြီးဟာ ဘယ်တုန်းကမှ မဖြစ်ထွန်းခဲ့ဖူးတဲ့ ဆက်သွယ်မှုအချိတ်အဆက်တွေ ဖြစ်ပေါ်တိုးတက်လာခဲ့ပြီး ဘယ်လိုနိုင်ငံမျှ၊ ဘယ်လိုပုဂ္ဂိုလ်တစ်ဦးတစ်ယောက်မျှ ထီးတည်းရပ်တည်နိုင်မှာ မဟုတ်သလို၊ ထီးတည်းရပ်တည်ဖို့လည်းမသင့်တော့ပါဘူး။ ကျွန်မတို့ ရင်ဆိုင်နေရတဲ့ အခွင့်အလမ်းတွေ၊ စိန်ခေါ်မှုတွေကို နိုင်ငံတကာရဲ့ ပူးပေါင်းဆောင်ရွက်မှုမပါဘဲ အကောင်အထည်ဖော်ဖို့၊ ရင်ဆိုင်ကျော်လွှားဖို့ မဖြစ် နိုင်ပါဘူး။ ပူးပေါင်းဆောင်ရွက်မှုဆိုရာမှာလည်း အစိုးရရဲ့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနဲ့ တရားစီရင်ရေး ဆိုတဲ့ မဏ္ဍိုင်ကြီးတွေအားလုံး အချင်းချင်း တစ်ခုနဲ့တစ်ခု အချိတ်အဆက်ရှိရှိ ပူးပေါင်းမှုမျိုးဖြစ်ဖို့ လိုအပ်ပါတယ်။
ဒါကြောင့် AIPA ဟာ အလွန်အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင် နေတာဖြစ်ပါတယ်။ ဒီညီလာခံကြီးရဲ့ လာမယ့်နေ့ရက်တွေမှာ ဆွေးနွေးမယ့် အကြောင်းအရာတွေရဲ့ ကျယ်ပြန့်မှုကိုကြည့်ရင် AIPA ရဲ့ အရေးပါမှုကို အထင်အရှား ပြဆိုနေပါတယ်။ ဒီညီလာခံကြီးမှာ ဆွေးနွေးမယ့်အကြောင်းအရာတွေထဲမှာ ဆိုက်ဘာလုံခြုံရေး မြှင့်တင်ရေး ကိစ္စ၊ ပင်လယ်ထွက် သဘာဝသယံဇာတများ ကာကွယ်ရေးကိစ္စ၊ ရာသီဥတု ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာရတဲ့ အကျိုးဆက်များ လျော့ပါးသက်သာ စေဖို့ ဆောင်ရွက်ရေးကိစ္စ၊ အသေးစား၊ အလတ်စား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို ပံ့ပိုးရေးကိစ္စနဲ့ ဇီကာဗိုင်းရပ်စ်ပိုး ကာကွယ်ရေးကိစ္စတွေ ပါဝင်နေပါ တယ်။ ဒီကိစ္စတွေအားလုံးဟာ ကျွန်မတို့ရဲ့ ပြည်သူတွေကို တိုက်ရိုက်သက် ရောက်စေမယ့် ကိစ္စတွေဖြစ်ပြီး ထိရောက်တိုးတက်မှုရှိတဲ့ ဖြေရှင်းချက်တွေ ရှာဖွေဖော်ထုတ်နိုင်ဖို့အတွက် ဒီမိုကရေစီပေါင်းစည်းမှု စိတ်ဓာတ်နဲ့ အတူ တကွလက်တွဲပူးပေါင်းဆောင်ရွက်သွားကြရမှာ ဖြစ်ပါတယ်။
နိဂုံးချုပ် မတိုင်မီ ကျွန်မအနေနဲ့ ပြီးခဲ့တဲ့အပတ်က ကမ္ဘာ့ကုလသမဂ္ဂအထွေ ထွေညီလာခံတက်ရောက်ခဲ့စဉ်မှာ ပြောခဲ့တဲ့ အပိတ်စကားလေးကို ထပ်မံပြီး ပြောချင်ပါတယ်။
