Friday, September 16, 2016

အာရှ- ပစိဖိတ်ခရီးသွားပြပွဲ ၂၀၁၆ (PATA Travel Mart 2016) တွင် မြန်မာနိုင်ငံမှ ခရီးသွားပြခန်းများပါဝင်ပြသ

နေပြည်တော် စက်တက်ဘာ ၁၆
အာရှ- ပစိဖိတ် ခရီးသွားပြပွဲ ၂၀၁၆ (PATA Travel Mart 2016) ကို စက်တင်ဘာ (၇)ရက်မှ (၉) ရက်အထိ အင်ဒိုနီးရှား နိုင်ငံ Great Jakarta၊  Banten Province ရှိ Indonesia Convention Exhibition ၌ ကျင်းပခဲ့ရာ မြန်မာနိုင်ငံကို ခရီးစဉ်ဒေသတစ်ခုအဖြစ် ဈေးကွက်မြှင့်တင်နိုင်ရန် ဟိုတယ်နှင့်ခရီးသွားလာရေး ၀န်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်သန်းဝင်း ဦးဆောင်၍ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင် များအသင်းနှင့် ဟိုတယ်လုပ်ငန်းရှင်များ အသင်းတို့မှ ကိုယ်စားလှယ် (၁၅)ဦးတို့သည် အဆိုပါပြပွဲသို့သွားရောက်၍ မြန်မာနိုင်ငံကိုယ်စားပြု ခရီးသွားလုပ်ငန်းပြခန်း(၄)ခန်း ခင်းကျင်း၍ ပါဝင်ပြသသည်။

အာရှ-ပစိဖိတ်ခရီးသွားပြပွဲ ၂၀၁၆ (PATA Travel Mart 2016) သို့ နိုင်ငံပေါင်း (၅၂)နိုင်ငံမှ ခရီးစဉ်ဝယ်ယူသူ (၂၅၈)ဦး၊ ခရီးစဉ်ရောင်းချသူ (၆၈၃)ဦး၊ သတင်းမီဒီယာများ(၈၀)ဦး၊ စီးပွားရေးဆိုင်ရာအဖွဲ့ အစည်းများမှ (၂၇၂)ဦး၊ လာရောက် လည်ပတ်သူ (၁၁၀)ဦး၊ နိုင်ငံပေါင်း(၆၃)နိုင်ငံမှ စုစုပေါင်း (၁၂၈၄)ဦးခန့်  တက်ရောက်ခဲ့ကြသည်။
မြန်မာနိုင်ငံကိုယ်စားပြု ခရီးသွားပြခန်းတွင် မြန်မာနိုင်ငံ၏ ခရီးစဉ်ဒေသများနှင့် ပတ်သက်သည့် လက်ကမ်း စာစောင်များ၊ DVD များ၊ ခရီးသွားလမ်းညွှန်များ၊ အမှတ်တရ လက်ဆောင်ပစ္စည်းများ ပြသထားပြီး မြန်မာနိုင်ငံမှ ခရီးစဉ်ရောင်းချသူ များက နိုင်ငံတကာမှ ခရီးစဉ်ဝယ်ယူသူများအား မြန်မာနိုင်ငံအကြောင်း ရှင်းလင်းပြသပြီး ခရီးစဉ်ရောင်းချနိုင်ရေး ဆွေးနွေး ခဲ့ကြသည်။
အာရှ- ပစိဖိတ် ခရီးသွားပြပွဲ ၂၀၁၆ (PATA Travel Mart 2016) ဖွင့်ပွဲ အခမ်းအနားကို ၂၀၁၆ခုနှစ်၊ စက်တင်ဘာလ (၇)ရက်နေ့ညတွင် ကျင်းပခဲ့ပြီး အဆိုပါအခမ်းအနားသို့  အင်ဒိုနီးရှားနိုင်ငံမှ ဒုတိယသမ္မတဖြစ်သူ Dr. Jusuf Kalla  မှတက်ရောက်၍ အဖွင့်အမှာ စကားပြောကြားခဲ့ပြီး၊ အင်ဒိုနီးရှားနိုင်ငံမှ ခရီးသွားလုပ်ငန်းဝန်ကြီး  Dr. Arief Yahya နှင့် PATA အဖွဲ့အစည်း၏ ဥက္ကဌ Mr.Andrew Jones တို့က အသီးသီးအမှာစကား ပြောကြား သည်။
PATA Gold Awards 2016 ဆုပေးပွဲအခမ်းအနားကို စက်တင်ဘာ(၉)ရက် နေ့လည်ပိုင်းတွင် ကျင်းပခဲ့ရာ မဟာမဲခေါင်ဒေသခွဲခရီးသွားလုပ်ငန်း၏ Website : www.mekongtourism.orgသည် ၂၀၁၅ခုနှစ်၊ ဇွန်လမှ ၂၀၁၆ခုနှစ်၊ ဇွန်လအထိ Website တွင်  ကြည့်ရှူ့သူ (၂၁၀%) ၊ လူမှုစာမျက်နှာနှင့် Facebook အသုံးပြုသူ (၃၆၀)% ခန့် ၀င်ရောက်ကြည့်ရှု့သူ များပြားလာခြင်းကြောင့် ဆုရရှိခဲ့ပါသည်။ အဆိုပါဆုကို မဟာမဲခေါင် ဒေသအဖွဲ့ဝင်နိုင်ငံဖြစ်သော မြန်မာနိုင်ငံ၊ ဟိုတယ်နှင့်ခရီး သွားလာရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်သန်းဝင်းနှင့် မဟာမဲခေါင်ဒေသ ခွဲ ခရီးသွားလုပ်ငန်းရုံး အဖွဲ့မှ အမှုဆောင်ဒါရိုက်တာ Mr. Jens Thraenhart တို့မှ ဆုလက်ခံရယူသည်။

ဆက်လက်၍ ဒုတိယညွှန်ကြားရေးမှူးချုပ်သည် စက်တင်ဘာ(၁၀)ရက်မှ (၁၁)ရက်အထိ ကျင်းပသည့် PATA Board Meeting သို့ တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံသို့  စက်တင်ဘာလ(၁၃)ရက်တွင်  ပြန်လည်ရောက်ရှိခဲ့ကြောင်း သတင်းရရှိ သည်။

No comments:

Post a Comment