Tuesday, September 13, 2016

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဗြိတိန်နိုင်ငံ ၀န်ကြီးချုပ်နှင့်တွေ့ဆုံ


ဟီသရိုး စက်တင်ဘာ ၁၃
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဗြိတိန်နိုင်ငံ ၀န်ကြီးချုပ် Ms. Theresa May နှင့် လန်ဒန်မြို့အမှတ် (၁၀) ဒေါင်းနင်းလမ်းရှိ ဗြိတိန် ၀န်ကြီးချုပ် နေအိမ်၌ တွေ့ဆုံသည်။
တွေ့ဆုံစဉ် ဗြိတိန်ဝန်ကြီးချုပ်က မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ် အောင်မြင် စွာ အသွင်ကူးပြောင်း နိုင်ခဲ့သည့်အတွက် ဂုဏ်ယူပါကြောင်း၊ ဗြိတိန်နိုင်ငံအစိုးရသစ်၏ မြန်မာနိုင်ငံအပေါ် ထားရှိသည့်မူဝါဒသည် အပြောင်း အလဲမရှိဘဲ နှစ်နိုင်ငံဆက်ဆံရေး နှင့်


ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်သွားမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည့်ကဏ္ဍများတွင် အကူအညီများ ပေးအပ်သွား မည်ဖြစ် ပါကြောင်း၊ နှစ်နိုင်ငံကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်နိုင်ရေးအတွက် လာမည့်နိုဝင်ဘာလအတွင်း ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ဆွေးနွေးပွဲတစ်ရပ်ကို လန်ဒန်မြို့၌ ကျင်းပသွားရန် စီစဉ်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံ တွင် ဆောင်ရွက် လျက်ရှိသည့် အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်များ အောင်မြင်မှုရရှိစေရန် ဆုတောင်း ပါကြောင်း၊ လာမည့်နှစ်တွင် ဗြိတိန်နိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီး လာရောက်ရန် ဖိတ်ကြား ပါကြောင်း ပြောကြားသည်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က မြန်မာနိုင်ငံ၏ အသွင်ကူးပြောင်းရေး အောင်မြင် မှုရရှိစေရန် ဗြိတိန်နိုင်ငံမှ အစဉ်တစိုက်ကူညီအားပေးခဲ့မှုများ အတွက် များစွာကျေးဇူး တင်ရှိပါကြောင်း၊ ဗြိတိန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ လယ်ယာစိုက်ပျိုးရေးကဏ္ဍ၊ သစ်တောကဏ္ဍ၊ ပညာရေးနှင့်ကျန်းမာရေးကဏ္ဍ၊ လူ့စွမ်းအားအရင်း အမြစ်ဖွံ့ဖြိုး တိုးတက်ရေးကဏ္ဍများတွင် လိုအပ်သည့်အကူအညီများ ပေးအပ်သွားစေလိုပါကြောင်း၊ ဗြိတိန်အစိုးရ သစ်၏ အသွင်ကူးပြောင်းရေးကြိုးပမ်းမှုများ အောင်မြင်မှုရရှိစေရန် ဆုတောင်းပါကြောင်း   ပြောကြား ပြီး ဗြိတိန်ဝန်ကြီးချုပ်အား မြန်မာနိုင်ငံသို့လာရောက် လည်ပတ်ရန် ဖိတ်ကြားခဲ့သည်။  
မွန်းလွဲပိုင်းတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုး တိုးတက်ရေးဝန်ကြီးဌာန ၀န်ကြီး Ms. Priti Patel တို့သည် အဆိုပါဝန်ကြီးဌာန White Hall တွင်ရှိသည့် ၀န်ကြီး၏ဧည့်ခန်း၌ တွေ့ဆုံကြသည်။
တွေ့ဆုံစဉ် Ms. Priti Patel က မြန်မာနိုင်ငံ၏ လယ်ယာ စိုက်ပျိုးရေး၊ ပညာရေး၊ ငွေကြေး၊ ဆင်းရဲနွမ်းပါးမှုလျော့ချရေးကဏ္ဍများတွင် ဗြိတိန်နိုင်ငံအနေဖြင့် အကူအညီ များပေးအပ်လျက်ရှိပါကြောင်း၊ ဆက်လက်၍လည်း မြန်မာနိုင်ငံ ဘက်စုံဖွံ့ဖြိုးတိုးတက် ရေးအတွက် လိုအပ်မည့်ကဏ္ဍများတွင် အကူအညီများ ပေးအပ်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က မြန်မာနိုင်ငံတွင် ပညာရေး၊ ကျန်းမာရေး၊ အိမ်တွင်းသက်မွေးပညာရပ်၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေးကဏ္ဍများတွင် အကူအညီများ ပိုမို ပေးအပ်သွားစေလိုကြောင်း ပြောကြားခဲ့သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အဖွဲ့သည် ဒေသစံတော်ချိန် ညနေ ၅ နာရီ မိနစ် ၂၀ တွင် လန်ဒန်မြို့မှ ၀ါရှင်တန်မြို့သို့ လေကြောင်းခရီးဖြင့် ဆက်လက်ထွက်ခွာ သွားသည်။

No comments:

Post a Comment