ပဋိပက္ခတွေ၊ ဝိဝါဒကွဲလွဲမှုတွေ ဖြစ်ထွန်းရာမြေအဖြစ် ကျွန်မတို့မြန်မာ နိုင်ငံကို လူသိများကြပါတယ်။ လောဘ၊ ဒေါသ၊ ကြောက်ရွံ့မှုနဲ့ မသိနားမလည်မှုတွေဟာ လူ့သဘာဝကိုသာမက လူ့အဖွဲ့အစည်းတစ်ခုလုံးကိုပါ ဘယ်လိုဘယ်ပုံ ဖောက်ပြန်ပျက်စီးစေတယ်ဆိုတာကို ကျွန်မတို့ မျက်မြင်ကိုယ်တွေ့ကြုံခဲ့ရပြီးပါပြီ။ ဒါကြောင့် ဒီကနေ့အားလုံးကို ကျွန်မအနေနဲ့ မေတ္တာရပ်ခံချင်တာကတော့ ဒေါသတရား၊ အမုန်းတရား၊ အကြောက်တရားနဲ့ မသိနားမလည်ခြင်းတရားတွေနဲ့ ကြုံတွေ့ရတိုင်း သူတို့နဲ့ ဆန့်ကျင်ဘက်က ရပ်တည်ပေးကြပါ၊ ကရုဏာတရား၊ အကြင်နာမေတ္တာတရားနဲ့ တစ်ပါးသူရဲ့ ပျော်ရွှင်မှုကို ဆောင်ကြဉ်းပေးနိုင်မယ့် လမ်းကြောင်းကိုသာ ရှာဖွေလျှောက် လှမ်းကြပါဆိုတာပဲ ဖြစ်ပါတယ်။
ကျွန်မတို့ အာဆီယံအဖွဲ့အစည်းကြီးရဲ့ မူဝါဒတွေနဲ့ ဆောင်ရွက်ချက်တွေဟာ လူသားဂုဏ်သိက္ခာနဲ့ အခြေခံ လူ့အခွင့်အရေးတွေကို အရင်းတည်ပြီးတော့ ပေးဆပ်ခြင်းကိုရယူခြင်းထက် အမှန်တကယ် တန်ဖိုး ထားတဲ့ အသိုက်အဝန်း တစ်ခုအဖြစ် ကမ္ဘာတစ်ဝန်းလုံးမှာရှိတဲ့ အခြားအဖွဲ့အစည်းတွေ၊ အခြား အသိုက် အဝန်းတွေက စံနမူနာပြု အတုယူရတဲ့ စံပြအဖွဲ့အစည်းတစ်ခုအဖြစ် မြင်တွေ့ချင်ပါတယ်။ ပြည်သူ့အရွေးချယ်ခံ လွှတ်တော် ကိုယ်စား လှယ်များဖြစ်ရခြင်း၊ ပြည်သူတွေအတွက် ကမ္ဘာကြီးရဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ပြီး မားမားမတ်မတ်ရပ်တည်ပေးရခြင်း၊ ကိုယ်စားလှယ်သက်တမ်း ကုန်ဆုံးတဲ့အခါမှာ ကျွန်မတို့ ပြည်သူများ အတွက်ရော ကျွန်မတို့ကိုယ်တိုင် အတွက်ပါ ဆောင်ရွက်ရမယ့် တာဝန်ဝတ္တရားများကို ကျေကျေပွန်ပွန် ထမ်းဆောင် နိုင်ခဲ့တယ်ဆိုတာ ပြောနိုင်ခြင်းလောက် ဂုဏ်ယူစရာကောင်းတာ ဘာမှမရှိဘူးဆိုတာကို ကျွန်မ အနေနဲ့ လွှတ်တော်ကိုယ်စားလှယ်ကြီးများ အားလုံးကို သတိပေးပြောကြား လိုပါတယ်။
ဒီကနေ့ ဖွင့်လှစ်တဲ့ (၃၇)ကြိမ်မြောက် အာဆီယံပါလီမန်များညီလာခံကြီး အောင်မြင်ပါစေကြောင်း၊ အဆွေ တော်တို့ အားလုံးလည်း နေပြည်တော်မှာ အကျိုးရှိတဲ့ ပျော်ရွှင်ဖွယ်နေ့ရက်တွေကို ပိုင်ဆိုင်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း နိဂုံးချုပ်လိုက်ပါတယ်။
ကျေးဇူးတင်ပါတယ်။


No comments:

Post a Comment