Sunday, October 16, 2016

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် BIMSTEC Retreat အစည်းအဝေးနှင့် BRICS and BIMSTEC Leader´s Outreach Summit သို့ တက်ရောက်


ဂိုအာ -အောက်တိုဘာ ၁၆

အိန္ဒိယနိုင်ငံ ဂိုအာမြို့၌ ရောက်ရှိနေသည့် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ ဒေသစံတော်ချိန် ညနေ ၄ နာရီတွင် Hotel Leela ၌ ကျင်းပသည့် ဘင်းမ်စတက်သီးသန့်အစည်းအဝေး BIMSTEC Retreat သို့ တက်ရောက်သည်။


နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဘင်းမ်စတက်သီးသန့်အစည်းအဝေး သို့ တက်ရောက်လာကြသည့် အဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံ့အကြီးအကဲများနှင့် အစိုးရအဖွဲ့ အကြီးအကဲများအား အိန္ဒိယနိုင်ငံ ၀န်ကြီးချုပ် မစ္စတာ နာရန်ဒရာမိုဒီက ကြိုဆိုနှုတ်ဆက် သည်။
ထို့နောက် အိန္ဒိယနိုင်ငံ ၀န်ကြီးချုပ်နှင့် အစည်းအဝေးသို့ တက်ရောက်လာကြ သည့် အဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံ အကြီးအကဲများ၊ အစိုးရအဖွဲ့အကြီး အကဲများသည် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
ထို့နောက် အစည်းအဝေးကို ဆက်လက်ကျင်းပသည်။
ဆက်လက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် Hotel Leela Lawns ၌ ကျင်းပသည့် BRICS and Leader’s Outreach Summit သို့ တက်ရောက်သည်။
ညပိုင်းတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် အိန္ဒိယနိုင်ငံ ၀န်ကြီးချုပ် က တည်ခင်းဧည့်ခံသည့် BRICS and Leadre’s Outreach Summit ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်သည်။
ယခုကျင်းပသည့် BRICS and Leadre’s Outreach Summit အစည်းအဝေးသည် BRICS အဖွဲ့ဝင်နိုင်ငံများနှင့် BIMSTEC အဖွဲ့ဝင်နိုင်ငံများ ပူးပေါင်း၍ ပထမဆုံးအကြိမ် ကျင်းပသည့် အစည်းအဝေးဖြစ်သည်။ BRICS အဖွဲ့ကို ၂၀၀၉ ခုနှစ် ဇွန်လ ၁၆ ရက်တွင် ရုရှားနိုင်ငံ၌ စတင်ဖွဲ့စည်းခဲ့ပြီး ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နှင့် တောင်အာဖရိကနိုင်ငံတို့ ပူးပေါင်းဖွဲ့စည်း ထားခြင်း ဖြစ်သည်။

ဘင်းမ်စတက်အဖွဲ့ကို ၁၉၉၇ ခုနှစ် ဇွန်လ ၆ ရက်တွင် ဗန်ကောက်ကြေညာ စာတမ်းနှင့်အတူ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ သီရိလင်္ကာနှင့် ထိုင်းနိုင်ငံ စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုအဖွဲ့ ( BIST-EC) အဖြစ် စတင်ဖွဲ့စည်းခဲ့သည်။ အဆိုပါအဖွဲ့သို့ ၁၉၉၇ ခုနှစ် ဒီဇင်ဘာ ၂၂ ရက် တွင် မြန်မာနိုင်ငံက လည်းကောင်း၊ ၂၀၀၄ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်မှ ၉ ရက်ထိ ထိုင်းနိုင်ငံ ဖူးခက်မြို့၌ ကျင်းပသည့် ဆဋ္ဌမအကြိမ် ဘင်းမ်စတက် ၀န်ကြီးအဆင့်အစည်းအဝေးတွင် ဘူတန်နိုင်ငံနှင့် နီပေါနိုင်ငံတို့ ကလည်းကောင်း အဖွဲ့ဝင်နိုင်ငံများ အဖြစ်ပါဝင် ခဲ့ကြသည်။ ၂၀၀၄ ခုနှစ် ဇူလိုင် ၃၁ ရက်တွင် ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ ကျင်းပခဲ့သည့် ပထမအကြိမ် ထိပ်သီး အစည်းအဝေးတွင် အဖွဲ့၏ အမည်ကို ဘင်္ဂလားပင်လယ်အော်ဒေသတွင်း ကဏ္ဍစုံနည်းပညာနှင့် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ ဦးဆောင်ဦးရွက်ပြုမှု အစီအစဉ် ( Bay of Bengal Initiatives for Multi-Sectoral Technical and Economic Cooperation - BIMSTEC) ဟု ပြောင်းလဲ ခေါ်ဝေါ်ခဲ့သည်။ အဖွဲ့စတင် ဖွဲ့စည်းသည့် ဇွန်လ ၆ ရက်ကို ဘင်းမ်စတက် နေ့အဖြစ် သတ်မှတ်ထားရှိသည်။

No comments:

Post a Comment